Pages

Saturday, August 15, 2015

ဆိုးရွားစွာ ပျက်စီးနေသည့် ချင်းပြည်နယ် လမ်းပိုင်း (ရုပ်သံ)


ချင်းပြည်နယ် ဖလမ်းမြို့မရောက်မီ ၁ မိုင် ကျော်လောက်အလိုမှာ လမ်းပိုင်း ဆိုးရွားစွာ ပျက်ဆီးနေတာကြောင့် ဖလမ်း-ဟားခါး-ထန်တလန်တို့ကိုသွားမယ့် ရိက္ခာပို့ကားတွေ အခက်ကြုံနေပါတယ်။
ချင်းပြည်နယ်တွင်းရှိ ဟားခါး၊ တီးတိန်၊ ဖလမ်း၊ ပလက်ဝ၊ မတူပီ စတဲ့ မြို့နယ်တွေမှာ ရေကြီးမြေပြိုပြီး ကူးသန်းသွားလာရေး အခက်အခဲဖြစ်နေတဲ့အတွက်  စားနပ်ရိက္ခာအကူအညီတွေ လိုအပ်နေတာပါ။


ရိုက်ကူး – ဘော့စကို
DVB

ကယားပြည်နယ် သစ်တော ပြုန်းဖွယ်ရှိ



  ကယားပြည်နယ်အတွင်းမှာ အဖိုးတန်ကျွန်းသစ်တွေကို ခုတ်ယူမှုများပြား လာတာကြောင့် သစ်တောပြုန်းတီးမှု ရှိလာနေတဲ့အတွက် KNPPခေါ် ကရင်နီ အမျိုးသား တိုးတက်ရေးပါတီကနေ ကျွန်းသစ်ထုတ်ခွင့်ကို လုံးဝ ပိတ်ပင် တားဆီးသွားမယ်လို့ ပါတီခေါင်းဆောင် တွေက ပြောပါတယ်။ အခုလိုသစ်တွေကို အလွန်အကျွံ ခုတ်လှဲခဲ့မှုကြောင့် ကယားပြည်နယ်အတွင်းမှာ ရာသီဥတုဖေါက်ပြန်မှု ဒဏ်ကို တွေ့ကြုံနေရပြီးလို့လဲ သဘာဝ ပါတ်ဝန်းကျင်လေ့လာသူတွေ ကနေပြောဆိုမှုတွေလည်း ရှိနေပါတယ်။ ဒီအခြေအနေကိုတော့ ဗွီအိုအေ ထိုင်းအခြေစိုက် သတင်းထောက်နိုင်ကွန်းအိန်ကနေ ဆက်သွယ်မေးမြန်းပြီး အခုလိုသတင်းပေးပို့ ထားပါတယ်။

ကယားပြည်နယ် သံလွင်မြစ် အနောက်ဖက်ခြမ်းဒေသမှာ သစ်ထုတ်လုပ်ရေး ကုမ္ပဏီတွေကနေ သစ်ထုတ်လုပ်နေတာ ကုန်သလောက် ဖြစ်နေပြီး KNPPထိန်းချုပ်ရာ သံလွင်အရှေ့ဖက်ခြမ်းကိုကူးလာမဲ့အနေအထားကြောင့် သစ်ထုတ်လုပ်ခွင့်ကို ပိတ်ပင်ရတယ်လို့ KNPP အတွင်းရေးမှူး ဦးအောင်ဆန်းမြင့်ကပြောပါတယ်။

"အခုက သံလွင်ရဲ့ အနောက်ဘက်ခြမ်းမှာဆိုရင် သစ်တွေက ကုန်သလောက်ပဲဗျ။ ကုမ္ပဏီတွေကတော့ သိတဲ့အတိုင်းပဲဗျာ။ စီးပွားရေးလုပ်ငန်းရှင်တွေနဲ့ ခရိုနီတွေကတော့ ပိုများတာပေါ့။ နောက်တချို့ လက်နက်ကိုင်အဖွဲ့အစည်းတွေလည်း အလုပ်လုပ်တယ်ပေါ့။ အခုက နည်းနည်းပါးပါး ကျန်မှာက ကျနော်တို့ KNPP တွေရှိနေတဲ့ သံလွင်မြစ် အရှေ့ဘက်ကမ်းပေါ့ဗျာ။ အနောက်ဘက်ကမ်းမှာ ကုန်ပြီပြောတယ်။ အရှေ့ဘက်ကမ်းကိုလည်း ကုမ္ပဏီတွေက ကူးလာမယ့် အနေအထားရှိတယ်။ ကျနော်တို့ ပြည်နယ်ထဲမှာလည်း သစ်တော သယံဇာတတွေကလည်း ကုန်ခါနီးပြီ။

ဒါ့အပြင် ကျနော်တို့ နောင်လာမျိုးဆက်တွေအတွက်လည်း ကျနော်တို့ စဉ်းစားဖို့ လိုတယ်။ နောက်ပြီးတော့ ကျနော်တို့ဆီမှာလည်း တွက်ကြည့်လိုက်တဲ့ အခါကျတော့ သစ်တောထိန်းသိမ်းရေး လုပ်ငန်းနဲ့ ပြုစုပျိုးထောင်ရေးလုပ်ငန်းတွေ ကလည်း မရှိသလောက်ဖြစ်တယ်ဗျ။ အဲ့တော့ ကျနော်တို့က သစ်တောထိန်းသိမ်းရေး နဲ့ ပြုစုပျိုးထောင်ရေး လုပ်ငန်းကို လုပ်သင့်တယ်လို့ ကျနော်တို့က အဲ့လိုမြင်တယ်။ ဒါကြောင့်မို့လို့ ကျနော်တို့ကလည်း ပေါ်လစီ ချမှတ်လိုက်ရတာဖြစ်တယ်လေနော့။ ကျနော်တို့က အခုက အကုန်လုံး လိုက်ပြီး အသိပေးအကြောင်းကြားပြီးဖြစ်တယ်။ ။"

ကယားပြည်နယ်အတွင်းမှာ ကယားဖူးကုမ္ပဏီ ထူးကုမ္ပဏီ ထီးပွင့်ကံကုမ္ပဏီ ဦးထွန်းကျော်ခေါင်းဆောင်တဲ့ ကလလတ အဖွဲ့ပိုင် ကုမ္ပဏီရယ် KNPPပိုင် ကယားဌာနေ တမောထျှာ ကုမ္ပဏီတို့အပြင် တခြားကုမ္ပဏီငယ် အများအပြားကလဲ ကျွန်းသစ် အပါအ၀င် တခြားသစ်တွေကိုထုတ်လုပ်နေကြပါတယ်။

ဒီသစ်ထုတ်လုပ်ခွင့်ကို နိုင်ငံတော်အစိုးရကနေ ချပေးတာဖြစ်တဲ့အတွက် အစိုးရ အပိုင်းမှာလဲ တာဝန်ရှိတယ်လို့ ဦးအောင်ဆန်းမြင့်က အခုလို ဆက်ပြောပါတယ်။

