Pages

Saturday, July 11, 2015

ရခိုင်အမျိုးသားပါတီ ပြည်နယ်တခုလုံး ပြိုင်မည်


ပါတီတွင်း ပုဂ္ဂိုလ်ရေး ပြဿ     နာရှိနေပေမယ့် ရခိုင်အမျိုးသားပါတီအနေနဲ့ ပြည်နယ်တခုလုံးရှိ ကိုယ်စားလှယ်လောင်း နေရာအားလုံးမှာ ၀င်ရောက်ယှဉ်ပြိုင်သွားမယ်လို့ ပါတီဗဟိုကော်မတီ ၀င်တယောက်ဖြစ်တဲ့ မြေပုံအမတ် ဦးဖေသန်းက ပြောပါတယ်။
၁၉၉၀ ပြည့်နှစ် ရွေးကောက်ပွဲဝင် ရခိုင်အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် နဲ့ ၂၀၁၀ ရွေးကောက်ပွဲဝင် ရခိုင်တိုင်းရင်းသားများတိုးတက်ရေးပါတီ ၂ ပါတီပေါင်းထားတဲ့ ရခိုင်အမျိုးသားပါတီဟာ ပြည်နယ်အတွင်း အင်အားအကောင်းဆုံးပါတီဖြစ်ပြီး ဒီတကြိမ်ရွေးကောက်ပွဲမှာ ပြတ်ပြတ်သားသား အနိုင်ရအောင် ယှဉ်ပြိုင်သွားမယ်လို့လည်း ပြောပါတယ်။
ပြီးခဲ့တဲ့ ၂၀၁၀ အထွေထွေရွေးကောက်ပွဲမှာ အခြေအနေအရ ပြည်နယ်မြောက်ပိုင်းမှာပဲ ၀င်ရောက်ယှဉ်ပြိုင် အနိုင်ရခဲ့ပေမယ့် ၂၀၁၅ ရွေးကောက်ပွဲမှာတော့ တပြည်နယ်လုံးရှိ မဲဆန္ဒနယ် ၆၀ ကျော် ၀င်ရောက်ယှဉ်ပြိုင်မှာ ဖြစ်ပါတယ်။
သူတို့ပါတီရဲ့ အဓိကပြိုင်ဘက်ဟာ လက်ရှိ အာဏာရပြည်ခိုင်ဖြိုးပါတီ (ယူအက်စ်ဒီပီ) ဖြစ်လိမ့်မယ်လို့လည်း ဗဟိုကော်မတီဝင် ဦးဖေသန်းက ပြောပါတယ်။
“ဒီတကြိမ်လည်း ယူအက်စ်ဒီပီနဲ့ပဲ ပြိုင်ရမှာပါ၊ အန်အယ်လ်ဒီကတော့ ရခိုင်ပြည်နယ်အနေနဲ့ဆိုရင် တော်တော့်ကို အင်အားနည်းပါတယ်။ ဘဂါင်္လီနဲ့ဖြစ်တဲ့ အရေးအခင်းမှာ ဒေါ်အောင်ဆန်းစုကြည်ရဲ့ ပြောဆိုချက်တွေက နည်းနည်း ကျနော်တို့ ရခိုင်လူမျိုးတွေက မကြိုက်တဲ့အခါမှာ မြို့နယ်တိုင်းမှာ ဖွဲ့စည်းနိုင်တာ မရှိပါဘူး။ အဲ့ဒါကြောင့်မို့ ဒီတကြိမ် ပြိုင်ရမှာကတော့ ယူအက်စ်ဒီပီနဲ့ ကျနော်တို့အမျိုးသားပါတီပါပဲခင်ဗျ။”
ရခိုင်ပြည်နယ်ထဲမှာ လက်ရှိ ရခိုင်အမျိုးသားပါတီ၊ ရခိုင်အင်အားစုပါတီ၊ ဒီမိုကရေစီနဲ့ လူ့အခွင့်အရေးပါတီ၊ ကမန်အမျိုးသားတိုးတက်ရေးပါတီ၊ ပြည်ခိုင်ဖြိုးပါတီနဲ့ အန်အယ်လ်ဒီစတဲ့ ပါတီတို့ အခြေစိုက်စည်းရုံးလှုပ်ရှားနေကြပြီး ဒီပါတီတွေက ကိုယ်စားလှယ်တွေ ရွေးကောက်ပွဲ ၀င်ဖို့ ရှိပါတယ်။
ရခိုင်မှာ အစ္စလာမ်ဘာသာကိုးကွယ်တဲ့ လူမျိုးစုတွေကို ကိုယ်စားပြုဖွဲ့ထားတဲ့ ဒီမိုကရေစီနဲ့ လူ့အခွင့်အရေးပါတီ အတွင်းရေးမှူး ဦးကျော်စိုးအောင်က ရခိုင်ပြည်နယ်တွင်းရှိ မြို့နယ်အများစုအပါအ၀င် တနိုင်ငံလုံးမှာ ၄၅ နေရာလောက် ၀င်ပြိုင်ဖို့ ရှိတယ်လို့ ပြောပါတယ်။
“အထူးသဖြင့် ရခိုင်ပြည်နယ်မြောက်ပိုင်းနဲ့ အလယ်ပိုင်းဒေသတွေဖြစ်တဲ့ စစ်တွေ၊ ရသေ့တောင်၊ ဘူးသီးတောင်၊ မောင်တော၊ ပေါက်တော၊ ကျောက်တော်၊ မြောက်ဦးတို့မှာ ၀င်ပြိုင်မှာပါ။”
မြန်မာပြည်လွတ်လပ်ရေး မရခင်ကတည်းက ၂၀၁၀ အထိ  ရခိုင်မှာနေတဲ့ အစ္စလာမ်ဘာသာဝင်တွေ ရွေးချယ်ခံခွင့်ရှိပြီး မဲပေးခွင့်လည်း ရှိခဲ့ပါတယ်။ ၂၀၁၅ ရွေးကောက်ပွဲမှာ အလားတူ အခွင့်အရေး မရဘူးဆိုရင်တော့ သန့်ရှင်းလွတ်လပ်မျှတတဲ့ ရွေးကောက်ပွဲမဟုတ်ဘူးလို့ သတ်မျတ်ရမှာဖြစ်ကြောင်း ပြောပါတယ်။
ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က နိုဝင်ဘာ ၈ ရက်မှာ ရွေးကောက်ပွဲလုပ်ဖို့ ကြေညာထားပြီး ရွေးကောက်ပွဲဝင်မယ့် နိုင်ငံရေးပါတီတွေ ရွေးကောက်ပွဲဝင်ဖို့ စတင်ပြင်ဆင်နေကြပြီ ဖြစ်ပါတယ်။
DVB

