Pages

Sunday, December 20, 2015

ညောင်တုန်းမြို့ သဘာဝရေဘေးအန္တရာယ် ကြုံတွေ့ရစဉ်က တိုင်းဒေသကြီး ကြက်ခြေနီအသင်းထံ စင်ကာပူနိုင်ငံမှ လာရောက်လှူဒါန်းခဲ့သည့် အလှူငွေများ ယနေ့အထိ မရရှိသေးဟု ဆို



ညောင်တုန်းမြို့ သဘာဝရေဘေးအန္တရာယ် ကြုံတွေ့ခဲ့ရစဉ်က စင်ကာပူနိုင်ငံ ကြက်ခြေနီအသင်းမှ ညောင်တုန်းမြို့တွင် သဘာဝဘေးအန္တရာယ်ကာကွယ်ရေးများ၌ အသုံးပြုရန်ဟုဆိုကာ လာရောက်လှူဒါန်းခဲ့သည့် ကျပ်သိန်းနှစ်ရာကို ဧရာဝတီတိုင်းဒေသကြီး ကြက်ခြေနီအသင်းထံမှ ယနေ့အချိန်ထိ မရရှိသေးကြောင်း သဘာဝဘေးအန္တရာယ်တားဆီးကာကွယ်ရေးကော်မတီထံမှ သတင်းရရှိသည်။
 
စင်ကာပူနိုင်ငံ ကြက်ခြေနီအသင်းမှ ညောင်တုန်းမြို့တွင် သဘာဝဘေးအန္တရာယ် ကာကွယ်ရေးများ၌ အသုံးပြုရန်ဟုဆိုကာ ကျပ်သိန်းနှစ်ရာအား လာရောက်လှူဒါန်းခဲ့ကြောင်း၊ အသင်းဖွဲ့စည်းပုံအရ ယင်းအလှူ ငွေများကို တိုင်းကျန်းမာရေးဌာနမှ ထိန်းသိမ်းထားရှိကြောင်း၊ အလှူငွေများကို မြို့နယ် သဘာဝဘေးအန္တရာယ် တားဆီးကာကွယ်ရေးကော်မတီမှ ကြိုတင်ထုတ်ယူခြင်းမပြုခဲ့ဘဲ ရေဘေးသင့်ပြည်သူများ လိုအပ်သည့် ပစ္စည်းကိရိယာများ၊ အသုံးအဆောင်များကို အကြွေးစနစ်ဖြင့် ၀ယ်ယူခဲ့ကြောင်း၊ ၀ယ်ယူခဲ့သည့် ပစ္စည်းများ အသုံးအဆောင်များကို ငွေကြေးပြန်လည်ရှင်းလင်းပေးရန် အသုံးပြုငွေ ဘောက်ချာများနှင့်တကွ အလှူငွေများကို တိုင်းကျန်းမာရေးဦးစီးမှူးထံသို့ တောင်းခံရာတွင် ဘောက်ချာများ တင်ပြပုံ လိုအပ်ချက်များရှိသည်ဟု ဆိုကာ ယနေ့ချိန်ထိ အလှူငွေများကို လက်ဝယ်ပေးအပ်ခြင်း မရှိသေးကြောင်း သိရသည်။
 
“လာလှူတာက စင်ကာပူနိုင်ငံက ကြက်ခြေနီအသင်းဆိုတော့ ဒီမှာက ကြက်ခြေနီအသင်းကို ကျန်းမာရေးဦးစီးမှူးတွေက တာဝန်ယူရတာလေ၊ အဲဒီအချိန်က လာလှူ တာ ဒေါ်လာနဲ့ပါ ကျွန်တော်တို့ကတော့ ဒေါ်လာဈေးလည်းမသိတော့ ဘယ်လောက်ရလဲဆိုတော့ မြန်မာငွေ သိန်းနှစ်ရာရတယ်လို့ ပြောတယ်၊ ဒါနဲ့ ကျွန်တော်တို့လည်း အလှူငွေရှိတာပဲဆိုပြီး ရေဘေးသင့်သူတွေအတွက် လိုအပ်တာတွေကို အကြွေးနဲ့ ယူပြီးတော့ လှူဒါန်းထောက်ပံ့ပေးခဲ့တယ်။ အခုကိစ္စတွေပြီးသွားတော့ အကြွေးတွေတောင်းတာပေါ့ ဒါကြောင့် ကျွန်တော်တို့ ကော်မတီကနေ ဘောက်ချာတွေကို စနစ်တကျပြုစုပြီးတော့ အလှူငွေတွေကို ပေးဖို့ တိုင်းကျန်းမာရေးမှာ သွားတောင်းတယ်။ ဒါပေမဲ့ ဘောက်ချာတင်ပြပုံက စနစ်မကျလို့ ဆိုပြီးတော့ မပေးဘူး၊ ဒါကို ကျွန်တော်တို့ကော်မတီက အစည်းအဝေးထပ်ထိုင်ပြီးတော့ စနစ်တကျ ထပ်လုပ်တယ်။ ပြီးတော့ မြို့နယ်ကြက်ခြေနီအသင်းမှာဆို မြို့နယ်ကျန်းမာရေးဦးစီးက တာဝန်ရှိတာဆိုတော့ သူကနေတစ်ဆင့်ပဲ တောင်းခိုင်းထားတယ်။ အလှူငွေတွေကတော့ အခုထိ မရသေးဘူး၊ ပစ္စည်းဖိုး အကြွေးတွေလည်း မရှင်းရသေးဘူးပေါ့” ဟု ညောင်တုန်းမြို့ သဘာဝဘေးအန္တရာယ် တားဆီးကာကွယ်ရေး ကော်မတီခေါင်းဆောင်ပိုင်းမှ တာဝန်ရှိသူတစ်ဦးက ဆိုသည်။
 
ညောင်တုန်းမြို့သည် ဧရာဝတီတိုင်းဒေသကြီးအတွင်း ရေကြီးနစ်မြုပ်မှု ကြုံတွေ့ခဲ့ရစဉ်က တစ်မြို့တည်း လိမ္မော်ရောင်အဆင့်ထိ ကြေညာချက် ထုတ်ပြန်ခဲ့ရသောမြို့တစ်ခုဖြစ်ပြီး၊ မြို့နယ်ဧရိယာအတွင်း ရေဘေးကြောင့် ဆုံးရှုံးမှုများ နည်းပါးခဲ့သော်လည်း တာအပြင်ဒေသများတွင် ရေဘေးအန္တရာယ်ကို ဆိုးရွားစွာ ကြုံတွေ့ခဲ့ရသော မြို့တစ်ခုဖြစ်သည်။
                                      
Writer: 
မင်းသူဝင်းထွဋ် EMG