" နိုင်ငံခြားသားတွေက ထိုင်းတွေ ရှိတယ်။ တရုတ်တွေရှိတယ်ဗျာ။ သစ်တွေကို ထုတ်နေကြတာ။ နယ်စပ်တွေက ထုတ်နေကြတာ။ ဒါပေမဲ့  အစိုးရ မပါပဲ ဘယ်လိုလုပ် ထုတ်လို့ရမလဲဗျ။ လက်နက်ကိုင်အဖွဲ့အစည်းတွေနဲ့ ဘယ်လောက်ပဲ နားလည်မှုယူတယ်ပြောပြော၊ အစိုးရမပါရင် လုံးဝကို ထုတ်လို့မရဘူးဗျ ဒါတော့ ကျိမ်းသေတယ်။ တိုင်းရင်းသား လက်နက်ကိုင် နယ်မြေတွေက သစ်တွေက ထွက်သွားတယ် ဆိုပေမဲ့ သူတို့ရဲ့ ခွင့်ပြုချက်က ဘယ်လိုမှ မထွက်နိုင်ဘူးဗျ။ ဒါကတော့ ကျနော်တို့က ပြောပြချင်တယ်လေ။"

သစ်ထုတ်လုပ်လုပ်မှုအပိုင်းမှာ သစ်တောသစ်ထုတ်ဥပဒေနဲ့ မကိုက်ညီတာရှိပေမဲ့လဲ အာဏာပိုင်တွေကနေ အရေးယူဆောင်ရွက်မှု အားနည်းတာဟာ ကယားပြည်နယ် အတွင်း သစ်တောပြုန်းတီးမှုရဲ့အခြေခံ အကြောင်းတရားတခုလို့လည်း ဦးအောင်ဆန်းမြင့်က ပြောပါတယ်။

လက်ရှိ ကယားပြည်နယ်အတွင်းမှာ ကျွန်းသစ်အပါအ၀င် သစ်တောရှိနေမှု အခြေအနေ နဲ့ ပတ်သက်လို့ ဒေသခံ သဘာဝ ပါတ်ဝန်းကျင်လေ့လာသူတဦးဖြစ်တဲ့ ဆရာစေးရယ်စိုးက အခုလို ပြောပြပါတယ်။

"ဒီ KNPP ထိန်းချုပ် နယ်မြေမှာ တချို့ ရှိမှာပေါ့နော်။ ဥပမာ ရှားတော မြို့နယ်ထဲမှာ ရှိမယ်။ နောက်ပြီးမှ သံလွင်အရှေ့ခြမ်းမှာ ရှိမယ်ပေါ့နော်။ အများကြီးတော့ မကျန်ဘူး။ နည်းနည်းပါးပါးပေါ့နော်။ အဲ့တော့ KNPP က သူတို့လက်နက်ကိုင်တွေနဲ့ ထိန်းချုပ်ပြီး လုပ်ထားတယ်။ ဝင်ပြီးတော့ လုပ်ပိုင်ခွင့် မပေးဘူး။ အဲ့လိုမျိုးတွေပေါ့။ ကျန်တဲ့နေရာတွေကတော့ မရှိတော့ဘူး။"

ကယားပြည်နယ် အတွင်း သစ်တောပြုန်းတီးမှုကြောင့် လက်ရှိ အချိန်မှာ ရေရှားပါး လာမှု အန္တရာယ်ကို စတင် ခံစားနေရပြီ လို့လည်း ဆရာစေးရယ်စိုးက ဆိုပါတယ်။

"သစ်တောပြုန်းတီးမှုတွေ ရှိမယ်ဆိုရင်တော့ အဓိက ရင်ဆိုင်ရမှာက သဘာဝ ဘေးဒဏ် ခံရမှာပေါ့နော်။ ကရင်နီမှာရှိတဲ့ ပြည်သူလူထု က စိုက်ပျိုးရေးကိုပဲ သူတို့ လုပ်ကိုင် စားသောက်ကြရတယ်ဆိုတော့ ရေရှားပါးမှုနဲ့ ရင်ဆိုင်ရမှာပေါ့။ အခုလည်း ရေရှားတဲ့ပြသနာကို ရင်ဆိုင်ရပြီလေ။ ကရင်နီပြည်မှာ သစ်တောတွေပြုန်းတီးလို့ မိုးတွေ မရွာဘူး။ ရေတွေလည်း မရှိဘူးပေါ့နော်။ မြန်မာပြည် ဘက်မှာ ဘယ်လောက်ပဲ ရေလွှမ်းမိုးနေပါစေ။ ဒီမှာတော့ ရေမရှိဘူးဖြစ်နေတယ်။ အခု တောင်သူတွေဆို ဒုက္ခရော်ကနေပြီပေါ့နော်။ နှမ်းခင်းတွေ စိုက်ကြတယ်။ စပါးတွေစိုက်တယ်။ ဒါပေမဲ့ သူက မိုးမရွာဘူးလေ။ အခု ရာသီဥတုဒဏ်တွေ ခံနေရပြီလေ။ "

ကယားပြည်နယ်အတွင်းသစ်တောပြုန်းတီးမှုဟာ ပြည်နယ်တခုလုံးအတိုင်းအတာအရ ၅၀ရာခိုင်နှုန်းရှိနေပြီးလို့လဲ ဆရာစေးရယ်စိုး ကပြောပါတယ်။

ကယားပြည်နယ်အစိုးရအနေနဲ့ ၂၀၁၃ခုနှစ် အထိနောက်ဆုံး ထားပြီး ပြည်ပကို တင်ပို့ဖို့ သစ်တန်ချိန်(၇၀၀၀)ကျော်နဲ့ ဒေသတွင်း လိုအပ်ချက်ဖြစ်တဲ့ သစ်တန်ချိန် (၂၆၀၀) ထုတ်လုပ်ဖို့ ဒေသခံ ကုမ္ပဏီ လေးခု အပါအဝင် လုပ်ငန်းရှင် ကုမ္ပဏီ ဆယ်ခု ကို ပြည်နယ် သစ်တောနဲ့ သတ္တုတွင်းဝန်ကြီးဌာနကနေ ခုတ်လှဲ တင်ပို့ခွင့် ပြုထားခဲ့ပါတယ်။

မြန်မာနိုင်ငံကနေ သစ်တွေကို အိမ်နီးချင်းနိုင်ငံတွေဖြစ်တဲ့ တရုတ် ထိုင်း အိန္နိယနိုင်ငံတွေကို အများဆုံးတင်ပို့နေတာဖြစ်ပြီး တစ်နှစ် ကို ပျမ်းမျှအားဖြင့် မက်ထရစ် တန်ပေါင်း ၁ ဒသမ ၆ သန်း ခန့်ရှိနေတယ်လို့ လန်ဒန် အခြေစိုက် သဘာဝ ပတ်ဝန်းကျင်ဆိုင်ရာ စုံစမ်း ထောက်လှမ်းရေး အေဂျင်စီ (EIA) ကနေ ထုတ်ပြန်ထားပါတယ်။