ရွေးကောက်ပွဲ NLD ဝင်ပြိုင်မည်



 လာမယ့် နိုဝင်ဘာ ၈ ရက်မှာ ကျင်းပမယ့် (၂၀၁၅) ပါတီစုံ ဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲမှာ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်ဝင်ရောက်ယှဉ်ပြိုင်မှာ ဖြစ်တယ်လို့ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်က တရားဝင်ကြေညာလိုက်ပြီ ဖြစ်ပါတယ်။ ဒီကနေ့ နေပြည်တော်က NLD ဥက္ကဋ္ဌဒေါ်အောင်ဆန်းစုကြည် နေအိမ်မှာ ကျင်းပတဲ့ ဗဟိုအလုပ်အမှုဆောင် အစည်း အဝေးအပြီး ပါတီရဲ့ ဆုံးဖြတ်ချက်ကို အခုလိုကြေညာလိုက်တာပါ။ သမ္မတလောင်းရွေးချယ်မှု၊ ပါတီရဲ့ ဆုံးဖြတ်ချက် စတဲ့ သတင်းအသေးစိတ်ကို ကိုယ်တိုင်တက်ရောက်ခဲ့တဲ့ ဗဟိုအလုပ်အမှုဆောင်အဖွဲ့ဝင်ကို ဆက်သွယ် မေးမြန်းထားတဲ့ မဆုမွန်က တင်ပြပေးထားပါတယ်။

၂၀၁၅ ရွေးကောက်ပွဲကို လာမယ့်နိုဝင်ဘာ ၈ ရက်နေ့မှာ ကျင်းပမယ်လို့ ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်က ကြေညာပြီး နောက် ဒီကနေ့ ဇူလိုင်လ ၁၁ ရက်နေ့မှာ အတိုက်အခံနိုင်ငံရေး ပါတီကြီးဖြစ်တဲ့ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်အနေနဲ့ ၂၀၁၅ ရွေးကောက်ပွဲကို ဝင်ရောက် ယှဉ်ပြိုင်မှာဖြစ်တယ်လို့ တရားဝင်ကြေညာလိုက်ပါတယ်။ အဖွဲ့ချုပ်ရဲ့ မပြီးဆုံးသေးတဲ့ စစ်မှန်တဲ့ဒီမိုကရေစီရရှိရေး ဆက်လက် အကောင်အထည်ဖော်နိုင်ဖို့ NLD အနေနဲ့ ရွေးကောက်ပွဲဝင်ဖို့ အခုလို ဆုံးဖြတ်လိုက်တာဖြစ်တယ်လို့ ဗဟိုအလုပ်အမှုဆောင် ဒေါက်တာဇော်မြင့်မောင်ကပြောပါတယ်။

“ဘာကြောင့်ရွေးကောက်ပွဲဝင်သလဲဆိုရင် NLD ထောင်ကတည်းကိုက ကျနော်တို့ စစ်မှန်တဲ့ဒီမိုကရေစီနဲ့ ပြည့်ဝတဲ့လူ့အခွင့်အရေးတွေရဖို့ ဆောင်ရွက်မယ်ဆိုပြီးတော့ ကျနော်တို့ သံန္နိဌာန်ချထားတာလေ။ ၂၀၁၂ တုန်းကလည်း ဒီလိုပဲ ကြားဖြတ်ရွေးကောက်ပွဲဝင်ခဲ့တုန်းကလည်း ပြည်တွင်းငြိမ်းချမ်းရေး၊ တရားဥပဒေစိုးမိုးရေးနဲ့ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေပြင်ဆင်ရေးဆိုတာ ကြွေးကျော်ပြီးဝင်ခဲ့တာ။ ဒီဟာတွေကိုဆက်အကောင်အထည်ဖော်ဖို့ ရွေးကောက်ပွဲဝင်ဖို့ ကျနော်တို့ ဆုံးဖြတ်တာပါ။”

နေပြည်တော်က NLD ဥက္ကဋ္ဌဒေါ်အောင်ဆန်းစုကြည် နေအိမ်မှာ ဒီကနေ့ကျင်းပတဲ့ ဗဟိုအလုပ်အမှုဆောင် အစည်းအဝေးအတွင်း တက်ရောက်လာတဲ့ ဗဟိုအလုပ်အမှုဆောင် (၁၅) ဦးစလုံးက တညီတညွတ်တည်း ရွေးကောက်ပွဲဝင်ဖို့ ဆုံးဖြတ်လိုက်တာဖြစ်တယ်လို့ အစည်းအဝေးကို ကိုယ်တိုင်တက်ရောက်ခဲ့တဲ့ ဗဟိုအလုပ်အမှုဆောင် ကော်မတီဝင်လည်းဖြစ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်လည်းဖြစ်တဲ့ ဒေါက်တာဇော်မြင့်မောင်ကပြောပါတယ်။

“ကျနော်တို့အကုန်တက်ပါတယ်။ ဒီကနေ့ ပျက်ကွက်မရှိ ၁၅ ယောက်စလုံး အကုန်တက်တယ်။ consensus decision ပါ။”

