Pages

Tuesday, January 12, 2016

ကမ္ဘာလှည့် ခရီးသွား လုံခြုံရေး ရဲတပ်ဖွဲ့ ထားဝယ်လေဆိပ်နှင့် ဘုရားကြီးတွင် အဓိက တာဝန်ထမ်းဆောင်




Dawei Watch| ထားဝယ်၊ ဇန်န၀ါရီ ၁၂

တနင်္သာရီတိုင်းအတွင်းရှိ တစ်ခုတည်းသော ကမ္ဘာလှည့်ခရီးသွားလုပ်ငန်း လုံခြုံရေး ရဲတပ်ဖွဲ့ (Tourist Police) သည် ထားဝယ်လေဆိပ်နှင့် ထားဝယ်မြို့၊ လောကမာရဇိန် (ဘုရားကြီး) ၀င်းအတွင်း အဓိက တာဝန်ထမ်းဆောင်နေကြောင်း ယင်း ရဲတပ်ဖွဲ့ (ထားဝယ်) တပ်ဖွဲ့စိတ်ရုံး မှ တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။

ခရီးသွား အ၀င်များသော အခြားနေရာများဖြစ်သော မောင်းမကန်ကမ်းခြေ၊ ရှင်မျှော်ဘုရား (အငူ) စသည့် နေရာများကိုလည်း ကား၊ ဆိုင်ကယ်များဖြင့် အလှည့်ကျ လှည့်ကင်းလှည့်ကာ စောင့်ရှောက်ကူညီလျက်ရှိကြောင်း ထားဝယ် တပ်ဖွဲ့စိတ်ရုံးမှ ၎င်းက ဆိုသည်။

ယင်းအပြင် နိုင်ငံခြားသားများ ဆောင်ရန်/ရှောင်ရန် အကြောင်းအရာများ မရေးထားသည့် ဘုရားများနှင့် မြန်မာ့ယဉ်ကျေးမှုနှင့် မကိုက်ညီသည့် အပြုအမူများအား သိရှိစေရန် ရှင်းပြလျက်ရှိကာ နိုင်ငံခြားသား သာမက ပြည်သူများ လိုအပ်ချက်များကိုလည်း ကူညီဆောင်ရွက်ပေးလျက်ရှိကြောင်း အဆိုပါ တာဝန်ရှိသူက ဆက်လက်ပြောဆိုသည်။

“ဒေသဖွံ့ဖြိုးရေးအတွက် နိုင်ငံခြားသား ၀င်ထွက်မှုအဆင်ပြေစေရေး ကူညီဖို့ သက်သက်ပါ”ဟု အထက်ပါ တာဝန်ရှိသူက ပြောသည်။

ထားဝယ်ဒေသရှိ နိုင်ငံခြားသား  ခရီးသွားလုပ်ငန်း ကုမ္ပဏီများအနေနှင့်လည်း ကမ္ဘာလှည့် ခရီးသွားလုပ်ငန်းလုံခြုံရေး ရဲတပ်ဖွဲ့ထံ အချိန်မရွေး အကူအညီတောင်းခံနိုင်ကြောင်း ကမ္ဘာလှည့် ခရီးသွားလုပ်ငန်း လုံခြုံရေး ရဲတပ်ဖွဲ့ (ထားဝယ်)တပ်ဖွဲ့စိတ်ရုံး ထံမှ သိရသည်။

မြန်မာနိုင်ငံအတွင်း အခြားဒေသများတွင် နိုင်ငံခြားသားများနှင့် ပတ်သက်၍ ရာဇ၀တ်မှုအချို့ ရှိခဲ့ပြီး ယင်းတပ်ဖွဲ့ရှိလာခြင်းကြောင့် နိုင်ငံခြားသား ခရီးသွားများ လုံခြုံမှုရှိလာကာ ဒေသအား စိတ်ချယုံကြည်လာနိုင်ကြောင်း နိုင်ငံတကာ ကုမ္ပဏီအချို့တွင် အလုပ်လုပ်ကိုင်ဖူးသော ထားဝယ်မြို့ခံ ဦးညွှန့်နှင်း ကဆိုသည်။

“ဒေသအတွင်း ခရီးသွားလုပ်ငန်း ပိုတိုးတက်လာနိုင်မယ်ထင်တယ်” ဟု ဦးညွှန့်နှင်း ကပြောသည်။

ကမ္ဘာလှည့်ခရီးသွားလုပ်ငန်း လုံခြုံရေးရဲတပ်ဖွဲ့ စတင်ဖွဲ့စည်းခဲ့သည့် ၂၀၁၅ ဇွန်လ ကတည်းက ထားဝယ်ဒေသအတွင်း ကမ္ဘာလှည့်ခရီးသွားဧည့်သည်များနှင့် ပတ်သက်သည့် အမှုအခင်းမရှိဖူးသေးကြောင်း ယင်းတပ်ဖွဲ့ထံမှ သိရသည်။

လက်ရှိတွင် တပ်ဖွဲ့ဝင်အင်အား ၇ ဦးရှိပြီး မီးတန်းကား တစ်စီး၊ ဆိုင်ကယ် နှစ်စီးနှင့်စက်ဘီး နှစ်စီး တို့ဖြင့် တာဝန်ထမ်းဆောင်လျက်ရှိသည်။

Dawei Watch