ဒီလိုတိုင်းရင်းသားဒေသမှာ ထွက်ရှိတဲ့ မြေပေါ်မြေအောက်သယံဇာတတွေကို ထုတ်ယူရောင်းချနေပေမဲ့လဲ ဒေသခံတိုင်းရင်းသား တွေအတွက် တစုံတရာ အကျိုးအမြတ် ခံစားခွင့်မရှိတဲ့ အခြေအနေကြောင့် မြန်မာအစိုးရနဲ့ တိုင်းရင်းသားလူမျိုးစုတွေ အကြားမှာ ပဋိပက္ခဖြစ်ပွါးလာနိုင်စေတဲ့ အကြောင်းအရင်းတခုလို့လည်း KNPP အတွင်းရေးမှူး ဦးအောင်ဆန်းမြင့်ကပြောပါတယ်။

KNPPခေါ် ကရင်နီအမျိုးသားတိုးတက်ရေးပါတီရဲ့ သြဂုတ်လ(၄)ရက်နေ့ကနေ (၇)ရက်နေ့ အထိ ကျင်းပခဲ့တဲ့ ဗဟိုကော်မီတီ အစည်းအဝေးကနေ သဘာဝ ပါတ်ဝန်းကျင်ရေရှည်တည်တန်ကခိုင်မြဲရေးနဲ့ သဘာဝဒဏ် ကျရောက်မယ့် ဘေးအန္တရာယ်ကို ကာကွယ် တားဆီး ဖို့အတွက် ကျွန်းသစ်နဲ့ တခြားသစ်မာတွေကို အသစ်ထပ်မံ ခုတ်လှဲခြင်း စီးပွါးဖြစ် လုပ်ကိုင်ခြင်းတို့ကို လုံးဝတားဆီးပိတ်ပင်သွား မယ်လို့လဲ ကြေညာချက် ထုတ်ပြန်ခဲ့ပါတယ်။

နိုင်ကွန်းအိမ် / ဗွီအိုအေ (မြန်မာပိုင်း)

လူသေကောင်များ မပုပ်အောင် စီမံရာတွင်အသုံးပြုသည့် ကင်ဆာအေးဂျင့် ဖော်မလင်ကို မုန့်ဖတ်၊ ပဲပြား၊ ချက်နို့ဆီများ၌ တွေ့ရှိရဟုဆို



  လူသေများတွင် မပုပ်မသိုးအောင်စီမံသည့် ဖော်မလင် (formalene) ကို စားသောက် ကုန်များဖြစ်သည့် မုန့်ဟင်းခါးဖတ်၊ မုန့်တီ၊ နန်းကြီး၊ ပဲပြား၊ ချက်နို့ဆီစသည်များတွင် အသုံးပြုမှု များပြားလာသည်ဟု မြန်မာ နိုင်ငံ စားသုံးသူ ကာကွယ်ရေးအသင်း ဥက္ကဋ္ဌ ဦးဗအုပ်ခိုင်က News Watch ဂျာနယ်သို့ ပြော ကြားခဲ့သည်။

၎င်းးမှ “မုန့်ဟင်းခါးဖတ်၊ မုန့်တီ၊ နန်းကြီးဖတ်၊ ပဲပြားတို့၊ ချက်နို့ဆီတွေမှာ ကြာရှည်ခံအောင် ဖော်မလင်သုံးလာတာ တော်တော်တွေ့လာရတယ်။ နယ်မြို့တွေ မှာရော၊ ရန်ကုန်မြို့ရော ဒီကိစ္စက ပြည်သူကို အသိပေးသင့်တယ်။ ဖော်မလင်က ရိုးတွင်းချဉ်ဆီအထိကို ဒုက္ခပေးတယ်”ဟု ပြောကြားခဲ့သည်။

ယင်းကဲ့သို့ ကြာရှည်ခံစေမည့် ဖော်မလင်များ အသုံးပြုလာမှုကြောင့် ဓာတ်သိ မုန့်ဟင်းခါးဖိုများမှ မုန့်ဖတ်များ လက်ညှစ် မုန့်ဖတ်များသာ ရွေးချယ်စားသုံးသင့်သည် ဟု အကြံပြုပြောကြားခဲ့သည်။

“မုန့်ဟင်းခါးဆိုရင် အရင်က မနက်ဝယ်ပြီး ညနေကျရင် ချဉ်တယ်။ အခုကျတော့ နှစ်ရက်၊ သုံးရက်အထိကို မချဉ်ဘူး။ ဖော်မလင်က လူသေကောင်တွေ မပုပ် မသိုးအောင်သုံးတဲ့ ဆေးပဲ။ အခု ဆရာတို့ဆိုရင် ပဲပြား၊ ချက်နို့ဆီ၊ မုန့်ဟင်းခါး၊ မုန့်တီ၊ နန်းကြီးဖတ်တွေ မစားတော့ဘူး။ တော်တော်များများကို သုံးနေတာတွေ့လို့ပါ”ဟု ပြောကြားခဲ့သည်။

ယင်းကိစ္စများနှင့် ပတ်သက်၍လည်း တိကျသည့်ဖော်ထုတ်မှုများ လုပ်ဆောင် သွားမည့်အပြင် အရေးယူနိုင်သည့်အပိုင်းများအထိရောက်ရှိရန် ဆောင်ရွက်သွားမည်ဟု ဆိုသည်။ “အစိုးရဘက်က စားသုံးသူ ရေးရာ ဦးစီးဌာနက ပညာပဲပေးနေတယ်။ ဆရာတို့ဘက်ကတော့ ပညာပေးတဲ့အဆင့်က မထိရောက်ဘူးလို့ ယူဆတယ်။ တိတိကျကျ ဖော်ထုတ်ပြီးတော့ ကိုင်တွယ်ဖို့လိုတယ်”ဟု ပြောကြားခဲ့သည်။

ဖော်မလင် အသုံးပြုမှုတွင် ယင်းအစားအသောက်များတွင်သာမက ဟင်းသီးဟင်းရွက်များ ကြာရှည်ခံရန် အသုံးပြုမှု တွင်ကျယ်လာသည်ဟု ဆိုသည်။

“တချို့ဟင်းသီးဟင်းရွက်တွေမှာလည်း သုံးတယ်။ တနေရာက တနေရာ ခရီးဝေးသယ်တဲ့ ဟင်းသီးဟင်းရွက်တွေမှာလည်း ဖော်မလင်သုံးတယ်။ ဖော်မလင်သုံးမယ်ဆိုရင် ဖော်မယ်ဒီဟိုက်ဆိုတဲ့ အဆိပ်က ရောဂါမျိုးစုံဖြစ်စေပြီး ကင်ဆာလည်း ဖြစ်စေတယ်”ဟု ပြောကြားခဲ့သည်။

ကိုခက်
News Watch(စောင့်ကြည့်သတင်းဂျာနယ်)

ကြိုးဆွဲချ သေဆုံးသည့် NLD ကိုယ်စားလှယ်လောင်းနေရာ အချိန်မီ အစားထိုး



            ကြိုးဆွဲချ သေဆုံးသည့် အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် ကိုယ်စားလှယ်လောင်း၏ နေရာအား အချိန်မီ အစားထိုးခဲ့ကြောင်း ဧရာဝတီတိုင်း ဒေသကြီး ပါတီ ဥက္ကဋ္ဌ ဒေါက်တာမျိုးညွန့်က The Messenger Media သို့ ပြောသည်။