ပါတီအောင်နိုင်ခဲ့ရင် သမ္မတလောင်းရွေးချယ်မှုမှာ ပြည်သူလက်ခံနိုင်တဲ့ သမ္မတလောင်း အရည်အချင်းနဲ့ ပြည့်မီတဲ့ သမ္မတလောင်းရွေးချယ်ဖို့ အသင့်ရှိတယ်ဆိုတာကိုလည်း NLD ဥက္ကဋ္ဌဒေါ်အောင်ဆန်းစုကြည်က ဒီနေ့ ဗဟို အလုပ်အမှုဆောင် အစည်းအဝေးအပြီး နေပြည်တော်နေအိမ်မှာပြုလုပ်တဲ့ သတင်းစာရှင်းလင်းပွဲမှာ ပြောဆိုလိုက်တဲ့ အကြောင်း ဒေါက်တာဇော်မြင့်မောင်က ပြောပါတယ်။

 “ကျနော်တို့အစိုးရဖွဲ့နိုင်တယ်ဆိုလို့ရှိရင် သမ္မတလောင်းဆိုတာလည်း ကျနော်တို့မှာ အစီအစဉ်ရှိပါတယ်။ ဒေါ်အောင်ဆန်းစုကြည်- ဒီအတိုင်းပဲ အခုပေးနေတဲ့သတင်းစာရှင်းလင်းပွဲမှာ အဲဒီအတိုင်းပဲ၊ ကျနော်တို့ခေါင်းဆောင်ဆီမှာ အစီအစဉ်ရှိပါတယ်။ ပြည်သူလက်ခံနိုင်မယ့်သူပေါ့နော်၊ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ထဲက သမ္မတလောင်း တင်နိုင်အောင် ကြိုးစားမှာပါ။”

NLD အနေနဲ့ တနိုင်ငံလုံးအတိုင်းအတာနဲ့ မဲဆန္ဒနယ်အများစုကို ဝင်ရောက်ယှဉ်ပြိုင်မှာဖြစ်ပေမဲ့လို့ CRPP ပြည်သူ့ လွှတ်တော် ကိုယ်စားပြုကော်မတီ တိုင်းရင်းသားခေါင်းဆောင်တွေ ဝင်ရောက်ယှဉ်ပြိုင်မယ့် မဲဆန္ဒနယ်တွေကို ခြွင်းချက်အဖြစ် ချန်ထားမှာဖြစ်တယ်လို့ သိရပါတယ်။.

“ကျနော်တို့ နေရာအများစုမှာ ၀င်ပြိုင်ပါမယ်။ မပြိုင်နိုင်တဲ့နေရာတချို့ရှိနိုင်ပါတယ်။ အဲဒါကလည်း ဆယ်ဂဏန်းလောက်ပဲရှိမှာပါ။ ကိုယ်စားလှယ်ဆိုလို့ရှိရင် တိုင်းနဲ့ပြည်နယ်ရယ်၊ ပြည်သူ့လွှတ်တော်ရယ်၊ အမျိုးသားလွှတ်တော်ရယ်ပေါင်းရင် နေရာက (၁,၂၀၀) လောက်ရှိပါတယ်။ ကျနော်တို့ တော်တော်များများဝင်ပြိုင်မှာပါ။ တကယ်လို့ မပြိုင်နိုင်ဘူးဆိုရင်တောင် ရွေးကောက်ပွဲမကျင်းပနိုင်တဲ့နေရာတွေနဲ့ ပြည်နယ်တချို့ပေါ့- ဆယ်ဂဏန်းလောက်ပဲရှိမှာပါ။ ကျန်တဲ့နေရာတွေ ကျနော်တို့အကုန်လုံးဝင်မှာပါ။”

၂၀၁၅ ရွေးကောက်ပွဲကို ပါဝင်ယှဉ်ပြိုင်ကြမယ့်ကိုယ်စားလှယ်လောင်းတွေကို အမျိုးသမီး၊ လူငယ်နဲ့ တိုင်းရင်းသားတွေကို ဦးစားပေးရွေးချယ်မှာဖြစ်တယ်လို့လည်း ပြောပါတယ်။

“ပြည်သူကို ကိုယ်စားပြုနိုင်တဲ့၊ ကိုယ်စားလှယ်လောင်းအရည်အချင်းရှိတဲ့ ကိုယ်စားလှယ်တွေကို ရွေးချယ်ရမှာပေါ့ဗျာ၊ နော။ အဓိက-ကတော့ ဒီမိုကရေစီအပေါ်မှာ နှစ်သက်ယုံကြည်ပြီးတော့၊ သက်ဝင်ယုံကြည်ပြီးတော့ ပြည်သူကို အကျိုးပြုနိုင်တဲ့ အရည်အချင်းပြည့်တဲ့ကိုယ်စားလှယ်လောင်းတွေ ကျနော်တို့ရွေးရမှာကလည်း challenging တခု၊ အဲဒီအလုပ်လည်း လုပ်နေမှာပါ။”

အဖွဲ့ချုပ်အနေနဲ့ ရွေးကောက်ပွဲ မကျင်းပခင်အချိန်အထိ မဲဆန္ဒရှင်စာရင်းလွဲချော်မှားယွင်းမှုတွေနဲ့ပတ်သက်ပြီးလည်း ဆက်လက်ပြီး ပြည်သူ့တွေရဲ့ နိုင်ငံသားအခွင့်အရေး မဆုံးရှုံးကြစေရေး အင်တိုက်အားတိုက်ဆောင်ရွက်မှာဖြစ်တယ်လို့ သိရပါတယ်။

