Pages

Wednesday, September 16, 2015

မြိတ်မြို့ နယ်အတွင်း ရေကြီး မြေပြိုမှုများ ဖြစ်ပေါ်နေ



 16September 2015

 ယနေ့ မနက်ပိုင်း မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် မြိတ် နေရာအနှံတွင် ရေကြီးမှု နှင့်အတူ ကျွဲကူးမှာမြေပြိုမှုဖြစ်ပွား နေကြောင်း သိရပြီး မြိတ် ကျွဲကူး ကားလမ်း ရေကျော်မှု ဖြစ်ခဲ့ကြောင်း သိရပါသည်။

မိုးရေချိန် သုံးလက်မနှင့် အထက်ရှိနိုင်သည်ဟု ခန့် မှန်းတွက်ချက် ကြေငြာ မှုများ ထွက်ပေါ်လာပြီးနောက်
မိုးသည်းထန်စွာ ရွာသွန်းခဲ့ပြီး ပါရမီ ပေ၆၀ လမ်းမကြီးနှင့် ဘုရားကိုင်ချောင်း နှင့် စက်ဆပ်လျက်ရှိသော နေအိမ်တချို့ အောက်ခြေသို့ ရေဝင်ခဲ့သည်။


ယခုအခါ ပါရမီ လမ်းမကြီးသည် ဆက်လက်၍ ရေနစ်မြုပ်ဆဲဖြစ်ပြီး ပါရမီ စာသင်ကျောင်း မှ ကျောင်းသားများ ကျောင်းဆင်းချိန်တွင် အခက်တွေ့ ခဲ့သည်။

ပါရမီပေ၆၀ လမ်းမကြီးသည် ဘုရားကိုင်ရပ် မြို့ သစ်ရပ် ခရူတောရပ် ကန်ဘောင်ရိုးရပ် ကြောင်ငယ် ရပ် တို့ နှင့်ဆက်သွယ်ထားသည့် အဓိကလမ်းမကြီး တစ်ခုဖြစ်သည်။

january kopwar
Social Action for Women - SAW

ထားဝယ်တွင် မူယစ်ဆေးပျံ့နှံမှု အထက်တန်းကျောင်းအထိ ရောက်


ထားဝယ်၊ စက်တင်ဘာ ၁၆

ထားဝယ်ဒေသအတွင်းရှိ တက္ကသိုလ်များသာမက ထားဝယ်မြို့ပေါ် အထက်တန်းကျောင်းအချို့မှ ကျောင်းသားထုအတွင်းအထိပါ မူးယစ်ဆေးဝါးသုံးစွဲမှု ကျယ်ပြန့်လာကြောင်း ထားဝယ်လူမှုအဖွဲ့အစည်းများနှင့် ကျောင်းသူ/ကျောင်းသားအသိုင်းအ၀ိုင်းထံမှ သိရသည်။

ထားဝယ်မြို့ရှိ တနင်္သာရီတိုင်းဒေသကြီး အစိုးရအဖွဲ့ရုံး အနီးရှိ အမှတ် (၁) အခြေခံပညာ အထက်တန်းကျောင်းတွင် တက်ရောက်နေသော ၉ တန်းကျောင်းသားတစ်ဦးထံက ပြီးခဲ့သည့် စက်တင်ဘာလ ၁၄ ရက်နေ့က WY စိတ်ကြွဆေးပြား ၁၀၄ ပြားဖမ်းမိခဲ့ပြီး ယင်းသို့ ဖမ်းဆီးရမိသည်ကို ကြည့်ခြင်းဖြင့် ကျောင်းသားကျောင်းသူများအတွက် စိုးရိမ်စရာဖြစ်လာသည်ဟု ထားဝယ်လူမှုအဖွဲ့အစည်းအချို့နှင့် ကျောင်းသားမိဘအချို့ ကပြောသည်။

“အခုဖမ်းမိတဲ့ ပမာဏကို ကြည့်ရတာနဲ့တင် တော်တော်ရင်လေးစရာကောင်းနေပြီ” ဟု ထားဝယ်တက်ကြွလူငယ်အဖွဲ့မှ ကိုဝေဖြိုးက ပြောသည်။

အထက်တန်းကျောင်းများတွင် ယင်းသို့ မူးယစ်ဆေးဝါးပျံ့နှံ့လာခြင်းမှာ မူးယစ်ဆေးဝါနှင့်ပက်သက်သည့် တာဝန်ရှိသူများ၊ ကျောင်းတာဝန်ရှိသူများ၏ အားနည်းချက်ကြောင့်ဖြစ်သည်ဟု လူမှုအဖွဲ့အစည်းများက ထောက်ပြသည်။

 “စီးကရက်ဘူးက ခဲစက္ကူကို လိပ်ပြီး ဒီကိုဂျင်၊ ပါရာစီတမော ဆေးတွေကို ထည့် ပြီးတော့ အောက်က မီးခြစ်ခြစ်ပြီး အပေါ်ကဘောပင်ပြောင်းနဲ့ စုပ်နေတာကို အိမ်သာမှာတွေ့ဖူးတယ်။ တတ်နိုင်တဲ့သူတွေက ဆေးပြားအစစ်တွေသုံးတာတွေ့ဖူးတယ်” ဟု ထားဝယ်မြို့ပေါ် အထက်တန်းကျောင်းတစ်ကျောင်းက ၉ တန်းကျောင်းသားတစ်ဦးက ပြောသည်။

