ရန်ကုန်မြို့တွင် မတ်လ ၅
ရက် ညနေပိုင်းက ကျင်းပသော သပိတ်မှောက် ကျောင်းသားထုကို ထောက်ခံအားပေးသော
ဆန္ဒပြပွဲတွင် ရန်ကုန်တိုင်းဒေသကြီး ရဲတပ်ဖွဲ့နှင့် တာဝန်ဟု ရေးထားသော
လက်ပတ်အနီဝတ် အရပ်ဝတ်တို့က ဆန္ဒပြကျောင်းသား၊ ကျောင်းသူငါးဦးနှင့် ၈၈
မျိုးဆက် ပွင့်လင်းလူ့အဖွဲ့အစည်းမှ အဖွဲ့ဝင်သုံးဦးကို အဓမ္မ
ဖမ်းဆီးခေါ်ဆောင်ခဲ့သည်။ ယင်းဖြစ်စဉ်နှင့် ပတ်သက်၍ လွှတ်တော်၊
ကျောင်းသားသမဂ္ဂနှင့် အရပ်ဘက်အဖွဲ့အစည်းတို့၏ သုံးသပ်ချက်အမြင်များကို
စုစည်းဖော်ပြလိုက်ပါသည်။
(နိုင်ငံတော်သမ္မတ၏ ပြောရေးဆိုခွင့်ရှိသူ ဦးရဲထွဋ်ကို ဆက်သွယ်မေးမြန်းသော်လည်း ဖုန်းဆက်၍ မရသဖြင့် မေးမြန်းမရပါ။)
ဒေါက်တာအေးမောင် (ရခိုင်အမျိုးသားပါတီ ဥက္ကဋ္ဌ)

“အတိုဆုံး
ပြောရရင်တော့ဗျာ ဟိုခေတ်က အကျင့်ဆိုးတွေ၊ အကျင့်စရိုက်ဆိုးတွေကို
ပြန်မပေါ်စေချင်တော့ဘူး၊ ပြီးခဲ့တဲ့ ခေတ်စနစ်တွေကို ပြန်အမှတ်မရအောင်
အဲဒီခေတ်က အကျင့်ဆိုးတွေကို ဖျောက်စေချင်တယ်၊ အဲလိုမျိုးသာ သံသရာလည်နေရင်
ဘယ်တော့မှ ပြီးမှာမဟုတ်ဘူး၊ အဲဒါကြောင့် အဲဒီခေတ်စနစ်က အကျင့်ဆိုးတွေကို
လက်ရှိအစိုးရက ဖျောက်ဖို့လိုတယ်၊ (သပိတ်ဖြိုခွင်းမှုမှာ အရပ်ဝတ်တွေ
ပါဝင်နေမှုအပေါ်) ခင်ဗျား ဘယ်ဘက်ကမှန်းတော့ မသိဘူး၊ ဒါပေမဲ့ ကျွန်တော်ပြောတာက
အရပ်ဝတ်လိုက်ရင်၊ ယူနီဖောင်းချွတ်လိုက်ရင် ဘယ်သူမှ မသိဘူးလေ၊
စွမ်းအားရှင်ဆိုတာ ကျွန်ုပ် စွမ်းအားရှင် မောင်ဖြူပါလို့ ခင်ဗျား Identity
ကတ်ပေးထားလို့လား၊ အဲဒါပဲ၊ အသွင်ပြောင်းပြီးတော့မှ အဲဒါမျိုး
မဖြစ်စေချင်ဘူး၊ ကျွန်တော်ပြောတာ သဘောပေါက်လား၊ အရင်တုန်းက အကျင့်ဆိုးတွေ၊
ဗိုလ်ချုပ်အောင်ဆန်း စကားနဲ့ ပြောရင် သောက်ကျင့်ဆိုးတွေ၊
ဒီသောက်ကျင့်တွေကို ဖျောက်သင့်ပြီ၊ (ဒီလိုပုံစံမျိုး ဆက်သွားနေရင်)
မကောင်းဘူးပေါ့၊ ဒီအဆိုးတွေ တကျော့ပြန်လည်မှာပေါ့၊ တိုင်းပြည်အတွက်
မကောင်းဘူး၊ အဲဒါကြောင့် တာဝန်ရှိတာက အစိုးရမှာ တာဝန်ရှိတယ်၊ အစိုးရက