“ကျနော်တို့တတွေ စည်းရုံးရေးတွေ လုပ်ရတော့မှာပေါ့ဗျာ။ campaign ပြီးပေမယ့်။ အခုလောလောဆယ်က ကျနော်တို့ ဘာနဲ့အလုပ်များနေလဲဆိုတော့ မဲစာရင်းက နေရာတော်တော်များများတိုင်းမှာ စိစစ်လိုက်တယ်ဆိုလို့ရှိရင် မှားနေတာပေါ့နော်၊ သူက criteria (၈) ခုရှိတာပေါ့ဗျာ။ တခုမဟုတ်တခု မှားနေတာပေါ့။ အဲဒီဟာတွေစစ်တာ အဓိက-ကတော့ ကျနော်တို့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ကပဲ လုပ်နေရတာခင်ဗျ။ ဒီလုပ်ငန်းကြီးကလည်း မပြီးနိုင်ဘူး။ တချက်ပဲရှိတယ်။ ကျနော်တို့ ရုံး အီးစီအနေနဲ့ ရွေးကောက်ပွဲကော်မရှင်နဲ့တခုတော့ ထိုးရမှာပေါ့နော်။ ဥပမာ - မှတ်ပုံတင် နံပါတ်ရှိတယ်။ မှတ်ပုံတင်ရှိတယ်၊ နောက်ပြီးကျတော့ မဲစာရင်းထဲမှာပါတယ်၊ အဲဒီလိုဆိုလို့ရှိရင် ဒီလူတွေအကုန်လုံးဟာ မဲပေးပိုင်ခွင့်ရတယ်ဆိုတဲ့ဟာမျိုးတခုကို လုပ်ပေးရင်တော့ ရလိမ့်မယ်။ ရွှေ့ပြောင်းအလုပ်သမားတွေဆိုလို့ရှိရင်လည်း ဒီနေရာမှာ ၆ လ နေတာ ရပ်ကွက်အုပ်ချုပ်ရေးမှူးက ထောက်ခံတယ်ဆိုလို့ရှိရင် မဲပေးခွင့်ပေးရမယ်။ ကျန်တဲ့ဟာတွေ ကြည့်နေလို့ မရတော့ဘူး။ ကျနော်တို့က အခု ဒီဟာတွေအပေါ်မှာပဲ ကြောင့်ကျမှုရှိတာပဲဗျာ။ အဲဒီတော့ ဒီမဲစာရင်းတခုကိုကြည့်ပြီးတော့ လွတ်လပ်ပြီးတရားမျှတတဲ့ရွေးကောက်ပွဲလားဆိုရင်တော့ အဲဒီဟာ ပြောရင်တော့ သိပ်ပြီးတော့ တရားမျှတတယ် မထင်သေးဘူးပေါ့။”

ရွေးကောက်ပွဲပါတီအောင်နိုင်ရေး မဲဆွယ်စည်းရုံးမှုလုပ်ငန်းစဉ်တွေကိုလည်း NLD ရဲ့ဗဟိုအလုပ်အမှုဆောင်လမ်းညွှန်ချက်နဲ့ ဆက်လက်ဆောင်ရွက်သွားဖို့ရှိပါတယ်လို့ အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်က ပြောလိုက်ပါတယ်ရှင်။

မဆုမွန် / ဗွီအိုအေ (မြန်မာပိုင်း)

ပြည်သူလူထုမှ တပ်မတော်အပေါ် အထင်အမြင်လွဲမှားစေသည့် ပြစ်မှု ကျူးလွန်သော စစ်သည်အား ထောင်ဒဏ် ၇ နှစ် ပြစ်ဒဏ်ချမှတ်



နေပြည်တော်၊ ဇူလိုင် - ၁၁

မြောက်ပိုင်းတိုင်းစစ်ဌာနချုပ် နယ်မြေ၊ ဗန်းမော်မြို့နယ်ရှိ တပ်ရင်း တစ်ရင်းမှ စစ်သည်တစ်ဦးသည် ဧပြီ ၁၃ ရက် ညပိုင်းတွင် တပ်ရင်းဌာနချုပ်အနီးရှိ ကျေးရွာမှ အသက် ၇၃ နှစ်အရွယ် အဘွားအို တစ်ဦးတည်း နေထိုင်သော နေအိမ်သို့ သွားရောက်ခဲ့ရာ ရွာသူရွာသားများက ဝိုင်းဝန်းဖမ်းဆီးပြီး နေအိမ်ကျူးကျော် ဝင်ရောက်မှု၊ သားမယား ပြုကျင့်ရန် ကြံစည်မှုနှင့် သတ်ဖြတ်ရန် ကြိုးစားမှုတို့ဖြင့် စွပ်စွဲခံရသည်။

သို့ဖြစ်၍ တပ်မတော်မှ ၎င်းစစ်သည်အား တရားဥပဒေနှင့်အညီ အရေးယူနိုင်ရန် စွပ်စွဲသည့်အတိုင်း ပြစ်မှု ကျူးလွန်ခြင်း ရှိ၊ မရှိ စစ်ဆေးနေစဉ် ဗန်းမော်မြို့တွင် ကချင် နှစ်ချင်းခရစ်ယာန်အသင်း (KBC)မှ ဦးဆောင်၍ ဆန္ဒဖော်ထုတ် စီတန်း လှည့်လည် မှုများ ပြုလုပ်ခဲ့ကြသည်။

အဆိုပါ ဖြစ်စဉ်အား စစ်ဆေးခဲ့ရာ ၎င်းစစ်သည်မှာ ယခင်ကတည်းက ခင်မင်ရင်းနှီးစွဲရှိခဲ့သည့်နေအိမ်သို့ သွားရောက် ခဲ့ခြင်းဖြစ်ကြောင်း၊ သားမယား ပြုကျင့်ခဲ့ခြင်း ရှိ/မရှိအား ကာယကံရှင်နှင့်စစ်သည်တို့ကို ဆေးစစ် ဆေးခဲ့ရာတွင် (ဆေးမှတ်ချက်အပါ အ၀င်) သားမယား ပြုကျင့်ခဲ့ခြင်း မရှိကြောင်း စစ်ဆေးတွေ့ရှိ ရသည်။