          ““ကျွန်တော်တို့ ချက်ချင်းပဲ အချိန်မီပေါ့ ၊ လပွတ္တာခရိုင် အဖွဲ့ချုပ်ဥက္ကဋ္ဌ ဦးထွန်းလှကို အစားထိုးလိုက်ပါပြီ””ဟု ၎င်းက ပြောသည်။

          လပွတ္တာမြို့နယ် ဒီချုပ်ပါတီ အတွင်းရေးမှူး တိုင်းဒေသကြီး လွှတ်တော် ကိုယ်စားလှယ်လောင်း ဦးတင်ထွန်း အသက် (၆၀)သည်  (သြဂုတ်၁၄) နံနက်(၂)နာရီ ကျော်ခန့်က နေအိမ်တွင် ဆွဲကြိုးချသေဆုံးခဲ့ကြောင်း လပွတ္တာရဲစခန်းမှ သိရသည်။

          ““သူကတော့ ဒီပရက်ရှင်လို့ ထင်တယ်။ ဒီအချိန်ကာလက ဝေစုတွေများတယ်။ ခြိမ်းခြောက်မှုတွေ များတယ်။ ရွေးရမှာတွေ စဉ်းစားရမှာတွေ များတဲ့အခါ ဖြစ်တတ်ပါတယ်””ဟု ဒေါက်တာမျိုးညွန့် ကဆိုသည်။

          သေဆုံးသူ အလောင်းကို လပွတ္တာခရိုင် ဆေးရုံကြီးတွင် ရင်ခွဲစစ်ဆေးမှုများ ဆောင်ရွက်နေသည်ဟု လပွတ္တာရဲစခန်းမှ တာဝန်ရှိသူတစ်ဦးက ပြောသည်။

The Messenger Media

မီတာ ၁၀၀၀ အကွာမှ ကျည်ဆန်သုံးတောင့်နှင့် စစ်သွေးကြွသုံးယောက်ကို ဇီဝိန်ခြွေ၍ သားအဖနှစ်ယောက်ကို ကယ်တင်နိုင်ခဲ့



  ဖခင်တဦးနှင့်ရှစ်နှစ်အရွယ် သားလေးတယောက်တို့ကို အိုင်အက်စ်စစ်သွေးကြွတွေက ယုံကြည်မှု ဘာသာမကူးပြောင်းတဲ့အတွက် လူမြင်ကွင်းမှာ ခေါင်းဖြတ်သုတ်သင်ဖို့ ဆွဲထုတ်လာခဲ့တယ်။ ဒါပေမဲ့ ကံကောင်းချင်တော့ ခေါင်းဖြတ်ကာနီးမှာ မီတာ ၁၀၀၀ အဝေးက လက်ဖြောင့်တပ်သားတွေရဲ့လက်ချက်ကြောင့် ခေါင်းဖြတ်စီရင်မယ့်သူ ထိမှန်သေဆုံးသွားပြီး သားအဖနှစ်ယောက် ခေါင်းဖြတ်ခံရမယ့်ဘေးက လွတ်မြောက်သွားခဲ့ပါတယ်။


 သတင်းရင်းမြစ်များအရ စစ်သွေးကြွတွေဟာ ဆီးရီးယားတူရကီနယ်စပ်မှာရှိတဲ့ မြို့တမြို့ကိုဝင်လာကြပြီး သူတို့ နဲ့ဆန့်ကျင်ဘက် ရှီယိုက်ဘာသာဝင်တွေကို ဖမ်းဆီးခဲ့တယ်။ ဆွန်နီဘာသာကို မကူးပြောင်းတဲ့သူမှန်သမျှ ခေါင်း ဖြတ်ပြီး ကွပ်မျက်ခဲ့ကြပါတယ်။ ဒီနည်းနဲ့ရှီယိုက်ဘာသာဝင် သားအဖနှစ်ယောက်ကို လူမြင်ကွင်းမှာ ခေါင်းဖြတ် အပြစ်ပေးဖို့ပြင်ဆင်နေချိန်မှာ အီရတ်စပိုင်တဦးက ယင်းဒေသမှာရှိနေတဲ့ ဗြိတိသျှအထူးလေကြောင်းတပ်ဖွဲ့ကို လှမ်းပြီး အကြောင်းကြားခဲ့တယ်။

 အထူးတပ်ဖွဲ့ လက်ဖြောင့်သမားတွေက မှန်ပြောင်းနဲ့ မြင်တွေ့နေရတာ ကတော့ ဓားရှည်ကိုင်ထားတဲ့ လက်မရွံ့လူသတ်သမားနဲ့ အေကေ ၄၇ သေနတ်ကိုင်ထားတဲ့ စစ်သွေးကြွ နှစ်ယောက်ဟာ သားအဖနှစ်ယောက်ကိုသတ်ဖြတ်ဖို့ ပြင်ဆင်နေတာတွေ့ရတယ်။ အရပ်ရှည်ရှည် မုတ်ဆိတ် မွေးနဲ့ အကြမ်းဖက်လူသတ်သမားက သူ့ရဲ့ဓားရှည်ကို ဆွဲထုတ်တယ်။ သားအဖနှစ်ယောက်ကို ရိုက်ပုတ်ပြီး ခြေထောက်နဲ့ကန်တယ်။

 ဒီအချိန်မှာ မီတာ ၁၀၀၀ အကွာကနေပြီး ဗြိတိသျှလက်ဖြောင့်သေနတ်သမားက လူသတ်ကောင်ရဲ့ဦးခေါင်းတည့်တည့်ကိုချိန်ပြီး ပစ်ထည့်လိုက်တယ်။ ဒသမ ၅၀ ကျည်ဆန်ဟာ လူသတ်သမား ရဲ့ခေါင်းကို ဖောက်ထွင်းသွားခဲ့တယ်။ အဲဒီနောက်မှာတော့ သေနတ်ကိုင်ထားတဲ့ အိုင်အက်စ်စစ်သွေးကြွနှစ်ဦး ကိုလည်း ကျည်ဆန်တချက်စီနဲ့ချိန်ပြီး ပစ်ထည့်လိုက်တယ်။ ကျည်ဆန်သုံးတောင့်နဲ့ စစ်သွေးကြွသုံးဦးကို အဆုံးစီရင်နိုင်ခဲ့ပါတယ်။

 ဒါကတော့ လက်ဖြောင့်စစ်သည်တွေရဲ့ ကျွမ်းကျင်မှုနဲ့ အပြစ်ကင်းမဲ့တဲ့ လူသားတွေကို ကယ်တင်နိုင်ခဲ့တဲ့ ဖြစ်ရပ်တခုပဲ ဖြစ်ပါတယ်။