အ.ထ.က (၁) ထားဝယ်ကျောင်းတွင် ကျောင်းတက်ချိန်နောက်ကျမှ ရောက်လာသည့် ၉ တန်း ကျောင်းသားတစ်ဦးကို အတန်းပိုင်ဆရာမက စစ်ဆေးရာ ဆေးပြား ၁၀၄ ပြားတွေ့ရှိခဲ့ပြီး သက်ဆိုင်ရာ အဖွဲ့အစည်းများကို အကြောင်းကြားခဲ့သဖြင့် သွားရောက်စစ်ဆေးခဲ့ရာ WY ဆေးပြားများဖြစ်နေသည်ကို တွေ့ရကြောင်း ထားဝယ်မြို့မရဲစခန်းထံမှ သိရသည်။

ယင်းဆေးပြားများကို အိုးလုပ်ရပ်ကွက်နေ အသက် ၁၈ နှစ်အရွယ်လူငယ်တစ်ဦးက ကျောင်းသားလက်ထဲကို ကျောင်းလွှတ်ချိန်တွင် လာယူသူတစ်ဦးအားပေးရန် ထည့်ပေးလိုက်ခြင်းဖြစ်ကြောင်း သိရ၍ ကျောင်းလွှတ်ချိန်ဆေးပြားလာယူသူ အသက် ၁၉ နှစ်အရွယ် လူငယ်တစ်ဦးကို ဖမ်းမိခဲ့သော်လည်း ဆေးပြားကို ထည့်ပေးလိုက်သူမှာမူ တိမ်းရှောင် ထွက်ပြေးနေဆဲ ဖြစ်ကြောင်း ထားဝယ်မြို့မရဲစခန်းထံမှ သိရသည်။

မူးယစ်ဆေးဝါးလက်ဝယ်တွေ့ရှိသူ ကျောင်းသားနှင့် အပေါင်းပါနှစ်ဦးကို ထားဝယ်မြို့မ ရဲစခန်းက မူး/စိတ်ပုဒ်မ ၁၅/ ၁၉-က/ ၂၂-ဂ တို့ဖြင့် အမှုဖွင့်ထားကြောင်း ယင်းရဲစခန်းထံမှ သိရသည်။

ထားဝယ်၊ မြိတ်၊ ကော့သောင်းမြို့များတွင် မူးယစ်ဆေးပျံ့နှံ့မှု ပိုမိုများပြားလာသော်လည်း အများအားဖြင့် လက်လီရောင်းချသူများ၊ သုံးစွဲသူများကို ဖမ်းမိလေ့ရှိပြီး အဓိက လက်ကားဖြန့်ဝေသူကို ဖမ်းမိခြင်းမရှိပေ။

“အချို့ဆိုရင် မိဘတွေ ကိုယ်တိုင်က သားသမီးတွေကို ရောင်းခိုင်းနေတယ်ဆိုတာမျိုးတွေ အထိ ကြားလာရတယ်”ဟု ထားဝယ်မြို့ပေါ်မှ ကုန်သည်တစ်ဦး က ဆိုသည်။ 


Dawei Watch |



Tuesday, September 15, 2015

သူရဦးရွှေမန်းနှင့် ဒေါ်အောင်ဆန်းစုကြည် သီးသန့်တွေ့ဆုံ



 ပြည်သူ့လွှတ်တော် ဥက္ကဌ သူရဦးရွှေမန်းနှင့် အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည်တို့ဟာ ဒီနေ့ နံနက်ပိုင်းက ပြည်သူ့ လွှတ်တော် ဥက္ကဌ ရုံးခန်းမှာ နာရီဝက်ခန့် သီးသန့်တွေ့ဆုံခဲ့ကြောင်း သိရပါတယ်။

အဲဒီတွေ့ဆုံမှုဟာ သူရဦးရွှေမန်းကို ကြံ့ခိုင်ရေး ပါတီအတွင်း အပြောင်းအလဲ ပြုလုပ်ပြီးကာလနောက်ပိုင်း ၄ ကြိမ်မြောက် တွေ့ဆုံခြင်းဖြစ်ပါတယ်။

၎င်းတို့နှစ်ဦးဟာ ဒီကနေ့နေ့လယ်ပိုင်းမှာ လွှတ်တော်ဝန်းအတွင်းက သဘင် တောင်ခန်းမမှာပြုလုပ်မယ့် ၂၀၁၅ ခုနှစ် ဒီမိုကရေစီနေ့အခမ်းအနားကို တက်ရောက် ကြမှာ ဖြစ်ပါတယ်။

ဒီမိုကရေစီနေ့အခမ်းအနားကို မြန်မာနိုင်ငံမှာ အစိုးရသစ်တက်ပြီးကာလ ၅ ကြိမ်မြောက် အခုလိုလွှတ်တော်တွင်းမှာ ကျင်းပါတာဖြစ်ပါတယ်။