ဖြေရှင်းပေးရမှာပေါ့၊ အပေးအယူ လုပ်ရမှာပေါ့၊ ဥပဒေအရ တည့်မတ်ပေးရမှာပေါ့၊
အရင်တုန်းကလို
စွမ်းအားရှင်လိုလို၊ ဘာလိုလိုနဲ့ ယူနီဖောင်းကိုချွတ်ပြီး ထားတာမျိုး
မဖြစ်သင့်ပါဘူးဗျ၊ ဘယ်သူမှန်းမှ မသိတာ၊ ဒီသဘောမဖြစ်ဖို့ လိုတယ်”
ဦးဖုန်းမြင့်အောင် (အမျိုးသားလွှတ်တော် ကိုယ်စားလှယ်)

“အဓိကက
ပြည်ထဲရေးက လုပ်တာကိုး၊ ပြည်ထဲရေးကတော့ သူလိုတဲ့သူ ယူနီဖောင်းဝတ်
ဖြစ်ချင်ဖြစ်မယ်၊ အရပ်ဝတ် ဖြစ်ချင်ဖြစ်မယ်၊ အားလုံးက သူ တာဝန်ခံပြီး
လုပ်သွားတာပဲလေ။ လိုအပ်ချက်တွေ၊ အားနည်းချက်၊ ချို့ယွင်းချက်တွေ
ရှိလို့ရှိရင်လည်း သူတို့တွေနဲ့ မဆိုင်ဘူး။ ဆိုင်ရင် ပြည်ထဲရေးနဲ့ပဲ
ဆိုင်ပါတယ်။
(အကြမ်းဖက် ဖြိုခွင်းမှုတွေ စိတ်လာတဲ့အပေါ်) တစ်ခုတော့ နားလည်မှု လွဲတာပါ၊ ပြည်ထဲရေးက သမ္မတ ဦးသိန်းစိန်ခန့်တာ မဟုတ်ဘူး၊
ပြည်ထဲရေးက ကာကွယ်ရေးဦးစီးချုပ်က ခန့်တာ။ အဲဒီတော့ သမ္မတကို
တာဝန်ခံရပေမယ့် တကယ်တမ်းတော့ ဒီပြည်ထဲရေးနဲ့ ပတ်သက်လို့ တာဝန်ခံတာက
လက်နက်ကိုင်အဖွဲ့တွေက ကာကွယ်ရေးဦးစီးချုပ်က Main (အဓိက) ပဲလေ။ အဲဒီတော့
ဒီအင်အားနဲ့ ပတ်သက်တဲ့အခါကျတော့ အင်အားမရှိတဲ့သူနဲ့ အင်အားရှိတဲ့သူမှာတော့
အပျော့နဲ့အမာမှာတော့ အပျော့ကတော့ ထိတာပေါ့ကွာ။
အဲဒါတွေကလည်း မြန်မာ့သမိုင်းမှာ အပ်ကြောင်းတွေက ထပ်နေပြီ။
ဒီအပျော့နဲ့အမာမှာ
အပျော့တွေ ထိခိုက်ရတာတွေ၊ ကြေကွဲရတာတွေ၊ တို့လည်း မျက်ရည်တွေက
ခန်းနေပြီပေါ့နော်။ အဲဒီတော့ တချို့နေရာတွေမှာ အင်အားသုံးမယ် ဆိုရင်တော့
ဒါကတော့ ခံရမယ့်ဟာ၊ ဝမ်းနည်းစရာတွေ ဖြစ်တော့မယ်၊ ကြေကွဲစရာတွေ
ဖြစ်တော့မယ်ဆိုတာ တို့က ကြိုတင်စဉ်းစားပြီးသားပဲ။ ဒါတွေက မြန်မာ့သမိုင်းရဲ့
အစဉ်အလာတွေပဲလေ”
ဦးကိုကိုကြီး (၈၈ မျိုးဆက်ကျောင်းသား)

“ဒီနေ့ဖြစ်စဉ်မှာ ငြိမ်းချမ်းစွာ ဆန္ဒဖော်ထုတ်တာ ဖြစ်ပါတယ်။
ဖြေရှင်းတဲ့နေရာမှာ အရင်က စွမ်းအားရှင်တွေနဲ့ ဖြေရှင်းတဲ့ပုံစံမျိုး၊
တာဝန်ရှိသူ မဟုတ်ဘဲနဲ့ တာဝန်လက်ပတ်တွေ ပတ်ပြီး အကြမ်းဖက်တဲ့ပုံစံကို