ထွဋ်ဝင်းထွဋ်
Ref : Conservative Tribune

ကိုယ်စားလှယ်လောင်း ၅,၄၀၀ ကျော် ရွေးကောက်ပွဲ ကော်မရှင်ထံ စာရင်းပေးသွင်း


ရန်ကုန်မြို့ရှိ ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်ရုံး (ဆင်ဟွာ) 
    ရန်ကုန်၊ သြဂုတ် ၁၅ ရက် (ဆင်ဟွာ)

    ၂၀၁၅ ပါတီစုံ အထွေထွေ ရွေးကောက်ပွဲ ဝင်ရောက်ရန် အတွက် ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်ထံ သတ်မှတ်ရက် နောက်ဆုံးနေ့ဖြစ်သော သြဂုတ်လ (၁၄) ရက်နေ့အထိ ကိုယ်စားလှယ်လောင်း ၅,၄၀၀ ကျော် စာရင်း ပေးသွင်းထားကြောင်း ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်က ယနေ့ ထုတ်ပြန်သည်။

အဆိုပါ ကိုယ်စားလှယ်လောင်း ၅,၄၀၀ ကျော်သည် ပါတီ ၉၀ ပါတီမှ ကိုယ်စားလှယ်လောင်းများ ဖြစ်ပြီး ကိုယ်စားလှယ်လောင်း ၁,၁၃၉ ဦး အများဆုံးအဖြစ် ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီမှ တင်သွင်းကာ ဒုတိယ အများဆုံးအဖြစ် အမျိုးသား ဒီမိုကရေစီ အဖွဲ့ချူပ်မှ ကိုယ်စားလှယ်လောင်း ၁,၁၃၈ ဦး နှင့် တတိယ အများဆုံး အဖြစ် တိုင်းရင်းသား စည်းလုံး ညီညွတ်ရေး ပါတီမှ ၇၃၀ ဦး တင်သွင်းခဲ့သည်။

အမျိုးသား တိုးတက်ရေး ပါတီက ၂၈၃ ဦး၊ အမျိုးသား ဒီမိုကရေစီ အင်အားစု ပါတီ ၂၃၆ ဦး၊ မြန်မာနိုင်ငံ တောင်သူ လယ်သမား ဖွံ့ဖြိုး တိုးတက်ရေး ပါတီက ၂၀၆ ဦး ၊ တစ်သီးပုဂ္ဂလ အမတ်လောင်း  ၂၃၂ ဦး၊ ရှမ်းတိုင်းရင်းသားများ ဒီမိုကရက်တစ် ပါတီ (ကျားဖြူ) က ၁၉၇ ဦး၊ ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီ အဖွဲ့ချုပ် (ကျားခေါင်း) ပါတီက ၁၂၆ ဦး၊ ကရင်ပြည်သူ့ ပါတီက ၁၁၈ ဦး၊ ရခိုင် အမျိုးသားပါတီ ၆၄ ဦး ၊ မွန် အမျိုးသားပါတီ ၅၁ ဦး စသည်ဖြင့် အသီးသီး စာရင်းသွင်း ထားသည်။

ကော်မရှင် ထုတ်ပြန်ချက်အရ သြဂုတ်လ ၁၄ ရက်ထိ ပြည်သူ့ လွှတ်တော်အတွက် ကိုယ်စား လှယ်လောင်း အရေအတွက် ၁,၅၄၅ ဦး၊ အမျိုးသား လွှတ်တော်အတွက် ၇၉၁ ဦး၊ ပြည်နယ်တိုင်း လွှတ်တော်နှင့် တိုင်းရင်းသား လူမျိုးစု မဲဆန္ဒနယ် အတွက် ၃,၀၇၂ ဦး စုစုပေါင်း ၅,၄၀၈ ဦး စာရင်း ပေးသွင်းထားသည်။

(Xinhua)
http://www.xinhuamyanmar.com

အပစ်ရပ် လက်မှတ်ထိုးရေး လက်နက်ကိုင် ၁၅ ဖွဲ့ထံ သမ္မတ ဖိတ်ကြားစာပို့

ဓာတ်ပုံ - သမ္မတရုံးဖေ့စ်ဘွတ်ခ်

တနိုင်ငံလုံး အပစ်ရပ်စာချုပ် လက်မှတ်ထိုးဖို့အတွက် တိုင်းရင်းသားလက်နက်ကိုင်တပ်ဖွဲ့ ၁၅ ဖွဲ့ထံ သမ္မတ ဦးသိန်းစိန်က သြဂုတ် ၁၁ ရက်မှာ ဖိတ်ကြားစာပေးပို့ထားတယ်လို့ အစိုးရနဲ့ တပ်ဖွဲ့တို့ နှစ်ဘက်စလုံးက ထုတ်ဖော်ပြောကြားလိုက်ပါတယ်။
သမ္မတ လက်မှတ်ထိုးထားတဲ့ ဖိတ်ကြားစာကို တပ်ဖွဲ့တဖွဲ့ချင်းစီထံ ပေးပို့ခဲ့တာဖြစ်ပြီး လက်မှတ်ထိုးတဲ့အခါမှာလည်း တဖွဲ့ချင်းစီနဲ့ လက်မှတ်ထိုးမှာ ဖြစ်တယ်လို့ မြန်မာငြိမ်းချမ်းရေးစင်တာက အကြီးတန်းအကြံပေး ဦးလှမောင်ရွှေက ပြောပါတယ်။
“လက်မှတ်ရေးထိုးတယ်ဆိုတာက တဖွဲ့ချင်းနဲ့ ထိုးရမှာ ခင်ဗျ၊ တဖွဲ့ချင်းနဲ့ပဲ ထိုးရမှာဖြစ်တဲ့အတွက် တဖွဲ့ချင်းကိုပဲ ဖိတ်စာ ပို့တာပါ။ ဖိတ်ကြားတယ်ဆိုတာကလည်း အစိုးရရဲ့ သူ့ရဲ့ ဆောင်ရွက်ဖို့ ကြိုတင်ပြင်ဆင်ထားတဲ့ဟာကို ဆောင်ရွက်တယ်လို့ပဲ ကျနော့်အနေနဲ့ နားလည်ပါတယ်။”
အစိုးရနဲ့ အပစ်ရပ်ရေးဆွေးနွေးနေတဲ့ တိုင်းရင်းသားအဆင့်မြင့်ကိုယ်စားလှယ်အဖွဲ့က နိုင်ဟံသာက သူတို့ဆီ သမ္မတဖိတ်စာရောက်ရှိတယ်လို့ ပြောပြီး အစိုးရက ရသလောက်ဆွဲပြီး လက်မှတ်ထိုးမယ့် ပုံစံမျိုးဖြစ်နေတယ်လို့ မှတ်ချက်ပေးပါတယ်။
“ကျနော် မြင်တာကတော့ စုစည်းနေတဲ့ အင်အားစုတွေကို သူတို့က ခွဲပြီးတော့မှ ရသလောက်ဆွဲမယ်ဆိုတဲ့ ပုံစံမျိုး သက်ရောက်တယ်လို့ ကျနော် ထင်တယ်။ ဒါကတော့ တဘက်က အလားအလာ မကောင်းဘူးလို့ မြင်တယ်။ ဘာ့ကြောင့်လဲဆိုတော့ တနိုင်ငံလုံးမှာ တည်ရှိနေတဲ့ လက်နက်ကိုင်အားလုံးနဲ့ ပါဝင်ပြီး ဆွေးနွေးတာကတော့ ပြီးမယ်ဆိုရင်တော့ အားလုံး ပြေလည်သွားတာပေါ့လေ၊ ဟို တခြမ်း ဒီတခြမ်းနဲ့ကတော့ တနိုင်ငံလုံး အသွင် မဆောင်ဘူး။”
အပစ်ရပ်စာချုပ်ပါ အချက်အားလုံးကို နှစ်ဘက် သဘောတူထားပြီးဖြစ်ပေမယ့် တိုင်းရင်းသားတို့ဘက်က တပ်ဖွဲ့အားလုံးပါဝင်ရေး တောင်းဆိုနေတာဖြစ်ပြီး အစိုးရဘက်က တပ်ဖွဲ့ ၁၅ ခုနဲ့ပဲ လက်မှတ်ထိုးမယ်လို့ ပြောဆို ရပ်တည်နေကြတာ ဖြစ်ပါတယ်။
ဒီကြားထဲ သြဂုတ် ၂၅ ရက် ၀န်းကျင်မှာ သမ္မတနဲ့ တိုင်းရင်းသားတပ်ဖွဲ့ခေါင်းဆောင်တချို့ တွေ့ဆုံ ဆွေးနွေးကြဖို့ရှိပြီး လာမယ့် စက်တင်ဘာလဆန်းပိုင်းမှာ လက်မှတ်ထိုးကြမယ်ဆိုတဲ့ သတင်းတွေ ထွက်ပေါ်နေပါတယ်။
DVB