Photo: Myo Thant Khaing/ RFA
RFA Burmese

တရားရုံးထဲမှာ မိုးကုတ်ရေပူဆရာတော်ကို အကြမ်းဖက်မှု့  (ရုပ်/သံ)


မန္တလေးတိုင်း ပြင်ဦးလွင်ခရိုင် တရားရုံးမှာ မနေ့ကမိုးကုတ်မြို့က ရေပူကျောင်းတိုက် ဆရာတော် ဦးဣန္ဒကကို စစ်ဆေးနေစဉ် ရုန်းရင်းဆန်ခတ် ဖြစ်ခဲ့တဲ့ အတွက် တရားခွင်ကို ရပ်နားခဲ့ရပါတယ်။

RFA သတင်းထောက် ကိုဘုန်းမြတ်က တင်ပြထားပါတယ်။



ရိုက်ကူး - ဆက်ပိုင်တိုး/ RFA
RFA Burmese

ဘာသာရေးအရ စည်းရုံးလှုံ့ဆော်မှုတွေ မလုပ်ဖို့ နိုင်ငံခြားသံရုံး ၉ ခု တိုက်တွန်း


၂၀၁၂ ကြားဖြတ်ရွေးကောက်ပွဲ
 လာမယ့် နိုဝင်ဘာလ မြန်မာနိုင်ငံ ရွေးကောက်ပွဲအတွက်   မဲဆွယ်စည်းရုံးမှုတွေ စတင်နေချိန်မှာ၊ ဘာသာရေးကို နည်းလမ်းတခု အနေနဲ့သုံးပြီး သွေးခွဲမှုတွေနဲ့ ပဋိပက္ခတွေ ဖြစ်ပေါ်လာနိုင်ချေကို စိုးရိမ်ပူပင်တဲ့အကြောင်း ရန်ကုန်အခြေစိုက် အမေရိကန်သံရုံးအပါအ၀င် အနောက်နိုင်ငံသံရုံး ၉ ရုံးကနေ ပူးတွဲထုတ်ပြန် ကြေညာပါတယ်။ ရွေးကောက်ပွဲ စည်းမျဉ်းနဲ့ဥပဒေတွေကို အသုံးပြုတဲ့နေရာမှာ လူမျိုး ဘာသာ နိုင်ငံရေးပါတီမရွေး မျှတမှုရှိစေဖို့နဲ့ တသားမတ်တည်းရှိဖို့ ပွင့်လင်းမြင်သာမှု ရှိဖို့တွေကိုလည်း တိုက်တွန်း တောင်းဆိုထားပါတယ်။

"မြန်မာနိုင်ငံမှာ သွေးကွဲမှုနဲ့ အရပ်ဘက် ပဋိပက္ခတွေ ဖြစ်ခဲ့ဘူးတဲ့ သာဓကတွေရှိခဲ့ဘူးတဲ့အတွက် ရွေးကောက်ပွဲ ငြိမ်းချမ်းပြီး အားလုံး ပါဝင်နိုင်ဖို့၊ သည်းခံစိတ်၊ အပြန်အလှန်လေးစားစိတ်နဲ့။ ကျောသားရင်သား မခွဲခြားဘဲ မျှတမှု ရှိတဲ့ တရားဥပဒေ ဖြစ်ရေး၊ အသိအမြင် ကျယ်ပြန့်လာစေရေး၊ နိုးဆော်ပေးပါဆိုပြီး မြန်မာအစိုးရ၊ ရွေးကောက်ပွဲ ကော်မရှင်၊ နိုင်ငံရေးပါတီတွေ၊ အရပ်ဖက်နဲ့ ဘာသာရေး ခေါင်းဆောင်တွေ အပါအ၀င် နိုင်ငံသားအားလုံးကိုတိုက်တွန်းထားပါတယ်။ သြစတေးလျသံရုံး၊ ကနေဒါ သံရုံး၊ ဒိန်းမတ်သံရုံး၊ ပြင်သစ်သံရုံး၊ နော်ဝေးသံရုံး၊ ဂျပန်သံရုံး၊ ဆွီဒင်သံရုံး၊ ဗြိတိလျှသံရုံးနဲ့ အမေရိကန်သံရုံးတို့က ရွေးကောက်ပွဲ အောင်မြင်ရေးအတွက် ရင်းနှီးပံ့ပိုးထားတဲ့ အပြည်ပြည်ဆိုင်ရာ မိတ်ဖက်နိုင်ငံများဆိုပြီး ရွေးကောက်ပွဲနဲ့ စပ်လျဉ်းတဲ့ ပူးတွဲကြေညာချက်ကို ထုတ်ပြန်လိုက်တာပါ။ မြန်မာနိုင်ငံတွင်း ပြီးခဲ့တဲ့နှစ်တွေအတွင်း ဘာသာရေးနဲ့လူမျိုးရေး ဆက်နွယ်တဲ့ အကြမ်းဖက်မှုတွေရှိခဲ့တာကြောင့်၊ အလားတူ ထပ်ဖြစ်လာမှာကို နိုင်ငံတကာက စိုးရိမ်နေခဲ့တာပါ။"