သို့သော်လည်း ပြည်သူလူထုမှ တပ်မတော်အပေါ် အထင်အမြင်လွဲ မှားစေနိုင်ပြီး အကြည်ညို ပျက်စေနိုင်သဖြင့် တပ်မတော်အက် ဥပဒေနှင့်အညီ စစ်တရားရုံးဖြင့်စစ်ဆေး ခဲ့ပြီး ဇွန် ၂၂ ရက်နေ့တွင် ၎င်းစစ်သည်ကို ပြစ်မှု၏ အမြင့်ဆုံးပြစ်ဒဏ်ဖြစ်သော နယ်ဘက် အကျဉ်းထောင်တွင် ထောင်ဒဏ် ၇ နှစ် ချမှတ်ခဲ့သည်။

အဆိုပါ စစ်သည်အား စစ်တရားရုံးဖြင့် စတင်စစ်ဆေးချိန်မှစ၍ ပြစ်ဒဏ်ချမှတ်ခဲ့ သည့်နေ့အထိ နယ်ဘက် ဌာနဆိုင်ရာများ၊ သက်ဆိုင် ရာကျေးရွာမှ ရပ်မိရပ်ဖများ၊ တရားလိုဘက်ဆွေမျိုးများ၊ ကချင်နှစ်ချင်း ခရစ်ယာန် အသင်း(KBC)နှင့် လူမှုရေးအသင်းအဖွဲ့များကို ဖိတ်ကြားတက်ရောက်စေပြီး ပွင့်လင်း မြင်သာစွာ စစ်ဆေး ခဲ့သည်။

ထိုကဲ့သို့ တပ်မတော်အပေါ် ပြည်သူလူထုမှ အထင်အမြင်လွဲမှားစေနိုင်သော၊ ပြည်သူနှင့် တပ်မတော် အကြား ယုံကြည်မှု ပျက်ပြားစေနိုင်သော၊ ပြည်သူ့ အကျိုး sစီးပွားကို ထိခိုက်စေနိုင်သော ကိစ္စရပ်များကို ကျူးလွန်ပါက တပ်မတော်အနေဖြင့် ထိရောက်စွာ အရေးယူသွားမည်ဖြစ်ကြောင်း သတင်းရရှိသည်။

MOI Webportal Myanmar

တနင်္သာရီတွင် တ.စ.ည ပါတီ ကိုယ်စားလှယ်လောင်း ၃၂ နေရာ ၀င်ပြိုင်မည်

|Dawei Watch | ထားဝယ်၊ ဇူလိုင် ၁၁
လာမည့် နိုဝင်ဘာလ ၈ ရက်နေ့တွင် ကျင်းပမည့် ၂၀၁၅ အထွေထွေရွေးကောက်ပွဲတွင် တိုင်းရင်းသား စည်းလုံး ညီညွတ်ရေးပါတီမှ တနင်္သာရီတိုင်းဒေသကြီးအတွင်း ကိုယ်စားလှယ်လောင်း ၃၂ နေရာ ၀င်ပြိုင်မည်ဖြစ်ကြောင်း ယင်းပါတီထံမှ သိရသည်။
တိုင်းအတွင်း အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ၈ နေရာ၊ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ၈ နေရာ၊ တိုင်းဒေ သကြီး လွှတ်တော်ကိုယ်စားလှယ် ၁၇ နေရာနှင့် တိုင်းဒေသကြီး မွန်တိုင်းရင်းသား ကိုယ်စားလှယ် ၁ နေရာ တို့ကို ၀င်ရောက် ယှဉ်ပြိုင်မည်ဖြစ်ကြောင်း ပါတီ၏ တိုင်းဥက္ကဋ္ဌ ဦးထွန်းလွင်က ပြောကြားသည်။
“နိုင်မယ်လို့ သေချာတဲ့ နေရာတွေကိုပဲ ၀င်ဖို့ ဆုံးဖြတ်ထားတာပါ” ဟု ဦးထွန်းလွင်က ပြောသည်။
တိုင်းရင်းသား စည်းလုံးညီညွှတ်ရေးပါတီ ၀င်ရောက် မယှဉ်ပြိုင်သည့် မဲဆန္ဒယ်များမှာ ပုလော အမျိုးသား လွှတ်တော် မဲဆန္ဒနယ်နှင့် ကျွန်းစုအမျိုးသားလွှတ်တော် မဲဆန္ဒနယ်တစ်ခု၊ ရေဖြူနှင့်လောင်းလုံး ပြည်သူ့ လွှတ်တော် မဲဆန္ဒနယ် များနှင့် အချို့မြို့နယ်များရှိ တိုင်းဒေသကြီး လွှတ်တော် မဲဆန္ဒနယ်များဖြစ်ကြောင်း ယင်းပါတီထံမှ သိရသည်။
“ကိုယ်စားလှယ်လောင်း ၃၂ ယောက်ကိုတော့ အပြီးသတ် ရွေးချယ်ထားပြီးပြီ။ အခုအချိန်မှာ ဘယ်သူတွေဆိုတာကို ထုတ်ပြောဖို့ကတော့ စောနေသေးတယ်” ဟု ၎င်းက ဆိုသည်။
တိုင်းရင်းသားစည်းလုံး ညီညွတ်ရေးပါတီမှ ကိုယ်စားလှယ်လောင်းများအတွက် ရွေးကောက်ပွဲ ၀င်ခွင့် အာမခံငွေ ကျပ်  ၃ သိန်းစီကို ပါတီမှ အကုန်ကျခံ ယှဉ်ပြိုင်စေမည်ဖြစ်ကြောင်း ယင်းပါတီထံမှ သိရသည်။