ကာရာအိုကေနှင့် နိုက်ကလပ်များ (၁၁) နာရီ မပိတ်ပါက ထောင်ဒဏ်ဖြင့် အရေးယူမည်


ဓါတ်ပုံ - အင်တာနက်
          ရန်ကုန်တိုင်း ဒေသကြီးတွင် မြို့နယ် (၄၄) မြို့နယ်ရှိ စားသောက်ဆိုင်၊ ကာရာအိုကေ၊ နိုက်ကလပ်များ (၁၁) နာရီ အချိန်တွင် မပိတ်ပါက ဆိုင်ပိတ်ထောင်ချသည် အထိ အရေးယူမည် ဖြစ်ကြောင်း မြို့နယ်ရဲမူးကြီး တစ်ဦးထံမှ သိရသည်။

          ''ထွေအုပ်မှာ လိုင်စင် ပေးကတည်းက (၁၁) နာရီကျော်ရင် သူတို့ မဖွင့်ပါဘူးဆိုပြီး လက်မှတ် ထိုးထားတာ ဒါကို သူတို့ လိုက်နာမှုမရှိဘဲ သုံးနာရီ လေးနာရီ အထိ ဖွင့်ပြီးတော့ ညဥ့်နက်ပိုင်းမှာ ဒုစရိုက်မှုတွေလည်း ခဏခဏ ဖြစ်တယ်။ အဓိက ရည်ရွယ်ချက် ကတော့ ဒုစရိုက်မှုတွေ လျော့ကျသွားအောင် ဆောင်ရွက်တာပါ'' ဟု ၄င်းကဆိုသည်။

            အဆိုပါ ရန်ကုန်တိုင်း ဒေသကြီးတွင် သြဂုတ်လ (၁၃) ရက်နေ့မှ စတင်ကာ ရာဇ၀တ်မှု လျော့ကျစေရေး အတွက် စားသောက်ဆိုင်၊ ကာရာအိုကေနှင့် နိုက်ကလပ်များကို ည (၁၁)နာရီ နောက်ဆုံး ထားပိတ်ရန် ဒေသန္တရ အမိန့် ထုတ်ပြန်ကြောင်းနှင့် (၂၄) နာရီ ဖွင့်သော စတိုးဆိုင်များ အနေဖြင့် ပိတ်သိမ်းရန် မလိုအပ်သော်လည်း ည (၁၁) နာရီ နောက်ပိုင်း အရက်ဘီယာ ရောင်းချခွင့် လုံးဝမပြုကြောင်း သိရသည်။

ရဲကျော်ထက်
The Messenger Media

သူရဦးရွှေမန်း၏ ဆန္ဒအမှန်



  မိမိ၏ဆန္ဒအမှန်

❖ နိုင်ငံနှင့် နိုင်ငံသားများ အကျိုးစီးပွားဖြစ်ထွန်းရေးသာ အဓိကဦးတည်ဆောင်ရွက်ရန်မှာ မိမိ၏ဆန္ဒအမှန် ဖြစ်သည်။
❖ နိုင်ငံနှင့် နိုင်ငံသားများ ဒုက္ခရောက်စေနိုင်သော မည်သည့်ကိစ္စကိုမှ မိမိမလုပ်သကဲ့သို့ အခြားသူများကိုလည်း မလုပ်စေလိုပါ။
❖ ထိုစိတ်ရင်းအမှန်ဖြင့် ဆောင်ရွက်ရာတွင် အခက်အခဲ၊ အကျပ်အတည်း၊ အတားအဆီးများစွာ ရှိနိုင်သည်ကို မိမိသိရှိထားပါသည်။
❖ မိမိအနေဖြင့်လည်း အသက်အရွယ်ရရှိလာပြီဖြစ်၍ လုပ်ဆောင်ရန် အချိန်များစွာ မကျန်တော့ပါ။ ကံအားလျော်စွာ ပြည်သူ့ကိုယ်စားလှယ်၊ လွှတ်တော်ဥက္ကဌအဖြစ် ရောက်ရှိလာချိန်တွင် ပြည်သူအတွက် လုပ်ဆောင်ရန် အခွင့်အလမ်း ပိုမိုရရှိခဲ့ပါသည်။
❖ လက်ညှိုးထောင်ခေါင်းညိတ် (မည်ကာမတ္တ လွှတ်တော်မျိုး)ကိုသာ တစ်ချို့က ဖြစ်စေလိုချိန်တွင် မိမိတို့က လွှတ်တော်သည် နိုင်ငံ၏ အသက်ဝိညာဉ်၊ အသက်သွေးကြောဖြစ်ကာ "လွှတ်တော်မရှိ ဒီမိုကရေစီ မရှိ၊ လွှတ်တော်ရှိမှ ဒီမိုကရေစီရှိသည်" ဟုခံယူပြီး ဆောင်ရွက်ခဲ့သည့်အချိန်မှစ၍ အခက်အခဲများစွာ ကြုံတွေ့လာရပါသည်။
❖ နောင်တွင် အခက်အခဲထက် အန္တရာယ်များစွာ ကျရောက်လာအောင် ဖန်တီးလုပ်ဆောင်မှုများ ပေါ်ပေါက်လာနိုင်မည်ဟုလည်း ကြိုတင်သုံးသပ်မိခဲ့ပါသည်။
❖ ပြည်သူ့ကိုယ်စားလှယ်အဖြစ် တာဝန်ရှိလာသည့် (၅)နှစ်တာကာလအတွင်း ပြည်သူ့အတွက် ဘ၀ပေး၍ လုပ်ဆောင်သွားမည်ဟုလည်း အကြိမ်ကြိမ် မိမိကိုယ်မိမိ ကတိသစ္စာပြုကာ အားပေးခဲ့ပါသည်။
❖ ထိုသို့ဆောင်ရွက်ရာတွင် မိမိကြောင့် အများပြည်သူများ ဒုက္ခမတွေ့စေရ၊ အခက်အခဲမတွေ့စေရ၊ ပြသနာများမဖြစ်စေရအောင် သတိနှင့်ယှဉ်ပြီး ဆောင်ရွက်သွားမည်ဖြစ်ပါသည်။ ( "ပြည်သူအားလုံး" ဆိုသည်မှာ "အားလုံးသောနိုင်ငံသားများ" ကို သစ္စာပြုထားခြင်း ဖြစ်ပါသည်။)