ဗွီအိုအေ (မြန်မာဌာန)

တနိုင်ငံလုံး မဲဆန္ဒရှင်စာရင်းများ အမှားအယွင်းဆက်ရှိနေ


နိုင်ငံတ၀န်း ရွေးကောက်ပွဲ ကော်မရှင်ရုံးတွေမှာ  စက်တင်ဘာ ၁၄ ရက်ကစ ထုတ်ပြန်လိုက်တဲ့ မဲဆန္ဒရှင် စာရင်းတွေမှာ အမှားအယွင်းတွေရှိနေတယ်လို့ သွားရောက်ကြည့်ရှုခဲ့ကြတဲ့ မဲဆန္ဒရှင်တွေက ပြောပါတယ်။
အခုထုတ်ပြန်လိုက်တဲ့ မဲစာရင်းဟာ အရင်ကထုတ်ပြန်လိုက်တဲ့ အခြေခံမဲဆန္ဒရှင်စာရင်းထက်  အရေအတွက်ပိုတိုးလာပေမယ့် မွေးသက္ကရာဇ်တွေမှားတာ၊ မှတ်ပုံတင်နံပါတ်တွေ မှားတာ၊ အချက်အလက်မှားတာနဲ့ ပြင်ဆင်လျှောက်ထားသူတချို့  ခုချိန်ထိနာမည်မပါတာတွေရှိနေတာ လို့ဆိုပါတယ်။
ရှမ်းပြည်တောင်ပိုင်း မိုးနဲမြို့နယ်ဘက်မှာတော့ မဲဆန္ဒရှင်တွေရဲ့ အမည်နဲ့ မွေးသက္ကရာဇ် မှားယွင်းနေတာအပြင် သေဆုံးပြီးသူတွေရဲ့ အမည်စာရင်းတွေ ပါဝင်နေတာ တွေ့ရပြီး တချို့ ကတော့ အဲဒီရွာမှာ မွေးကတည်းက နေထိုင်ခဲ့ပေမယ့် အဖိုးကြီးအဖွားကြီး ဖြစ်တဲ့ထိ မှတ်ပုံတင် မရှိကြောင်း၊ သူတို့တတွေကလည်း အများနည်းတူ မဲထည့်ချင်တဲ့အတွက် ရွာသူကြီးတွေရဲ့ ထောက်ခံမှုနဲ့ မဲထည့်ခွင့်ပြုဖို့ ညှိနှိုင်းပေးခဲ့တယ်လို့ ပါတီစည်းရုံးရေးဆင်းနေသူ  မိုးနဲမြို့နယ် ကျားဖြူပါတီ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးစိုင်းမောင်ကြီးက ဒီဗွီဘီကို ပြောပါတယ်။
“ကျနော်တို့ပါတီက ဒီနေ့မှာ ၀့မ်နား၊ ကာဟ၊ လွယ်ချို၊ ကိန်းလုမ်း စတဲ့ ကျေးရွာတွေဘက် စည်းရုံးရေးဆင်းတယ်ခင်ဗျ အဲဒီမှာ မဲစာရင်းအမည် နဲ့ အသက်မှားတာ  ရွာတိုင်းလိုဖြစ်နေပြီး မှတ်ပုံတင်မရှိတဲ့သူက တရွာကို ၇ ယောက် ၈ ယောက်လောက် တွေ့ရပါတယ်။ သူတို့က အဲဒီ ရွာဇာတိလို့ပြောတဲ့အတွက် ရွေးကောက်ပွဲကော်မရှင်တွေနဲ့ ညှိနှိုင်းပေးခဲ့တယ်။ ရွာသူကြီးတွေက ထောက်ခံပေးရင် အမည်စာရင်းထည့်ပေးမယ်လို့ ဆိုပါတယ်။”
ဒါပေမယ့် မဲထည့်ဖို့ စိတ်မ၀င်စားတဲ့ မိသားစုတွေလည်းရှိကြောင်း၊ တအိမ်ကို တယောက်သွား ရင်လုံလောက်ပြီလို့ ပြောဆိုပြီး  နယ်မြေထဲ ရောက်လာတဲ့ အစိုးရတပ်ကလည်း  ရွာကလူတွေရဲ့ တ၀က်ကျော်ထည့်ရင်ရပြီလို့ ပြောဆိုထားတာ ရှိတယ်လို့  မိုးနဲဒေသခံကပြောပါတယ်။
ကချင်ပြည်နယ်  မြစ်ကြီးနားမြို့မှာတော့ ရမ်ပူရပ်ကွက် မဲဆန္ဒနယ်က  ရက်ပေါင်း ၁၈၀ အတွင်း နေထိုင်တဲ့ မဲဆန္ဒရှင်တွေရဲ့  အမည်စာရင်းမပါသေးဘူးလို့သိရပါတယ်။
မြစ်ကြီးနားမြို့ပေါ်ရပ်ကွက်တွေမှာ မဲစာရင်းထုတ်ပြန်မှုနဲ့ ပတ်သက်ပြီး ပိုစိတ်ဝင်စားသူ ပိုများလာတယ်လို့ ရမ်ပူရပ်ကွက်အုပ်ချုပ်ရေးမှူး ဦးတင်ဝင်းက “ပထမအကြိမ် မဲစာရင်းစထုတ်တဲ့ အချိန်ကပေါ့နော် ၇၃၆၃ ဦးရှိတယ်။ ဒုတိယအကြိမ်မှာတော့ ၈၈၇၈ ဦး ရှိတယ်။ ၁၀၀၀ ကျော်ကျော်လေးတော့ တိုးလာတယ်။ အိမ်ထောင်စုကတော့ ၂၀၀၀ ကျော်ရှိတယ်။ ပြည်သူလူထုကတော့ ဒီကြားထဲမှာ တော်တော်များများ လာကြည့်ပါတယ်။ ပထမအကြိမ် ကြည့်ပြီးသာ သူတွေက နောက်ထပ် လာမကြည့်ပါဘူး။ နောက်ထပ် စိတ်ဝင်းစားတဲ့ သူတွေကတော့ ပုံစံ ၃ (က)နဲ့ လာလျှောက်တဲ့ ပြည်သူလူထုတွေလည်း များတယ်”လို့ ပြောပါတယ်။
ပဲခူးတိုင်း သာယာဝတီခရိုင် လက်ပံတန်းမြို့နယ်ထဲမှာတော့  မြို့ပေါ်ရပ်ကွက်တွေနဲ့  ကျေးရွာ အုပ်စု ၅၃ ခု အတွက် မဲပေးပိုင်ခွင့်ရှိသူ စာရင်းတွေကို အသစ်ထုတ်ပြန်ကပ်ထားပေမယ့် လာေ ရာက် ကြည့်ရှုသူ နည်းပါးနေတယ်လို့ မြို့ခံ  ဦးဇော်သက်ဝင်းက  ပြောပါတယ်။