Dawei Watch

ဓားပြ ခေါင်းဆောင် နိုင်ချမ်းဒိန်း မွန်ပြည်သစ် လက်ချက်ဖြင့် သေဆုံး

|Dawei Watch| မော်လမြိုင်၊ ဇူလိုင် ၁၀
မွန်ပြည်နယ်၊ ရေးမြို့နယ်တောင်ပိုင်းဒေသ တစ်ဝိုက်တွင် ပြန်ပေးဆွဲမှု၊ လူသတ်၊ ဆက်ကြေးကောက်ခံမှုများဖြင့် နာမည်ကြီးသည့် ဓားပြခေါင်းဆောင် နိုင်ချမ်းဒိန်းသည် ဇူလိုင်လ ၇ ရက်နေ့က မွန်ပြည်သစ်ပါတီ၏ လက်ချက်ဖြင့် သေဆုံးသွားကြောင်း ထားဝယ် ခရိုင်အခြေစိုက် မွန်ပြည်သစ်ပါတီ အမှတ် ၂ တပ်ရင်းက အတည်ပြု ပြောသည်။
အထက်ပါ တပ်ရင်းသည် သတင်းအရ ရေးမြို့နယ် ၉ မိုင်ကျေးရွာအနီးရှိ ခလရ ၂၉၉ တပ်ရင်း၏ အရှေ့တောင်ဘက် ၆ မိုင်ခန့် အကွာတွင်ရှိသော ဒေသအခေါ် ကျွဲတောင်နယ်မြေအား သွားရောက် ရှင်းလင်းရာ ဇူလိုင်လ ၇ ရက်နေ့ နံနက် အာရုဏ် တက်ချိန် တွင် နိုင်ချမ်းဒိန်းအား အရှင် ဖမ်းမိခဲ့ကြောင်း သိရသည်။
“သူတို့နားတဲ့ သဲမှာ အိပ်နေတုန်း ဝိုင်းပြီး ဖမ်းတယ်၊ သူ့ကို ဌာနချုပ်ကို ခေါ်သွားဖို့ လမ်းမှာ ညနေ ၄ နာရီခွဲလောက်ပေါ့ နားတဲ့ ချိန်မှာ သူက ထွက်ပြေးတော့ ကျွန်တော်တို့ ပစ်လိုက်တာ”ဟု အမှတ် ၂ တပ်ရင်းမှ တာဝန်ရှိသူ တဦးက ပြောသည်။
နိုင်ချမ်းဒိန်းအား ဝိုင်းဝန်းဖမ်းဆီးခဲ့စဉ်က ၎င်းနှင့်အတူ လက်နက်ကြီး၊ လက်နက်ငယ် ၁၀ လက်နှင့် အဖွဲ့တံဆိပ် အပါအဝင် အခြားသော ဆက်စပ်အသုံးအဆောင်ပစ္စည်းများ သိမ်းဆည်းရမိကြောင်း သိရသည်။
မွန်ပြည်သစ်ပါတီတပ်ဖွဲ့မှ နိုင်ချမ်းဒိန်း စခန်းချထားသည့်နေရာ ဝင်ရောက်ရှင်းလင်းချိန်တွင် ၎င်း၏ တပည့်များက ကျေးရွာသို့ ခေတ္တပြန်သွားနေကြချိန်ဖြစ်ပြီး စခန်း၌ နိုင်ချမ်းဒိန်းတဦးတည်းသာ အိပ်ပျော်နေစဉ် လွယ်ကူစွာ ဖမ်းဆီးနိုင်ခဲ့ခြင်းဖြစ်ကြောင်း အထက်ပါ တာဝန်ရှိသူက ရှင်းပြသည်။
နိုင်ချမ်းဒိန်းနှင့်အဖွဲ့သည် ကျွဲတောင်နယ်မြေတစ်ဝိုက်တွင် စခန်းအခိုင်အမာဖြင့် ကာလကြာရှည် လှုပ်ရှားနေသည့် အဖွဲ့ဖြစ် ကြောင်း သိရသည်။
“ချမ်းဒိန်းက ရေးဘက်မှာဆိုရင် တော်တော်နာမည်ကြီးတယ်၊ ဓားမြတိုက်၊ ဆက်ကြေးကောက် ပြီးတော့ လူတွေသတ် အဲလိုနဲ့ နာမည်ကြီးတယ်၊ လုပ်စားနေတာလဲ ကြာပြီ၊ ဒေသခံတွေ ကြောက်ကြတယ်၊ သူတို့လူ သိပ်မရှိဘူး ၃ ၄ ယောက်ပဲ၊ မွန်ပြည် သစ်ကတော့ လိုက်နေတာကြာပြီ” ဟု ရေးဒေသခံ ဦးပလိုင်းက ပြောသည်။
နိုင်ချမ်းဒိန်း ဦးဆောင်သည့်အဖွဲ့သည် အဖွဲ့ဝင် ၅ ဦးဝန်းကျင်ခန့်ဖြင့် မာန်အောင်ဒေသတစ်ဝိုက်တွင် ဓားမြတိုက်၊ လူသတ်၊ ဆက်ကြေး ကောက်ကာ ပြီးခဲ့သည့် ၁၀ နှစ်ဝန်းကျင်ကတည်းက လှုပ်ရှားလာခဲ့သည်ဟု မွန်ပြည်သစ်ပါတီထံမှ သိရသည်။
Dawei Watch

Friday, July 10, 2015

သမ္မတဦးသိန်းစိန် ဝင်ရောက်ယှဉ်ပြိုင်မယ့် မဲဆန္ဒနယ် မသိရသေး



 နိုင်ငံတော်သမ္မတ ဦးသိန်းစိန်ဟာ ၂ဝ၁၅ ရွေးကောက်ပွဲမှာ ဘယ်မဲဆန္ဒနယ်ကနေ ၀င်ရောက်ယှဉ်ပြိုင်မယ်ဆိုတာ မသိသေးကြောင်း ပြည်ထောင်စုကြံ့ခိုင်ရေးနဲ့ ဖံွ့ဖြိုးရေးပါတီ ပြောရေးဆိုခွင့်ရှိသူ ဦးစိုးနိုင်က ပြောပါတယ်။

ပြည်ခိုင်ဖြိုးပါတီက ကိုယ်စားလှယ်လောင်း အမည်စာရင်းစိစစ်နေပြီး၊ သမ္မတ ဦးသိန်းစိန်အနေနဲ့ ပါတီကိုယ်စားပြု ဝင်ရောက်ယှဉ်ပြိုင်ဖို့ အစီအစဉ်ရှိ၊ မရှိ သတင်းထောက်တွေက မေးမြန်းရာ ပါတီဗဟိုအလုပ်အမှုဆောင် အဖွဲ့ဝင် ဦးစိုးနိုင်က အခုလိုဖြေကြားခဲ့တာ ဖြစ်ပါတယ်။

