Pages

Tuesday, December 22, 2015

၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေ ပြင်ဆင်ရေးနှင့် တပ်မတော်သား ၂၅ ရာခိုင်နှုန်း ထွက်သွားပေးရေး ဆန္ဒပြမှုကြောင့် ပုဒ်မ ၅၀၅ (ခ) ဖြင့် တရားစွဲခံရသည့် (တကသ) ကျောင်းသား ခေါင်းဆောင်များအမှု အစမှ ပြန်လည်စစ်ဆေးမည်


(တကသ )ကျောင်းသားခေါင်းဆောင် သုံးဦးကို ဒီဇင်ဘာ ၂၂ ရက်က ပန်းဘဲတန်းမြို့နယ် တရား၌ ရုံးထုတ်စဉ် (ဓာတ်ပုံ-အောင်ကျော်ထက်)
၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရေးနှင့် လွှတ်တော်အတွင်း တပ်မတော်သား ၂၅ ရာခိုင်နှုန်း ထွက်သွားပေးရေး ဆန္ဒပြ တောင်းဆိုမှုကြောင့် အင်းစိန်ထောင်အတွင်း ဖမ်းဆီးခံထားရပြီး မြို့နယ်တရားရုံးနှစ်ခု တွင် ပုဒ်မ-၅၀၅ (ခ) ဖြင့် တရားစွဲခံထားရသည့် တက္ကသိုလ်ကျောင်းသားများ သမဂ္ဂ (တကသ)  ကျောင်းသား ခေါင်းဆောင်များ၏ အမှုကို အစမှ ပြန်လည်စစ်ဆေးမည် ဖြစ်ကြောင်း ၎င်းတို့၏ အကျိုးဆောင် ရှေ့နေများထံမှ သိရသည်။
ဒီဇင်ဘာ ၂၂ ရက်ရုံးချိန်းတွင် ဖမ်းဆီးခံ ထားရသည့် တက္ကသိုလ်ကျောင်းသားများ သမဂ္ဂ (တကသ) ခေါင်းဆောင် ဇေယျာလွင်၊ ကိုပိုင်ရဲသူနှင့် ကိုနန်းလင်းတို့အား ကျောက်တံတားမြို့နယ်အတွင်း ဆန္ဒပြခဲ့မှုဖြင့် ပန်းဘဲတန်းမြို့နယ် တရားရုံး၌ ဆက်လက်ရုံးထုတ်ခဲ့ပြီး တရားသူကြီး အပြောင်းအလဲရှိသောကြောင့် အမှုအား မစစ်ဆေးဖြစ်ခဲ့ကြောင်း သိရသည်။
တရားစွဲဆိုခံထားရသော (တကသ) ကျောင်းသား ခေါင်းဆောင်များအနက် တရားခံပြေးအဖြစ် ကြေညာခံထားရသည့် ကိုနန်းလင်းအား ပြီးခဲ့သည့်ဒီဇင်ဘာ ၁၅ ရက်တွင် ရန်ကုန်မြို့ ဗဟာဗန္ဓုလပန်းခြံအနီး၌ ရဲတပ်ဖွဲ့ကဖမ်းမိ၍ တရားရုံးသို့ ပို့ဆောင်ခဲ့သဖြင့် မြို့နယ်တရားရုံးတွင် စစ်ဆေးနေသည့် ၎င်းတို့၏အမှုကို အစမှပြန်လည် စစ်ဆေးရမည် ဖြစ်ကြောင်းသိရသည်။
“ဒီနေ့ရုံးချိန်းက တရားသူကြီး အပြောင်းအလဲရှိတဲ့ အတွက်ကြောင့် မစစ်ဆေးဖြစ်ခဲ့ပါဘူး။ အခု တရားခံပြေးအဖြစ် ကြေညာခံထားရတဲ့ ကိုနန်းလင်းကို ဖမ်းမိဖြစ်တဲ့အတွက် အရင်စစ်ဆေးနေတဲ့အမှုကို အစကပြန်စစ်ဆေးရမှာ ဖြစ်ပါတယ်။ ဘယ်လိုစစ်ဆေးမယ် ဆိုတာကိုတော့ နှစ်ဖက်ရှေ့နေ တရားသူကြီးနဲ့ ဆွေးနွေးပြီး ဆက်လက်လုပ်ဆောင်ရမှာပါ” ဟု တရားစွဲခံထားရသည့် ကျောင်းသားများ၏ ရှေ့နေဖြစ်သူ တရားလွှတ်တော်ရှေ့နေ ဦးကျော်ဟိုးက ဒီဇင်ဘာ၂၂ ရက်တွင် ပြောကြားခဲ့သည်။
(တကသ) ကျောင်းသားခေါင်းဆောင် ကိုဇေယျာလွင်၊ ကိုနန်းလင်း၊ ကိုပိုင်ရဲသူတို့ အပါအ၀င် အဖွဲ့ဝင်ကျောင်းသား အချို့နှင့် ပြည်သူများ ပူးပေါင်း၍ ပြီးခဲ့သည့် ဇွန် ၃၀ ရက်က ပန်းဘဲတန်းမြို့နယ် သိမ်ကြီးဈေးရှေ့မှ စတင်ကာ ကျောက်တံတားမြို့နယ် မြို့တော်ခန်းမရှေ့အထိ ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေ ပြင်ဆင်ရေးနှင့် လွှတ်တော်အတွင်းရှိ တပ်မတော်သား ၂၅ ရာခိုင်နှုန်း ထွက်သွားပေးရေးအတွက် လမ်းလျှောက်ဆန္ဒ ပြခဲ့ကြောင်း သိရသည်။
ထိုသို့ဆန္ဒပြမှုဖြင့် တက္ကသိုလ် ကျောင်းသားများသမဂ္ဂ (တကသ) အဖွဲ့ဝင် ကိုဇေယျာလွင်၊ ကိုနန်းလင်း၊ ကိုပိုင်ရဲသူတို့ကို ပုဒ်မ-၁၈၊ ပုဒ်မ-၅၀၅ (ခ) တို့ဖြင့် ပန်းဘဲတန်းမြို့နယ် တရားရုံးနှင့် ကျောက်တံတားမြို့နယ် တရားရုံးတို့၌ တရားစွဲဆိုထားခြင်းဖြစ်ပြီး လက်ရှိအချိန်တွင် အမှုအား ပန်းဘဲတန်းမြို့နယ် တရားရုံးတွင်သာ စစ်ဆေးလျက် ရှိကြောင်း သိရသည်။

Writer: 
ဝေလင်းအောင်၊ ပြည့်ဖြိုးအောင်EMG