လက်ပံတန်းမြို့နယ် ရွေးကောက်ပွဲ ကော်မရှင် အဖွဲ့ခွဲတာဝန်ရှိသူတွေကတော့ လက်ပံတန်းက မဲပေးပိုင်ခွင့် ရှိသူ စာရင်းကို ၉၀ ရာနှုန်း မှန်ကန်အောင် လုပ်ပေးနေတယ်လို့ ပြောပါတယ်။
လက်ပံတန်းမြို့နယ်ကော်မရှင်အဖွဲ့ခွဲ အတွင်းရေးမှူး  ဦးတင်နွယ်က  “ဒီလက်ပံတန်းမြို့နယ် အနေနဲ့ ပထမအကြိမ်မဲစာရင်း ကပ်ခဲ့ပြီးပြီ။ အမှားတွေတွေ့ပြီး ပြင်ဆင်ဖြည့်စွက်ပြီးပြီ။ အဲဒါအပြင် သက်ဆိုင်ရာ ကျေးရွာ ရပ်ကွက် ကော်မရှင်အဖွဲ့ခွဲတွေ ဆယ်အိမ်မှုးတွေ စုပေါင်းပြီးတော့ ဆယ်အိမ်စုတွေကနေ မဲစာရင်းတွေကို ကိုယ့်အစုထဲမှာ ရှိတဲ့ မဲပေးခွင့် ရှိသူတွေရဲ့ စာရင်းကို ပြန်လည်စစ်ဆေးထားတာ ဖြစ်တဲ့အတွက်ကြောင့် ၉၀ ရာနှုန်း မှန်ကန်ပါတယ်”လို့ပြောပါတယ်။
စစ်ကိုင်းတိုင်းမုံရွာမြို့မှာတော့ နာမည်တွေကို အရင်က မိသားစုအလိုက် ဖော်ပြရာကနေ ခုတကြိမ် အက္ခရာ စဉ်အလိုက် ဖော်ပြတာကြောင့် မဲစာရင်းမှာ ရှာဖွေနေရတာ အခက်အခဲဖြစ်တယ်လို့ နယ်ခံ မဲဆန္ဒရှင်တဦးကပြောပါတယ်။
“အက္ခရာနဲ့ ရှာရတာ ခဲယဉ်းတယ် အရင်တုန်းကဆို ပုံစံ ၁၀ အတိုင်းပါတယ်။ အခုတော့ အဲ့လိုမဟုတ်ဘူး။  ကိုယ့်သားသမီးတွေကို တနေရာစီ လိုက်ရှာနေရပါတယ်။ က အက္ခရာတွေဆို ဦးကျော်ခိုင်ဝင်းလိုက်ရှာတာ အချိန်ကုန်တာပေါ့ အခုရှာတာ သားတယောက်နာမည်နဲ့ ဦးနာမည်ဘဲ တွေ့သေးတယ်။ အားလုံးမိသားစု ၇ ယောက်ရှိတဲ့အထဲမှာ ရှာလို့မရသေးဘူး”
ဒီတကြိမ်ထုတ်ပြန်တဲ့ မဲစာရင်းမှာ နာမည်မှားအယွင်းတာတွေရှိနေတုန်းဖြစ်ပေမယ့် ပထမ တခေါက်ထက် တော့ အမှားနည်းတယ်လို့ ဆိုပါတယ်။
ဧရာဝတီတိုင်း ဟင်္သာတခရိုင်အတွင်းမှာတော့ ဒီတကြိမ် ထုတ်ပြန်တဲ့ မဲစာရင်းဟာ ပထမအကြိမ် အခြေခံမဲစာရင်း ထုတ်ပြန်ကြေညာမှုထက် ဆန္ဒမဲပေးပိုင်ခွင့်ရှိသူ နှစ်သောင်းကျော် တိုးလာပါတယ်။
ပထမအကြိမ် မဲစာရင်းတွေ ထုတ်ပြန်ကြေညာတုန်းက ဟင်္သာတခရိုင်အတွင်း မဲဆန္ဒရှင် ပြည်သူ အားလုံးပေါင်း ၈ သိန်း ၁ သောင်းကျော် ရှိခဲ့ပြီး မှားယွင်း ပြင်ဆင်ဖြည့်စွက်သူ ၄ သောင်း ၁ ထောင်ကျော် ရှိခဲ့ပါတယ်။ ဒုတိယအကြိမ် ထုတ်ပြန်တဲ့ မဲစာရင်းမှာတော့ ဟင်္သာတခရိုင် မြို့နယ် ၆ ခုမှာ ဆန္ဒမဲပေးပိုင်ခွင့်ရှိသူ အားလုံးပေါင်း ၈ သိန်း ၃ သောင်းကျော် ဖြစ်လာတဲ့အတွက် ပထမအကြိမ် ထုတ်ပြန်ကြေညာမှုထက် ဆန္ဒမဲပေးပိုင်ခွင့်ရှိသူ ၂ သောင်း ၂ ထောင်ကျော် တိုးလာတယ်လို့ ဟင်္သာတခရိုင် ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ ဥက္ကဋ္ဌဦးဝင်းမောင်က ပြောပါတယ်။
အခုမဲစာရင်းဟာ နိုဝင်ဘာလ ၈ ရက်  ရွေးကောက်ပွဲ မတိုင်မီ နောက်ဆုံး ကြေညာတာဖြစ်ပြီး မဲစာရင်းမှာ နာမည်မပါရင် စက်တင်ဘာ ၂၇ ရက်နေ့ နောက်ဆုံးထားပြီး သက်ဆိုင်ရာ ကော်မရှင် ရုံးတွေမှာ လျှောက်ထားရမှာ ဖြစ်ပါတယ်။
အခုထုတ်ပြန်တဲ့ နောက်ဆုံးမဲစာရင်းမှာပါလာတဲ့  အမှားတွေကို သတ်မှတ်ပုံစံတွေနဲ့ ပြင်ဆင်ဖို့လိုအပ်ပြီး ဒီတစ် ကြိမ်မှာမှ မပြင်ရင်မဲပေးခွင့်တွေ ဆုံးရှုံးသွားမှာဖြစ်တယ် ဒါကြောင့် သက်ဆိုင်ရာရပ်ကွက်ကော်မရှင်ရုံးတွေက မဲစာရင်းလာကြည့်ဖို့ လှုံ့ဆော်တာတွေလည်း လုပ်နေတယ်လို့ ရန်ကုန် ဗဟန်းမြို့နယ်၊ ဆရာစံမြောက်/အနောက်ရပ်ကွက် ရွေးကောက်ပွဲကော်မရှင် အဖွဲ့ခွဲ ဥက္ကဋ္ဌ  ဦးဟန်မြင့်ကပြောပါတယ်။
ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ရဲ့ အရင်ခန့်မှန်းချက်အရ တနိုင်ငံလုံး မဲပေးပိုင်ခွင့်ရှိသူ သန်း ၃၀ ခန့်ရှိပြီး အခု ထပ်တိုးလာတဲ့ စာရင်းတွေနဲ့ဆို မဲပေးနိုင်သူဦးရေ ၃၂ သန်းကျော်လောက် ရှိလိမ့်မယ်လို့ ခန့်မှန်း ထားပါတယ်။
DVB