ကျွန်တော်တို့ လက်မခံပါဘူး၊ အရင်က စစ်အစိုးရလက်ထက်က စွမ်းအားရှင်တွေ
သုံးပြီးတော့ လုပ်တဲ့ပုံစံမျိုးကို ဘယ်သူက ဦးဆောင်ပြီးတော့ တာဝန်ပေးသလဲ။
ဖြေရှင်းပုံနည်းလမ်းက ခေတ်အဆက်ဆက်က မတရားလုပ်ခဲ့တဲ့ နည်းလမ်းတွေ ရှိနေသမျှ
ဆန္ဒထုတ်ဖော်သူတွေ အကြမ်းဖက် ဖြိုခွဲခံနေရမှာပဲ၊ တာဝန်ရှိတဲ့အစိုးရ
ဝန်ထမ်းအဖွဲ့အစည်းက ဖြေရှင်းတာ မဟုတ်ဘဲနဲ့ ပြည်သူချင်း အိုးမဲသုတ်ပြီး
အရင်စွမ်းအားရှင်တွေလို လုပ်ခိုင်းတဲ့ လုပ်ရပ်ကို နောက်နောင်
မကျူးလွန်အောင်လည်း ကျွန်တော်တို့ ဟန့်တားရပါလိမ့်မယ်၊
ဒါကြောင့်
အခုဆောင်ရွက်မှုနဲ့ ပတ်သက်ပြီး ဖော်ထုတ်အရေးယူပါ၊ ဖမ်းဆီးထားတဲ့ လူတွေကို
အမြန်ဆုံးလွှတ်ပေးပါ၊ ရန်ကုန်တိုင်းဒေသကြီး အတွင်းမှာ ဖြစ်ခဲ့တဲ့အတွက်
ရန်ကုန်တိုင်းဒေသကြီး အစိုးရ အဓိက တာဝန်ခံပြီး ဖြေရှင်းပေးရပါမယ်”
ဒေါ်နန်းခင်ထွေးမြင့် (NLD ပြောရေးဆိုခွင့် တာဝန်ရှိသူ)
“အဲဒီလိုမျိုး အကြမ်းဖက်တာတွေမျိုးက ဖြစ်လာမယ်လို့ နဂိုကတည်းက
ထင်နေတယ်။ ဖြစ်တာတော့ မဖြစ်စေချင်ဘူး။ အမှန်ကတော့ အေးအေးချမ်းချမ်းနဲ့
ပြီးစေချင်တဲ့ဆန္ဒ အန်တီတို့မှာ နဂိုကတည်းက ရှိတယ်။ ဒီလိုမျိုးတော့
တစ်နေ့ဖြစ်လာတော့မယ်လို့ စိတ်ထဲက ဖြစ်တယ်။ ဒီလိုဖြစ်လာတဲ့ အခါကျတော့
ခံရတော့ တကယ်ကျောင်းသားအစစ်အမှန်တွေ ခံရတယ်ပေါ့ကွယ်။ ဒီလောက်ပဲ
အန်တီပြောချင်တယ်။ အန်တီတို့က ပြောတယ်ဖြစ်ဦးမယ်။
၂၀၁၅ နီးလာတော့
နည်းမျိုးစုံနဲ့ လမ်းတွေထဲမှာ ဒီလမ်းတွေလည်း ပါတယ် ဖြစ်မှာပေါ့၊ ပါမှာပေါ့။
အခုချိန်မှာ အန်တီ သိပ်ပြီးတော့ မပြောချင်တော့ဘူး။
အခု
အန်တီပြောလိုက်တာ အန်တီ့သဘောထားနော်။ အန်တီက ပြောရေးဆိုခွင့်ရှိသူ
တစ်ယောက်အနေနဲ့ ပြောမယ်ဆိုလို့ရှိရင် စီအီးစီရဲ့ ဆုံးဖြတ်ချက်ချပြီးမှ
အန်တီက ပြောလို့ရမယ်”
ကိုကျော်ကိုကို (ဗကသအဖွဲ့ချုပ် ဥက္ကဋ္ဌ)

“ကျောင်းသားတွေကို
ရဲတွေတင်မကဘဲနဲ့ စွမ်းအားရှင်လို့ ယူဆရတဲ့ လူတွေကပါ ရိုက်နှက် အကြမ်းဖက်
ဖမ်းဆီးနေတာကို တွေ့ရတဲ့အခါ ကျွန်တော်တို့အနေနဲ့ ဒီလုပ်ရပ်ကို
