Pages

Saturday, December 5, 2015

ဒေသခံများ ပါဝင်ခွင့် မရသည့် EIA ရလဒ်ကို ကလုံးထာဒေသခံများ လက်မခံ



|Dawei Watch| ထားဝယ်၊ ဒီဇင်ဘာ ၅
ထားဝယ်အထူးစီးပွားရေးဇုန်စီမံကိန်း၏ ဆက်စပ်စီမံကိန်းတစ်ခုဖြစ်သည့် နှစ်လမ်းသွား မော်တော်ကားလမ်းမ စီမံကိန်းကြောင့် ထိခိုက် နစ်နာမည့် ကျေးရွာများအနက် တစ်ရွာဖြစ်သည့် ကလုံးထားကျေးရွာက ယင်းလမ်းနှင့် ပတ်သက်သည့် သဘာဝ ပတ်ဝန်းကျင် ထိခိုက်မှုဆိုင်ရာ ထိခိုက်နစ်နာနိုင်ခြေစစ်တမ်း(EIA) ပြုလုပ်ရာတွင် ဒေသခံများ ပါဝင်ခွင့် မရသည့်အတွက် လက်ရှိပြီးစီးနေသည့် အဆင့်အထိ EIA ရလဒ်အား လက်မခံနိုင်ဟု ကလုံးထာ ရွာသူ/သားများက ပြောသည်။
ယင်းနှစ်လမ်းသွားလမ်းမ စီမံကိန်းသည်  ၁၃၈ကီလိုမီတာ အရှည်ရှိပြီး ထားဝယ်-ထိုင်း ယခင်လမ်းဟောင်း ၁၈ကီလိုမီတာ နေရာတွင် စပြီး မြန်မာ-ထိုင်းနယ်စပ် ထီးခီးကျေးရွာရှိ ယခင်လမ်းဟောင်း ၁၅၆ကီလိုမီတာ နေရာအထိ အဆင့်မြင့်တင် ဖောက်လုပ်မည့် စီမံကိန်းတစ်ခုဖြစ်သည် ဟု သိရသည်။
တချို့နေရာများတွင် ယခင်ဖောက်ထားသည့် လမ်းအူကြောင်းနှင့် တူမည်ဖြစ်ပြီး တချို့နေရာများတွင် လမ်းကြောင်း ပြောင်းလဲကာ အသစ်ဖောက်မည်ဟု သိရသည်။
စီမံကိန်းမဖော်ဆောင်မီ TEAM Consulting Engineering and Management ကုမ္ပဏီ ပညာရှင်များနှင့်သာ ပတ်ဝန်းကျင် ထိခိုက်နိုင်ချေများကို လေ့လာဆန်းစစ်လျက်ရှိပြီး ဒေသခံများနှင့် ပူးပေါင်း မလုပ်သည့်အတွက် ဒီဇင်ဘာလ ၃ရက်က ကလုံးထာ ကျေးရွာမှ ဒေသခံ များနှင့် ယင်းကုမ္ပဏီမှ တာဝန်ရှိသူတို့ တွေ့ဆုံစဉ် ဒေသခံများက အထက်ပါအတိုင်း တုံ့ပြန်ပြောဆိုခဲ့ခြင်း ဖြစ်သည်။
"ဒေသခံတွေ မပါဘဲ လက်ရှိ လုပ်ထားတဲ့ EIA ရလဒ်ကို လက်မခံနိုင်ဘူး"ဟု ကလုံးထာကျေးရွာဖွံ့ဖြိုးရေးနှင့် အသိပညာ တိုးပွားရေးကို လုပ်ဆောင်လျက်ရှိသည့် ရွာသားတစ်ဦးဖြစ်သူ ကိုစုပိုင်ထွေးက ဆိုသည်။ 