"သမ္မတကြီးက သူဂျပန်မှာတွေ့တုန်းက ပြောထားတယ်လေ၊ ပြည်သူလူထုကဆန္ဒရှိရင် သူဒုတိယအကြိမ် ပြန်အရွေးခံမယ်လို့ အဲ့လိုပဲပြောထားတယ်၊ အဲ့ဒါပဲသိတယ် ဘယ်ကရွေးကောက်ပွဲဝင်မယ်ဆိုတာတော့ အဲ့ဒါတွေဘာမှမသိဘူး"
သမ္မတ ဦးသိန်းစိန်ဟာ ပြီးခဲ့တဲ့ ၂ဝ၁ဝ ရွေးကောက်ပွဲမှာ နေပြည်တော် ဇမ္ဗူသီရိမြို့နယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်အဖြစ် ရွေးကောက်ခံခဲ့ရတာဖြစ်ပါတယ်။ စင်္ကာပူနိုင်ငံမှာ ဆေးကုသမှုခံယူနေရတဲ့ ဦးအောင်သောင်းကတော့ သူ့မဲဆန္ဒနယ်တောင်သာက ဝင်ရောက်ယှဉ်ပြိုင်မှာ မဟုတ်တော့ပဲ ပါတီဗဟိုကော်မတီဝင် ဦးဝင်းမြင့်ကို တာဝန်ပေးထားတယ်လို့ သိရပါတယ်။

RFA Burmese

တရုတ် နိုင်ငံတွင် “ကြာပန်း” (Linfa) တိုင်ဖွန်း မုန်တိုင်း တိုက်ခတ်မှုကြောင့် ကွမ်တုံး ဒေသတွင် လူပေါင်း ၁.၆၅ သန်း ဘေးဒုက္ခ နှင့် ကြုံတွေ့ခဲ့ရ

“ကြာပန်း” (Linfa) တိုင်ဖွန်း မုန်တိုင်း တိုက်ခတ်ခဲ့သည့် ကွမ်တုံးပြည်နယ်မြင်ကွင်း (ဆင်ဟွာ)     ကွမ်ကျုံး ၊ ဇူလိုင် ၁၀ ရက် (ဆင်ဟွာ)

   တရုတ်နိုင်ငံတောင်ပိုင်း ကွမ်တုံးပြည်နယ်တွင် “ကြာပန်း” (Linfa)  တိုင်ဖွန်း မုန်တိုင်း ဇူလိုင်လ ၉ ရက်နေ့တွင် ဝင်ရောက် တိုက်ခတ်ခဲ့ပြီး ဇူလိုင် ၁၀ ရက်နေ့ မနက် ၅ နာရီတွင် တိုက်ခတ်မှု ပြီးဆုံးခဲ့သည်။ ကွမ်တုံး ပြည်နယ် အစိုးရ ဌာန၏ ၁၀ ရက်နေ့ မနက်ပိုင်း စာရင်း ပြုစု ထုတ်ပြန်ချက် အရ Linfa တိုင်ဖွန်း မုန်တိုင်း ဝင်ရောက် ခဲ့ပြီးနောက်ပိုင်း ၉ ရက်နေ့ ည ၁၀ အချိန်ထိ ပြည်နယ် တစ်ခုလုံးတွင် ဘေးဒုက္ခ နှင့် ကြုံတွေ့ ခဲ့ရသူပေါင်း ၁.၆၅၁၇ သန်း ရှိခဲ့ကြောင်း ထုတ်ပြန်ခဲ့သည်။

Linfa တိုင်ဖွန်း မုန်တိုင်း သည် ဇူလိုင် ၉ ရက်နေ့လည် ၁၂ နာရီ ၁၅ မိနစ်တွင် ကွမ်တုံး ပြည်နယ် အရှေ့ပိုင်း ရှန်ဝေ မြို့နယ် ကျာတုံးမြို့ ပင်လယ် ကမ်းခြေမှ စတင် ဝင်ရောက် လာခဲ့သည်။ စတင် ဝင်ရောက်ချိန်တွင် အမြင့်ဆုံး လေတိုက်နှုန်း သည် အဆင့် ၁၂ ရှိ တစ်နာရီ လေတိုက်နှုန်း ၁၂၆ ကီလိုမီတာ ရှိခဲ့သည်။ ၄င်း တိုင်ဖွန်း မုန်တိုင်း တိုက်ခတ်မှုကြောင့် ကွမ်တုံး ပြည်နယ် အတွင်း ရှိ မြို့ကြီး ၅ ခု နှင့် မြို့ငယ် ၁၇ ခု တို့မှာ ဘေးဒုက္ခ ကြုံတွေ့ ခဲ့ရပြီး အချို့ ဒေသ များအနေဖြင့် ပျက်စီးမှု ပြင်းထန်စွာ ဖြစ်ပွား ခဲ့သည်။
ကွမ်တုံး ပြည်နယ် အစိုးရ ဌာန ၏ ကနဦး စာရင်းပြုစုချက်အရ ပြည်နယ်တစ်ခုလုံးတွင် လူပေါင်း ၅ သောင်း ၆ ထောင်ကျော် အရေးပေါ် နေရာချထားရန် လိုအပ်နေကြောင်း ပြောကြား ခဲ့သည်။ အိမ်ခြေ ၂၈၈ လုံး ပြိုလဲခဲ့ပြီး စိုက်ပျိုးရေး ဧရိယာ ပေါင်း ၄၆,၅၀၀ ဟက်တာ ပျက်စီး သွားခဲ့သည်။ တိုက်ရိုက် စီးပွားရေး ဆုံးရှုံးမှု တရုတ် ယွမ်ငွေ ၁.၂၉၉ ဘီလီယံ ရှိခဲ့ကြောင်း သိရှိရသည်။