Monday, September 14, 2015

ဧရာဝတီ မြစ်ရေ ဒုတိယအကြိမ် မြင့်တက်မှုကြောင့် ညောင်ဦးမြို့နှင့် မင်းဘူးမြို့တွင် မြစ်ရေများ ဝင်ရောက်


မကွေးတိုင်းဒေသကြီး မင်းဘူးမြို့ ရေကြီးနေမှုအား မြင်တွေ့ရစဉ် (ဆင်ဟွာ)
    ရန်ကုန်၊ စက်တင်ဘာ ၁၄ ရက် (ဆင်ဟွာ)

    ဧရာဝတီ မြစ်ရေ ဒုတိယအကြိမ် မြင့်တက်မှုကြောင့် မန္တလေးတိုင်း ဒေသကြီး ညောင်ဦးမြို့၌ ရေများ ဝင်ရောက်မှု ရှိသကဲ့သို့ မကွေးတိုင်းဒေသကြီး မင်းဘူးမြို့နယ်တွင် မြို့ပေါ်နေ ရပ်ကွက်များနှင့် ဧရာဝတီ မြစ်ကမ်းအနီးရှိ ကျေးရွာများသို့ မြစ်ရေများ ဝင်ရောက်လျက် ရှိကြောင်း ယနေ့ ပြန်ကြားရေး ဝန်ကြီးဌာနမှ သတင်း ထုတ်ပြန်သည်။