EIA စစ်တမ်း ကောက်ယူအချိန်တွင် ရွာသားများနှင့်ညှိနှိုင်းပြီး လုပ်ဆောင်ရန်နှင့် လုပ်ငန်း မစတင်မီ နှစ်ပတ်ကြိုတင် အသိ ပေးရန်၊ EIA လုပ်ဆောင်ပြီး ရလဒ်များအား ရွာသားများကို ချပြရန် ပြီးခဲ့သည့် ဖေဖော်ဝါရီလက TEAM ကုမ္ပဏီနှင့် ဒေသခံတို့ တွေ့ဆုံအချိန်ပြောဆို ထားသော်လည်း ကုမ္ပဏီမှ လိုက်နာဆောင်ရွက်ခြင်းမရှိ ယင်းစီမံကိန်းကြောင့် သဘာဝ ပတ်ဝန်းကျင် ထိခိုက်မှုရှိလာမည်ကို စိုးရိမ်ကြောင်း ကလုံးထာကျေးရွာမှ ရပ်မိရပ်ဖ ဦးလှရွှေက ပြောသည်။
ယင်းလမ်း EIA နှင့် ပတ်သက်ပြီး လက်ရှိ ပြီးစီးနေသည့် အဆင့်အထိ နေပြည်တော်သို့ တင်ပြထားပြီး ယင်းနောက်တွင် ဒေသခံ များအား ချပြမည်ဖြစ်ကာ နောက်ပိုင်း အဆင့်များတွင် ဒေသခံများနှင့် ပူးပေါင်း လုပ်ကိုင်သွားမည်ဟု TEAM Consulting Engineering and Management ကုမ္ပဏီက  သဘာဝပတ်ဝန်း ကျင်ပညာရှင် အမျိုးသမီး Yongyut Khonchantetက ပြောသည်။
ဒေသခံများက လက်ရှိ ပြီးနေသည့် ဒေသခံများ မပါဘဲလုပ်ထားသည့် အဆင့်များကို ဒေသခံများ ပူးပေါင်းမှုဖြင့် အစက ပြန်လုပ်ရန် ပြောသော်လည်း ကုမ္ပဏီဘက်ကမူ ယခင်ပြုလုပ်ပြီးဖြစ်သည့်အဆင့်များကို ပြန်လုပ်ရန် မဖြစ်နိုင်ကြောင်း ရှင်းပြသည်။
"ပြောသွားသလို လက်တွေ့ကျကျ ဖြစ်လာ မလားဆိုတာ စောင့်ကြည့်ရမယ်"ဟု ကိုစုပိုင်ထွေးက ဆိုသည်။
စီမံကိန်း လုပ်ဆောင်ပါက ကြိုတင်အသိပေးခြင်း၊ မှန်ကန်သော သတင်းအချက်အလက်များပေးခြင်း၊ ဒေသခံများ နှင့်ပူးပေါင်းကာ လုပ်ဆောင်ခြင်းတို့ကို EIAစစ်တမ်းကောက်ယူမည့် ကုမ္ပဏီက လုပ်ဆောင်ရန်လိုပြီး ဘက်လိုက်မှုမရှိဘဲ လုပ်ဆောင်ရန် လိုအပ် ကြောင်း ၄င်းက ထောက်ပြသည်။
ယင်းတွေ့ဆုံပွဲတွင် လက်ရှိ ပြုလုပ်ထားသည့်  ထားဝယ်အထူးစီးပွားရေးဇုန်စီမံကိန်း၏ လူမှုရေးနှင့် သဘာဝပတ်ဝန်းကျင် ထိခိုက်မှု စစ်တမ်းအား ကန့်ကွက်ကြောင်း အိတ်ဖွင့်စာကို TEAM  Consulting Engineering and Management ကုမ္ပဏီမှ တာဝန်ခံထံ ကလုံးထာ ရွာသူ/ရွာသားများက ပေးခဲ့ကြသည်။
အဆိုပါ လမ်းစီမံကိန်းကြောင့် ထိခိုက်နစ်နာမည့် ကျေးရွာ ၁၅ ရွာထက်မနည်းရှိပြီး ယင်းကျေးရွာများတွင် အထက်ပါ EIA နှင့် ပတ်သက်သည့် တွေ့ဆုံပွဲများကို ကုမ္ပဏီက ပြုလုပ်လျက်ရှိသည်ဟု သိရသည်။
Dawei Watch