အများအကျိုးဆောင်ရွက်နိုင်ကြပါစေ..။

သူရဦးရွှေမန်း
H.E. Thura U Shwe Mann (fb)
https://www.facebook.com/HEThuraUShweMann

မတ္တရာမြို့နယ်အတွင်း တံငါချောင်းမကြီးမှ ရေများမြင့်တက်မှုဖြစ်ပွား



 မတ္တရာ သြဂုတ် ၁၅

 မန္တလေးတိုင်းဒေသကြီး ၊ ပြင်ဦးလွင်ခရိုင်၊ မတ္တရာမြို့နယ် အတွင်း တောင်ကျရေကြောင့် ဆည်တော်ကြီး ရေလှောင်တမံမှ သတ်မှတ်ရေ အမှတ်ထက် ကျော်လွန်သော ရေများကို ရေထွက်ပေါက်မှ
ရေချိန်လျှော့ သဖြင့် ယနေ့နံနက် (၆) နာရီ အချိန်မှစ၍ မတ္တရာမြို့နယ်အတွင်းရှိ တံငါချောင်းမကြီး၏ သတ်မှတ် သည့်ရေ အမှတ်(၂၁) ပေသို့ရေအပြည့် ၀င်ရောက် သဖြင့် ချောင်းမကြီးဘေးရှိ ကျေးရွာများသို့ ရေအနည်း ငယ် ၀င်ရောက် လျှက်ရှိကြောင်းသိရှိရသည်။


အဆိုပါ ချောင်းရေလျှံခြင်းကြောင့် ယနေ့နံနက် (၇)နာရီအချိန်တွင် အနီးအနားရှိကျေးရွာများ ၊ မန္တလေး -မိုးကုတ်ကားလမ်းမပေါ်ရှိ မိုင်တိုင်အမှတ် (၂၅/၄ ) နှင့် (၂၅/၅) ကြားတွင် ကားလမ်းမ ပေ ၄၀၀ ခန့်အား (၁) ပေခန့် ရေကျော် လျှက်ရှိရာ အုတ်တိုက်၊ အထက်တောင်ကိုင်း၊ သပြေသာ၊ သပြေချောင်၊ အင်းတံခါး၊ ဝေါစု၊ ချောင်းကြီးရိုး၊ ကျွဲတပ်၊ ပုဂံစု နှင့် ကျောက်စရစ် (မ) စသည့် ကျေးရွာများတွင် (၁) ပေမှ (၃) ပေခန့် အထိ ရေများဝင်ရောက်လျှက်ရှိသည်။

ထို့နောက် ရေ၀င်ရောက်သည့်ကျေးရွာများမှ ကျေးရွာအုပ်စု
အုပ်ချုပ်ရေး မှူးများနှင့် ကျေးရွာသူ/သား များမှ ရေ၀င်ရောက်သည့် နေရာများကို သဲအိပ် များဖြင့် ဘောင်ဖို့ခြင်း၊ ရေကင်းများချထား၍ စောင့် ကြည့်လျှက် ရှိကြောင်းနှင့် မြို့နယ် သဘာဝဘေးအန္တရာယ် ကာကွယ်ရေး စောင့်ရှောက်ရေး စီမံခန့်ခွဲမှု ကော်မတီဝင်များမှ လည်း လိုအပ်သည်များ ကိုကြိုတင်ပြင်ဆင် ဆောင် ရွက် လျှက်ရှိပြီး ရေ၀င်ရောက် သည့် ကျေးရွာများ သို့ သွားရောက် ၍ အနီးကပ်ကြီးကြပ်ဆောင်ရွက် လျှက်ရှိ ကြောင်း သိရှိရသည်။

( ပြင်ဦးလွင် ခရိုင် ပြန်/ဆက်)
MOI Webportal Myanmar

ထိုင်းကုမ္ပဏီနဲ့ မြန်မာအစိုးရတို့ ထားဝယ်စီမံကိန်း ပြန်စရန် လက်မှတ်ထိုး


ကျော်ဆုမွန်| August 15, 2015 ဧရာဝတီသတင်း

ထားဝယ် အထူးစီးပွားရေးဇုန် ဆောက်လုပ်ရေး နှင့် ရေနက်ဆိပ်ကမ်းကြီး တည်ဆောက်ရန် မြန်မာအစိုးရနှင့် ဘန်ကောက် အခြေစိုက် အီတာလျံထိုင်း ကုမ္ပဏီ Italian Thai Development (ITD) တို့သည် ဩဂုတ်လ ၅ ရက်နေ့က တွေ့ဆုံ လက်မှတ်ရေးထိုးခဲ့ကြောင်း ပို့ဆောင်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးဟံစိန်၏ ကိုယ်ရေး အရာရှိ ဦးကျော်စွာဦးက ဧရာဝတီသို့ ပြောသည်။

ဩဂုတ်လ ၄ ရက်နေ့က နေပြည်တော်တွင် ကျင်းပသည့် ၆ ကြိမ်မြောက် လုပ်ငန်းကော်မတီ အစည်းအဝေးသို့ ထိုင်း-ဂျပန်မှ အဖွဲ့ဝင်များနှင့် မြန်မာအစိုးရတို့ တက်ရောက်ခဲ့ကြပြီး ထားဝယ် အထူးစီးပွားရေးဇုန် အတွက် ရေရှည်ရင်းနှီး မြှုပ်နှံမှု အစီအစဉ်များကို အသေးစိတ် ဆွေးနွေးခဲ့ကြသည်။

“သက်ဆိုင်ရာ ထိုင်းကုမ္ပဏီနဲ့ မြန်မာအစိုးရတို့ ထားဝယ် စီမံကိန်း အတွက် ဒီနေ့ လက်မှတ် ရေးထိုးခဲ့တယ်” ဟု ဦးကျော်စွာဦးက ဩဂုတ်လ ၅ ရက်နေ့က ပြောသည်။

