Pages

Sunday, January 31, 2016

ထိုင်းနိုင်ငံ ပရာကျွတ်မြို့သို့ ၃ ညအိမ် ၄ ရက်ခရီး စတင်ခွင့်ပြု


မောတောင်နယ်စပ် ထိုင်းဘက်ခြမ်းကို တွေ့ရစဉ်
ဓာတ်ပုံ - Dawei Watch

|Dawei Watch| မြိတ်၊ ဇန်န၀ါရီ ၃၀
မြိတ်ခရိုင် တနင်္သာရီမြို့နယ် မောတောင်နယ်စပ်ဂိတ်နှင့် တဆက်တည်းရှိ ဆင်ခွန်းဂိတ်မှတဆင့် ပရာကျွတ်မြို့သို့ မြန်မာနိုင်ငံသားများအတွက် ၃ ညအိမ် ၄ ရက် ခရီးသွားလာခွင့်ကို ဇန်န၀ါရီ ၂၉ ရက်မှ စပြီး စတင်ခွင့်ပြုခဲ့ကြောင်း မောတောင် အုပ်ချုပ်ရေးမှူး ဦးစိုးဝင်းထံမှ သိရသည်။
ထိုင်းနိုင်ငံဝန်ကြီးချုပ်နှင့် ထိုင်းပြည်ထဲရေးဝန်ကြီးဌာနတို့မှ ဇန်နဝါရီ ၁၃ ရက်က သဘောတူ လက်မှတ်ရေးထိုးပြီး ဇန်နဝါရီ ၂၆ ရက်တွင် အတည်ပြု ထုတ်ပြန်ခဲ့ခြင်းဖြစ်ကြောင်း မြိတ်ခရိုင် ကုန်သည်နှင့်စက်မှုလက်မှုလုပ်ငန်းရှင်များအသင်းမှ တာဝန်ရှိသူတစ်ဦးက ပြောပြသည်။
ဆင်းခွန်ဂိတ်ကို ၂၀၁၅ ခုနှစ် မေလ ၂၃ ရက်က အထူးနယ်စပ်ဂိတ်အဖြစ်သို့ တိုးမြှင့်ဖွင့်လှစ်ခဲ့ပြီး အချိန်မှစပြီး မြန်မာနိုင်ငံသားများ အနေဖြင့် ပရာကျွတ်မြို့နယ် အတွင်းသို့ ၁ ညအိမ် ၂ ရက်ခရီး သွားလာ လည်ပတ်ခွင့်ပြုခဲ့ရာမှာ ယခုကဲ့သို့ တိုးမြှင့် ခွင့်ပြုခဲ့ခြင်း ဖြစ်သည်။
အခုလည်း ပရာကျွတ်မြို့နယ်အတွင်းပဲခွင့်ပြုပေးတာပါ၊ အခြားမြို့တွေကို ခွင့်မပြုဘူးဟု အထက်ပါ တာဝန်ရှိသူက ပြောသည်။
တခြားသော မြို့များသို့ သွားလာလည်ပတ်လိုပါက  လက်ရှိ ခရိုင်ဝန်၏ ခွင့်ပြုချက်ရယူရမည်ဖြစ်ပြီး အခြေအနေ အချိန်အခါ အရ ချင့်ချိန် ခွင့်ပြုပေးနိုင်သည်ဟု ပရာကျွတ်ခရိုင်ဝန်(အငြိမ်းစား)က ဒီဇင်ဘာ ၃ရက်က မြိတ်သို့လာရောက်ခဲ့စဉ် ပြောဆိုခဲ့ဖူးသည်။
ထိုင်းနိုင်ငံသားများအား မြန်မာနိုင်ငံအတွင်းသို့ နယ်စပ်ဖြတ်သန်းခွင့်လက်မှတ် Border Pass(BP) ဖြင့် ၁၃ ညအိမ် ၁၄ ရက်၊ ယာယီနယ်စပ်ဖြတ်သန်းခွင့်လက်မှတ် Temporary Border Pass(TBP) ဖြင့်၆ ညအိမ် ၇ ရက် သွားလာ ခွင့်ပြုပေးထားခဲ့ပြီး ဖြစ်ကြောင်း မောတောင်နယ်စပ်ဂိတ်စခန်းမှ သိရသည်။
မြန်မာတွေ ထိုင်းကိုသွားလည်ကြရင် အရင်ကထက် အချိန်ပို ရတာလောက်ပဲ ရှိတယ်၊ စီးပွားရေးလုပ်ငန်းအရဆိုရင် အခု ထပ်တိုးပေးလိုက်တဲ့ ရက်က အရမ်းကို နည်းနေပါသေးတယ်ဟု မောတောင်ဒေသမှ တည်းခိုခန်းလုပ်ငန်းရှင်တစ်ဦးက
ပြောသည်။
မြန်မာဘက်မှ မောတောင်နယ်စပ်ဂိတ်ကို ၂၀၁၃ ခုနှစ် မေလ ၈ ရက်က တရားဝင်ဖွင့်လှစ်ထားပြီး ဖြစ်သည်။

Dawei Watch