“ကြာပန်း” (Linfa) တိုင်ဖွန်း မုန်တိုင်း တိုက်ခတ်ခဲ့သည့် ကွမ်တုံးပြည်နယ်မြင်ကွင်း (ဆင်ဟွာ)

ဖူကျန့် ပြည်နယ်တွင် Chan-hom စူပါ တိုင်ဖွန်း မုန်တိုင်း မတိုက်ခတ်မီ ကြိုတင်ပြင်ဆင်မှုများ ပြုလုပ်ထားစဉ် (ဆင်ဟွာ)
ကွမ်တုံး ပြည်နယ် အစိုးရ ဌာန မှ မုန်တိုင်း တိုက်ခတ် ပြီးနောက် မုန်တိုင်း တိုက်ခတ် ခံရသည့် ဒေသ များသို့ ကယ်ဆယ်ရေး လုပ်ငန်း ဆောင်ရွက်မှု အဖွဲ့များ စေလွှတ်ကာ လူထုများအား စုဝေးနေရာချထားခြင်း ၊ အသိမိတ်ဆွေ နှင့် ဆွေမျိုးများထံ နေရာချထားခြင်း ပုံစံဖြင့် အရေးပေါ် ဒုက္ခသည်များအား နေရာချထား ခဲ့ကြောင်း သိရှိရသည်။

တရုတ် မိုးလေဝသ ဌာနမှ ဇူလိုင်လ ၁၁ ရက်နေ့ အစောပိုင်း တွင်လည်း အလွန် ပြင်းထန်သော Chan-hom စူပါ တိုင်ဖွန်း မုန်တိုင်းသည် ကျဲ့ကျန်းပြည်နယ် ရွေ့အမ်းနှင့် တန်းဆန်း ကမ်းခြေ တလျှောက်မှ တစ်နာရီ ၂၀၈ ကီလိုမီတာ နှုန်းဖြင့် ဝင်ရောက် လာမည် ဖြစ်ကြောင်း အမြင့်ဆုံး သတိပေးချက် ထုတ်ပြန် ထားသည်။
(Xinhua)
http://www.xinhuamyanmar.com
 

ပင်စင်အသက် ၆၀ သတ်မှတ်ဖို့ ပြည်ထောင်စု လွှတ်တော်မဲခွဲ အတည်ပြု


နိုင်ငံဝန်ထမ်းတွေရဲ့ ပင်စင်ကို အသက် ၆၀ အထိသာ သတ်မှတ်ဖို့အဆိုကို တပ်မတော်သား လွှတ်တော် ကိုယ်စားလှယ်တွေနဲ့ ပြည်ထောင်စုရာထူးဝန်အဖွဲ့က ကန့်ကွက်ပေမယ့် ထောက်ခံသူများတာကြောင့် ပြည်ထောင်စု လွှတ်တော်မှာ ဒီကနေ့ အတည်ပြုလိုက်ပါတယ်။
ပြည်ထောင်စုရာထူးဝန်အဖွဲ့ ဥက္ကဌ ဦးကျော်သူက နိုင်ငံဝန်ထမ်းတွေရဲ့ သက်ပြည့်ပင်စင်သက်တမ်းကို အသက် ၆၀ ထက် ပိုတိုးမြှင့်ပြီး သတ်မှတ်ပေးသင့်ကြောင်း ကန့်ကွက်ဆွေးနွေးခဲ့ပါတယ်။
"လောလောဆယ်မှာတော့ နိုင်ငံဝန်ထမ်းတစ်ဦးရဲ့ သက်ပြည့်ပင်စင်ကို နည်းဥပဒေ ၁၃ဝ အရ အသက် ၆ဝ ရယ်လို့ သတ်မှတ်ထားခြင်းရှိပါတယ်၊ ကျနော်တို့ ပြည်ထောင်စု ရာထူးဝန်အဖွဲ့အနေနဲ့ကတော့ နိုင်ငံတော် ရဲ့အကျိုး နိုင်ငံဝန်ထမ်းအများစုအတွက် အကျိုးရှိမယ်ဆိုရင် သင့်တော်တဲ့အချိန်ခါမှာ သက်ပြည့်ပင်စင်သက်တမ်း ကို တိုးမြှင့်ပေးသင့်ပါက တိုးမြှင့်ပေးနိုင်မယ်ဖြစ်ပါကြောင်းကို နာယကကြီးမှတဆင့် ဖြည့်စွက်ဆွေးနွေး တင်ပြအပ်ပါတယ်"
အဲဒီအဆိုကို ပြည်ထောင်စုလွှတ်တော်မှာ တပ်မတော်သားကိုယ်စားလှယ် ၂ဦးအပါအ၀င် ၁၄ ယောက် က ဆွေးနွေးပြီး မဲခွဲဆုံးဖြတ်ရာ ထောက်ခံမဲ ၃၇၉ မဲ၊ ကန့်ကွက်မဲ ၁၆၈ မဲသာရရှိခဲ့တာကြောင့် ပင်စင်သက် ၆၀ အထိသာထားဖို့ အတည်ပြုလိုက်တာဖြစ်ပါတယ်။
နိုင်ငံဝန်ထမ်းတွေရဲ့ ပင်စင်သက်တမ်းကို ၆၀ အထိသာထားဖို့ ပြည်ထောင်စု ကြံ့ခိုင်ရေးနဲ့ ဖံွ့ဖြိုးရေးပါတီ ပြည်သူ့ လွှတ်တော်ကိုယ်စားလှယ် ဦးခင်မောင်ညိုက မနေ့က ပြည်ထောင်စုလွှတ်တော်မှာ အရေးကြီးအဆိုအဖြစ် တင်သွင်းခဲ့တာဖြစ်ပါတယ်။
ဒီအကြောင်း RFA သတင်းထောက် ကိုဝင်းကိုကိုလတ် တင်ပြထားတာ နားဆင်နိုင်ပါတယ်။
 RFA