Pages

Tuesday, December 15, 2015

လူငယ်များ မူးယစ်ဆေးဝါး သုံးစွဲသည့်နေရာဟု ယူဆသည့် ဘုရားဝင်းကို ရေးမြို့ခံတချို့ ရှင်းလင်း


ဘုရားဝင်းအား ဒေသခံများ ရှင်းလင်းနေစဉ်
ဓာတ်ပုံ - ၀င်းနိုင်သက် / Dawei Watch
|Dawei Watch| ရေး၊ ဒီဇင်ဘာ ၁၅
ရေးမြို့၊ သီရိခေမာရပ်ကွက်အတွင်းရှိ သစ်စေးကုန်းဘုရားဝင်းအတွင်း လူငယ်လူရွယ်များ မူးယစ်ဆေးဝါးသုံးစွဲမှုအပြင် ဘုရားဝင်း နှင့် မအပ်စပ်သည့် အခြားအမှုများကို  ပြုလုပ်နေသည်ကို တွေ့ရသည့်အတွက် ယင်းနေရာအား ဒေသခံတချို့က ဒီဇင်ဘာ ၁၂ ရက်မှ စပြီး ရှင်းလင်းနေကြောင်း ရှင်းလင်းရာတွင် ပါဝင်သည့် ဒေသခံတချို့ထံမှ သိရသည်။
အဆိုပါဘုရားဝင်းအတွင်း လူငယ်များအနေဖြင့် စိတ်ကြွဆေးသုံးစွဲခြင်း၊ စုံတွဲချိန်းခြင်းနှင့် အရက်သေစာ သောက်စားခြင်း စသည်တို့ ပြုလုပ်နေသည်ကို တွေ့ရကြောင်း အထက်ပါ ဒေသခံများက ပြောသည်။
ရေးမြို့လယ်ခေါင်မှ ၁၀ မိနစ်ခန့်သာ လမ်းလျှောက်ရသည့်  ယင်းနေရာတွင် အဆိုပါ အမှုများကို နေ့ရော ညပါ ပြုလုပ်ကြောင်း ၎င်းတို့က ပြောသည်။
“ ဘုရားကို မထင်မှတ်ပဲရောက်သွားတော့ ဘုရားဝင်းထဲမှာ အရက်ပုလင်းခွဲတွေ၊ ကွန်ဒုံးတွေ၊ စိတ်ကြွဆေး သုံးရာမှာသုံးတဲ့အရာ တွေကို တွေ့ရတယ်၊ အခု လူငယ်တွေနဲ့ နေ့စဉ်ညနေတိုင်း ရှင်းလင်းနေတယ်”ဟု ရှင်းလင်းရာတွင် ပါဝင်သူ ရေးမြို့ခံ ကိုမင်းမင်းက ပြောသည်။
မိဘများအနေဖြင့်လည်း အထက်ပါဖြစ်ရပ်များအတွက် ၀ိုင်းဝန်းထိန်းသိမ်းရန် လိုအပ်နေပြီး အဆိုပါဘုရားဝင်း အတွင်းသို့ ကျောင်းသား အရွယ်ကလေးငယ်များလည်း လာရောက်လျက်ရှိနေကြောင်း စောင့်ကြည့်ရာတွင် ပါဝင်သူ ဦးမြင့်ဦးက ပြောသည်။
“အဲဒီနေရာက မှောင်လဲမှောင်နေတော့ ကြာလာရင် ဒုစရိုက်မှုတွေ ဖြစ်လာနိုင်ပါတယ်။ လက်ရှိမြင်နေရတဲ့ ဆေးသုံးတဲ့နေရာမှာ သုံးတဲ့အရာတွေ၊ အရက်ပုလင်းတွေ၊ ကွန်ဒုံးတွေက သက်သေပဲ၊ ကျောင်းစာအုပ်ကိုလဲ တွေ့ခဲ့ရသေးတယ်။ အားလုံး ပူးပေါင်း ပါဝင် ရှင်းလင်းပေးဖို့ လိုနေပြီ”ဟု သီရိမာလာရပ်ကွက်နေ ဦးမြင့်ဦးက ပြောသည်။
လက်ရှိတွင် မြို့ခံတချို့က ညပိုင်းတွင် စောင့်ကြည့်လျက်ရှီပြီး လက်ရှိစောင့်ကြည့်မှုများအရ လူငယ် လူရွယ်များသာ အလာများ နေပြီး စောင့်ကြည့်နေမှုများကြောင့် လှည့်ပြန်သွားကြသည်ဟု စောင့်ကြည့်ရာတွင် ပါဝင်သူများက ပြောပြသည်။
အဆိုပါ ကိစ္စနှင့် ပတ်သက်ပြီး မည်သို့ ဆောင်ရွက်ရန် ရှိသည်ကို သီရီ ခေမာ ရပ်ကွက် အုပ်ချုပ်ရေးမှူး ဦးလေးမြင့်အား ဆက်သွယ်မေးမြန်းရာ ရပ်ရွာအရေးဖြစ်သည့်အတွက် အကူအညီပေးရန် အသင့်ရှိပြီး လက်ရှိအချိန်အထိ မည်သူမှ လာရောက် အကူအညီ တောင်းခံခြင်း မရှိသေးကြောင်း ပြန်လည် ဖြေကြားသည်။