ကန့်ကွက်ရှုတ်ချရပါလိမ့်မယ်။ ဘာလို့လဲဆိုတော့ ရိုက်နှက်ဖမ်းဆီးခံရတဲ့
ကျောင်းသားရဲဘော်တွေက ညီနောင်တွေပါပဲ။ သွေးသောက်တွေပါပဲ။ ကျွန်တော်တို့နဲ့
တစ်သားတည်းပါပဲ။ သူတို့က ကျွန်တော်တို့ ပိတ်ဆို့တားဆီးခံရတဲ့ အပေါ်မှာ
တစ်သဘောတည်းမို့လို့ ထောက်ခံဆန္ဒပြပွဲတွေ လုပ်ပေးနေတယ်။ အဲဒီလို
အခြေအနေမျိုးမှာ ခုလိုမျိုး ရက်ရက်စက်စက် ရိုက်နှက်ဖမ်းဆီးတာ ဥပဒေနဲ့
ညီညွတ်တဲ့ လုပ်ရပ်လည်း မဟုတ်ဘူး။ ဒါဟာ ပြဿနာကို ဖြေရှင်းတဲ့ နည်းလမ်းလည်း
မဟုတ်ဘူး။ ပြဿနာကို ကြီးထွားသထက် ကြီးထွားလာအောင် လုပ်နေတဲ့ပုံစံမျိုး
ဖြစ်နေတယ်။
ဒီအစိုးရဟာ ပြဿနာကို အေးအေးဆေးဆေးဖြေရှင်းဖို့
စိတ်ကောင်းစေတနာ မပါဘူးဆိုတာ တွေ့ရတဲ့အပြင် အခုလို ဖမ်းဆီးခေါ်ဆောင်သွားတာ၊
ထောင်ချတာတွေ ဆက်တိုက်လုပ်တော့မယ်။ အဲဒီလိုလုပ်တော့ ကျွန်တော်တို့အနေနဲ့
ကန့်ကွက်ရလိမ့်မယ်။ တားဆီးရလိမ့်မယ်။ ခုလည်း အဲဒါကို လက်မခံဘူး ဆိုတာကို
ကန့်ကွက်မှု လုပ်ခဲ့တယ်။ ဆက်ပြီးတော့လည်း ဒီလူတွေ ချက်ချင်း
အမြန်လွတ်မြောက်ရေးအတွက် တောင်းဆိုသွားမယ်။
ကျွန်တော်တို့
ဒီမှာတောင်းဆိုတာ ရှိတယ်။ ကျွန်တော်တို့ ကျန်ခဲ့တဲ့ ရဲဘော်တွေအနေနဲ့
အမြို့မြို့ အနယ်နယ်မှာ တောင်းဆိုမှုတွေ လုပ်မယ်။ ...ပြီးတော့ လမ်းပေါ်ထွက်
ဆန္ဒပြတောင်းဆိုမှုတွေကလည်း ရှိနေဦးမှာပဲ။ ခုလောလောဆယ်မှာလည်း ကျွန်တော်တို့
လမ်းပေါ်မှာ ရှိနေတယ်။ သူတို့အတွက် ဆက်ပြီး တောင်းဆိုမှုတွေ လုပ်ဦးမှာပါ”
ဦးစိုးထွန်း (NNER အဖွဲ့ဝင်)

“အကြမ်းဖက်ပြီး
ဖြေရှင်းတဲ့ ကိစ္စကိုတော့ လုံးဝ လက်မခံဘူး။ အဲဒီလိုမျိုး မဖြစ်အောင် မနေ့က
NNER က ကြေညာချက်ထုတ်ပြီး အစိုးရကို တိုက်တွန်းထားတယ်။ လက်ပံတန်းမှာ
ပိတ်မိနေတဲ့ကိစ္စ အနေအထားကိုရော၊ ကျောင်းသားတွေ ငြိမ်းချမ်းစွာ ဆန္ဒပြတာကို
မှန်မှန်ကန်ကန်နဲ့ မဖြေရှင်းရင်တော့ ပြဿနာတွေ ပိုပိုပြီးဆိုးလာမယ့်
အနေအထားကို တွေ့နေရပြီ။ တစ်နိုင်ငံလုံး အနေအထားမှာလည်း ငြိမ်းချမ်းတဲ့