မင်းဘူးမြို့နယ်တွင် ယနေ့နံနက် တိုင်းထွာချက်အရ စိုးရိမ်ရေအမှတ် ၁၇၀၀ စင်တီမီတာ အထက် ၄ စင်တီမီတာခန့် ကျော်လွန်လျက် ရှိပြီး ညောင်ဦးမြို့တွင် ယနေ့ ညနေ တိုင်းတာချက် အရ စိုးရိမ်ရေအမှတ် ၂၁၂၀ အထက် ၇၉ စင်တီမီတာ ကျော်လွန်ကာ ညောင်ဦးမြို့ မြို့မအထက်တန်းကျောင်းအတွင်းသို့ ရေများဝင်ရောက်လျက် ရှိကြောင်း သိရသည်။

ညောင်ဦးမြို့နယ်တွင် ဒုတိယအကြိမ် ဧရာဝတီမြစ်ရေ မြင့်တက်မှုသည် ယခင် မြစ်ရေမြင့်တက်မှုထက် ရေအတက်နှုန်း မမြန်သော်လည်း မြို့ပေါ်ရပ်ကွက် မြေနိမ့်ပိုင်း အိမ်များအတွင်း ရေများ ဝင်ရောက်မှု ရှိခဲ့ကြောင်း ၊ ယခုအကြိမ် မြစ်ရေတက်မှုသည် ညောင်ဦး၊ ပုဂံ မြို့ဟောင်းသွား လမ်းမပေါ်အထိ ရေများ ဝင်ရောက်ခဲ့ကြောင်း သိရသည်။

မင်းဘူးမြို့တွင် အမှတ် (၁) ၊ အမှတ် (၃) နှင့် အမှတ် (၄) ရပ်ကွက်များရှိ အိမ်ထောင်စု (၁၈၁) စု၊ လူဦးရေ (၈၃၄) ဦး တို့သည် မြစ်ရေ ကြီးမှုများကြောင့် ရေဘေး ကင်းလွတ်ရာ စက္ကိ န္တဲဘုရားဝန်း ၊ အ.ထ.က ကျောင်းဝန်း၊ ပုဂံမျှော် ဘုရားဝန်း၊ ရွှေကြီးမြင့် ဘုရားဝန်း၊ မြသိန်းတန် ဘုရားဝန်း၊ ချမ်းသာကြီး ကျောင်းဝန်းနှင့် မှန်ကင်း ကျောင်းတိုက်များ အတွင်း ယာယီတဲများ ထိုး၍ ပြောင်းရွှေ့ နေထိုင်လျက် ရှိကြကြောင်း သိရသည်။

မင်းဘူးမြို့ မြို့ပေါ် ရပ်ကွက်(၃) ရပ်ကွက်နှင့် ကျေးရွာ (၁၀) ရွာရှိ အိမ်ထောင်စု (၆၂၇) စု၊ လူဦးရေ (၂၃၁၁) ဦး တို့သည် ဧရာဝတီမြစ် ရေကြီးမှု များကြောင့် ရေဘေး ကင်းလွတ်ရာသို့ ယာယီ ပြောင်းရွှေ့ နေထိုင်လျက်ရှိရာ ရပ်ကွက်/ကျေးရွာများ အလိုက် ရေကင်းများ နေ့/ည တာဝန် ချထား ဆောင်ရွက်လျက် ရှိကြောင်း သိရှိရသည်။

(Xinhua)

ဒုအကြိမ် မဲစာရင်း ကြေညာပြီ


မဲစာရင်းမှာ မိမိနာမည် ပါမပါ လာစစ်ဆေးဖို့ တိုက်တွန်း (ဓာတ်ပုံ - အောင်နေမျိုး) (Credit: ABC Licensed) 
 မြန်မာနိုင်ငံမှာ ​ကျင်းပမယ့် ​ရွေးကောက်ပွဲမှာ ​မဲပေးနိုင်မယ့် ​မဲဆန္ဒရှင်တွေရဲ့ ​စာရင်းကို ​ဒီကနေ့ ​ကစပြီး ​ဒုတိယအကြိမ် ​ကြေညာလိုက်ပြီ ​ဖြစ်ပါတယ်။

မဲစာရင်းကို ​၁၄ ​ရက်ကြာ ​ကြေညာထားမှာဖြစ်ပြီး ​မဲပေးခွင့်ရှိသူတွေအနေနဲ့ ​မဲစားရင်းမှာ ​မိမိနာမည် ​ပါမပါကို ​သွားရောက်ကြည့်ရှုကြဖို့လည်း ​ရွေးကောက်ပွဲ ​ကော်မရှင်က ​တိုက်တွန်းထားပါတယ်။

မဲစာရင်းမှာ ​ကိုယ့်နာမည် ​မပါတာတွေနဲ့ ​အချက်အလက် ​မှားယွင်းတာမျိုး ​ဖြစ်နေရင် ​နှစ်ပတ်အတွင်း ​ပြင်ဆင်ကြဖို့ ​တိုက်တွန်းထားပါတယ်။