ဩဂုတ်လ ၅ ရက်နေ့ထုတ် မြန်မာ့အလင်း နေ့စဉ်ထုတ် သတင်းစာတွင် ဖော်ပြချက်အရ အလုပ်သမား၊ အလုပ် အကိုင်နှင့် လူမှုဖူလုံရေး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးအေးမြင့်သည် ကနဦးစီမံကိန်းကို ITD နှင့် လက်မှတ် ထိုးပြီး သည့်နောက် ၈ နှစ်အတွင်းမှာ ပြီးစီးအောင်ဆောင် ရွက်သွားမည် ဖြစ်ကြောင်း ပြောသည်။

ကနဦး စီမံကိန်းတွင် ထားဝယ်မှ ဘန်ကောက်မြို့အနောက်မြောက် ၁၁၉ ကီလိုမီတာအကွာတွင် တည်ရှိသည့် ကန်ချနာဘူရီသို့ နှစ်လမ်းသွား ကားလမ်းကို အဆင့်မြှင့်တင်ခြင်း အပါအဝင် စီမံကိန်းအတွက် ဆောက်လုပ်ရေး လုပ်ငန်းသုံး ပစ္စည်းများကို သယ်ယူသည့် သင်္ဘောငယ်များ ဆိုက်ကပ်နိုင်ရန် ဆိပ်ကမ်းငယ်များ ဆောက် လုပ်ခြင်းတို့ ပါဝင်ပါသည်။

နောက်ပိုင်းတွင် စီမံကိန်းအတွက် ရေနက်ဆိပ်ကမ်းကြီးကို ထပ်မံတည်ဆောက်သွားမည် ဖြစ်သည်။

“လျှပ်စစ်ဓာတ်အား ရရှိရန်အတွက် သဘာဝဓာတ်ငွေ့သုံး စက်ရုံတခုကိုလည်း တည်ဆောက် နေပါတယ်” ဟု ဦးအေးမြင့်က မြန်မာ့အလင်း သတင်းစာသို့ ပြောသည်။ ဂျပန်နိုင်ငံအနေဖြင့် ကနဦးစီမံကိန်းများတွင် ပါဝင် ဆောင်ရွက် သေးခြင်းမရှိပါ။

“စီမံကိန်းလုပ်တဲ့ နေရာမှာ ဒီမှာ မူလရှိပြီးသား ကုမ္ပဏီကို ဂျပန်က ရှယ်ယာဝင်မှာပါ။ ကျနော်တို့ အခုဆွေးနွေး နေကြပါတယ်” ဟု ဦးအေးမြင့်က မြန်မာ့အလင်း သတင်းစာသို့ ပြောသည်။

ယခင်သတင်း ဖော်ပြချက်များ အရ ITD နှင့် ဖက်စပ်လုပ်ကိုင်သည့် ထိုင်းစီးပွားရေး ကုမ္ပဏီ Rojana Industrial Park တို့သည် မြန်မာနိုင်ငံ အရှေ့မြောက်ဘက် တနင်္သာရီတိုင်းတွင် တည်ရှိသည့် ထားဝယ်အထူးစီးပွာရေး ဇုန်၏ အမေရိကန် ဒေါ်လာ ၁ ဒသမ ၇ ဘီလီယံတန်ဖိုးရှိ ပထမ အဆင့် ဆောက်လုပ်ရေးအား ရင်းနှီးမြှုပ်နှံရန် စီစဉ်ခဲ့ကြ သည်။ အဆိုပါစီမံကိန်း၏ ပထမအဆင့် ဆောက်လုပ်ရေးတွင် စက်မှုလုပ်ငန်း အတွက် စတုရန်းပုံ ပတ်လည် ၂၇ ကီလိုမီတာ အကျယ် အဝန်းရှိသည့် မြေနေရာ ပါဝင်ပါသည်။

ပို့ဆောင်ရေး ဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးဟံစိန်က ၎င်းစီမံကိန်း၏ အဓိက ဒုတိယအဆင့် ဆောက်လုပ် ရေးသည် ဧရိယာဧက ငါးသောင်း ကျယ်ဝန်းကြောင်း မြန်မာ့အလင်း သတင်းစာသို့ ပြောသည်။

“ဆိပ်ကမ်းငယ်ကို တည်ဆောက်ထားပြီးတော့ အခုလက်ရှိအချိန်မှာ တန်ချိန် တသောင်းခွဲရှိတဲ့ သင်္ဘောတွေ ဆိုက်ကပ်နိုင် ပါတယ်။ ကုန်လှောင်ရုံတွေ၊ ဆိပ်ကမ်း အဝင်အထွက် သောင်တူး လုပ်ငန်းတွေ ဆောင်ရွက်ရန် ကျန်ရှိနေပါ သေးတယ်” ဟု ဦးဟံစိန်က ထပ်လောင်း ပြောကြားခဲ့သည်။

ထားဝယ်အထူးစီးပွားရေးဇုန် စီမံကိန်းသည် နှစ်ပေါင်းများစွာ ရပ်တန့်နေခဲ့ပြီး အကြောင်းရင်းမှာ ITD ကုမ္ပဏီသည် လုံလောက်သော ရင်းနှီးမြှုပ်နှံမှုများ မရှာဖွေနိုင်ခြင်းနှင့် လျှပ်စစ် ဓာတ်အားရရှိရန် မစွမ်းဆောင်နိုင်သောကြောင့် နုတ်ထွက်ခဲ့ရသည့် အတွက် နှောင်းနှေးခဲ့ခြင်း ဖြစ်သည်။

စီမံကိန်း ပြီးစီးသွားသည့် အခါတွင် ကုန်တင် သင်္ဘောများသည် ရေလမ်းကြောင်း ကျပ်တည်းသည့် မာလက္ကာ ရေလက်ကြားသို့ ဖြတ်မည့်အစား ထားဝယ် ဆိပ်ကမ်းသို့ ဆိုက်ကပ်နိုင်မည် ဖြစ်သည်။ ထားဝယ် အထူးစီးပွား ရေးဇုန် မြှင့်တင်သူများက အဆိုပါ စီမံကိန်းသည် အလုပ်အကိုင် အခွင့်အလမ်းများ ဖန်တီးပေးနိုင်ခြင်းနှင့် ထားဝယ်၏ စီးပွားရေး လုပ်ငန်းများကို မြှင့်တင်နိုင်ကြောင်း ပြောသည်။

သို့သော် ဒေါ်လာ ဘီလီယံများစွာ တန်ဖိုးရှိသည့် စီမံကိန်း မြေနေရာ အတွက် မြေသိမ်းခြင်းများ အပေါ် လျော်ကြေးငွေ လုံလောက်စွာ မရရှိသည့် တိုင်ကြားမှုများ ဖြစ်နေချိန်တွင် စီမံကိန်း ဧရိယာတွင် နေထိုင်သည့် သဘာဝပတ်ဝန်းကျင် ထိခိုက်မှုများကို စိုးရိမ်သည့် ဒေသခံအချို့၏ ခုခံမှုများ ရင်ဆိုင်ခဲ့ရသည်။

Kyaw Hsu Mon ၏ Govt, Thai Firm Ink Long-Sought Deal on Dawei SEZ: Source ကို ဆုမွန်ဖြိုး ဘာသာပြန် သည်။