ဆန္ဒပြမှုတွေ ဖြစ်လာရပြီ။ ရန်ကုန်ကို မဝင်စေချင်လို့ ပုံစံမျိုးနဲ့ အစိုးရက
လုပ်နေပေမယ့်လည်း တရားမျှတမှုကို လိုလားတဲ့ ပြည်သူတွေက
ဝိုင်းဝန်းကြိုးပမ်းနေကြပြီ။ အဲဒီတော့ ဒါတွေကို ငြိမ်းငြိမ်းချမ်းချမ်းနဲ့
ဖြေရှင်းပါ။ မဖြေရှင်းနိုင်ရင် မလိုလားအပ်တဲ့ ပြဿနာတွေ တက်လာလိမ့်မယ်။
ဒါတွေကို
တွေ့ဆုံဖြေရှင်းနည်းနဲ့ မဟုတ်ဘဲ အရပ်ဝတ် စွမ်းအားရှင်တွေ အသုံးချပြီး
လုပ်နေတဲ့ကိစ္စက တရားဥပဒေ ဘောင်မဝင်ဘူး။ ရဲရဲ့တာဝန်က ပြည်သူကို
ကာကွယ်စောင့်ရှောက်ပေးရမှာ အခုက ကာကွယ်စောင့်ရှောက်တာ မဟုတ်ဘဲနဲ့
စွမ်းအားရှင်တွေခေါ်ပြီး အသုံးချနေတယ်။ ရိုက်နှက်ပြီး လုပ်နေတာကို
ကျွန်တော်တို့တွေ လက်မခံဘူး။ ဒါကဥပဒေမဲ့ လုပ်ရပ်။ အခုဆိုရင် EU က Crowd
Mangaement သင်တန်းတွေလည်း ပေးနေပြီ။ အဲဒီမှာဆို စည်းကမ်းတွေ စည်းမျဉ်းတွေ
ရှိတယ်။ အရပ်သားတွေ ငြိမ်းချမ်းစွာ ဆန္ဒပြနေတဲ့ လူအုပ်ကို အန္တရာယ်မရှိအောင်
လူစုခွဲမယ်ဆို ဘာလက်နက်မှ မသုံးရဘူး။ တုတ်မပြောနဲ့။ အခု လက်ပံတန်းမှာ
တွေ့ရတဲ့ ရေကားလိုအရာမျိုးဆို လက်ခံလို့မရတဲ့ အနေအထား။ သူက
လက်နက်တောင်ကိုင်လို့ မရဘူး။ လူအင်အားနဲ့ အသုံးပြုရမယ်။ လူအင်အားမှာလည်း
ရဲကပဲ တားရမယ်။ ယူနီဖောင်း ဝတ်ထားတဲ့ ရဲတွေက သူတို့
စည်းမျဉ်းစည်းကမ်းအတိုင်း တားရမယ်။ အခုဆို စွမ်းအားရှင် ထုတ်သုံးတယ်။
ရိုက်နှက်တာတွေလည်း တွေ့ရတယ်။ အဲဒီလိုမျိုးဖြစ်မှာစိုးလို့ ကျောင်းသားတွေ
ဒီလိုမဖြစ်အောင် ညှိနှိုင်းပွဲမှာတည်းက အားပေးထောက်ခံတဲ့သူတွေ ကူညီတဲ့သူတွေ
မဖမ်းပါဘူးလို့ ပြောခဲ့ပြီးသား။ အရေးမယူဘူး ဆိုတာကိုလည်း သဘောတူခဲ့ပြီးသား။
အခုကျတော့ လေးပွင့်ဆိုင် ကတိကဝတ်တွေကို ချိုးဖောက်တဲ့သဘော ဖြစ်နေတယ်။
ဒါက မလိုလားတဲ့ ပြဿနာတွေ ဖြစ်လာလိမ့်မယ်။ ဒီလိုကျောင်းသားတွေ
ပိတ်ဆို့တားဆီးနေတဲ့ ကိစ္စတွေကို ရပ်တန်းက ရပ်စေချင်ပြီ။
တွေ့ဆုံဆွေးနွေးပြီးတော့ အဖြေရှာတဲ့နည်းလမ်း လေးပွင့်ဆိုင်
တွေ့ဆုံပွဲကိုလည်း အရေးပေါ် လိုအပ်နေပြီ”။
The Voice