ဒါဟာ ​နောက်ဆုံးအကြိမ် ​မဲစာရင်းပြင်ဆင်မှု ​ဖြစ်တဲ့အတွက် ​လာရောက် ​စစ်ဆေးကြဖို့လည်း ​ရွေးကောက်ပွဲ ​ကော်မရှင်က ​တိုက်တွန်းထားပါတယ်။

အရင်တစ်ခေါက်တုန်းက ​မဲစာရင်းမှာ ​အမှားတွေ ​အများအပြားပါတဲ့အတွက် ​ရွေးကောက်ပွဲ ​ကော်မရှင်အတွက် ​မျက်နှာ်ပျက်ခဲ့ရပြီး ​အခုတခါ ​ပြင်ဆင်မှုတွေလုပ်ပြီး ​ဒုတိယအကြိမ် ​ကြေညာတာ ​ဖြစ်ပါတယ်။

ABC Radio Australia

ထားဝယ်မြို့နယ်အတွင်း အရပ်သားတစ်ဦး မိုင်းနင်းမိ



 စက်တင်ဘာ ၁၄ရက်၊ ၂၀၁၅ခုနှစ်။

 တနင်္သာရီတိုင်းဒေသကြီး ထားဝယ်ခရိုင်၊ မေတ္တာမြို့နယ်ခွဲ ထားဝယ်-ထီးခီးလမ်းအတွင်းဘက် လာထော်ကျေးရွာအနီး၌ စက်တင် ဘာလ ၁၃ရက်နေ့ ညသန်းခေါင်းယံအချိန်တွင် မြေမြှုပ်မိုင်းနင်းမိကာ ဒေသခံတစ်ဦး ထိခိုက်ဒဏ်ရာရရှိသွားကြောင်း သိရသည်။

ဒဏ်ရာရရှိသွားသူမှာ ထားဝယ်မြို့နယ် မေတ္တာမြို့နယ်ခွဲ မေတ္တာမြို့တွင် နေထိုင်သူ အသက် (၅၀)အရွယ်ရှိ စောဆာဝါးဖြစ်ပြီး ၎င်း၏တူဖြစ်သူနှင့်အတူ တောကြောင်လိုက်ရင်း နင်းမိသွားခြင်းဖြစ်ကြောင်း KNU ထားဝယ်ဆက်ဆံရေးရုံးတာဝန်ခံ ပဒိုစောဝင်း ခိုင်က အတည်ပြု ပြောကြားသည်။

မြေမြုပ်မိုင်း ထိမှန်မှုကြောင့် စောဆာဝါး၏ ညာဘက်ယာခြေကျင်းဝတ်မှာ ကြေမွပြတ်ထွက်ဒဏ်ရာနှင့် ဘယ်ခြေထောက်မှာ အနည်းငယ် ထိခိုက်ရရှိသည့်အတွက် စက်တင်ဘာလ ၁၄ရက်(ယနေ့) မနက် ၈နာရီအချိန် ထားဝယ်မြို့ ပြည်သူ့ဆေးရုံတွင် ဆေးကုသမှုခံယူလျှက်ရှိသည်။

ယခုဖြစ်ပွားသည့်နေရာမှာ KNU ဘိတ်-ထားဝယ်ခရိုင်၊ လယ်ဒိုစိုးမြို့နယ်ရှိ KNLA တပ်ရင်း(၁၀) လှုပ်ရှားရာ နယ်မြေအတွင်းဖြစ် ပြီး ယခုနှစ်အတွင်း ကလေးတစ်ဦး အပါအ၀င် မြေမြုပ်မိုင်းနင်းမိသူ အရပ်သား (၃)ဦးရှိကြောင်း သိရသည်။

အဆိုပါနယ်မြေအတွင်း အပစ်အခတ်ရပ်စဲရေးမတိုင်မှီ တိုက်ပွဲဖြစ်ပွားသည့်အချိန်က အစိုးရတပ်နှင့် KNU ဘိတ်-ထားဝယ်ခရိုင် တို့ နှစ်ဖက် အပြန်အလှန် မြေမြုပ်မိုင်း အသုံးပြုမှုများရှိနေပြီး ယနေ့အထိ မိုင်းရှင်းလင်းရေးလုပ်ငန်းများကို မလုပ်ဆောင်နိုင်သေး ကြောင်း KNU ဘိတ်-ထားဝယ်ခရိုင် တာဝန်ရှိသူများက ပြောဆိုထားသည်။

ပြီးခဲ့သည့် သြဂုတ်လ ၂၅ရက်နေ့ကလည်း အဆိုပါဒေသ၌ တောင်ပိုင်းတိုင်းမှူးလမ်းကြောင်းအတွက် လမ်းလုံခြုံရေးယူနေသည့် အစိုးရတပ်မှ တပ်ခွဲတပ်ကြပ်ကြီးတစ်ဦးနှင့် တပ်သားနှစ်ဦး မိုင်းနင်းမိပြီး ထိခိုက်ဒဏ်ရာရရှိခဲ့သည်။

 စဖန်းရှောင်း
ကေအိုင်စီ - KIC News