Pages

Sunday, January 31, 2016

ထားဝယ်အများပိုင်ကို မောင်းမကန် ဒေသခံများ ဒုတိယအကြိမ် ဆန္ဒပြမည်


ထားဝယ်အများပိုင်ကို ဒေသခံများ ပထမအကြိမ် ဆန္ဒပြနေစဉ်
ဓာတ်ပုံ - တင့်လွင် / Dawei Watch

|Dawei Watch| ထားဝယ်၊ ဇန်န၀ါရီ ၃၀
ထားဝယ်ခရိုင်၊ လောင်းလုံးမြို့နယ်၊ မောင်းမကန်ကမ်းခြေဟိုတယ်ဇုန်စီမံကိန်းဖော်ဆောင်ရန် မြေယာအသုံးပြုခွင့်ရရှိထား သော ထားဝယ်ဖွံ့ဖြိုးတိုးတက်ရေး အများပိုင် ကုမ္ပဏီ (DDPC) အား မောင်းမကန်ဒေသခံများက ဖေဖော်ဝါရီလ ၆ ရက်တွင် ဒုတိယအကြိမ်ဆန္ဒပြမည်ဖြစ်ကြောင်း ဆန္ဒပြခေါင်းဆောင်များက ပြောကြားသည်။ 
မောင်းမကန်ကမ်းခြေ မြေကွက်များအား DDPC ကုမ္ပဏီက ကွက်ရိုက်ရောင်းချလာခြင်းကြောင့် ဒီဇင်ဘာလ ၁၅ရက်က ဆန္ဒထုတ်ဖော်ခဲ့သော်လည်း အဆောက်အဦးများ ဆက်လက်တည်ဆောက်လာခြင်း၊ ဗွီးနှစ်ပင်ချောင်း အတွင်းမှ သဲကိုစုပ်သည့် လုပ်ငန်းကို လုပ်ကိုင်လာခြင်းတို့ကြောင့် ထပ်မံဆန္ဒထုတ်ဖော်ရခြင်းဖြစ်ကြောင်း ၄င်းတို့က ပြောသည်။ 
"ဆန္ဒထုတ်ဖော်ပြီးနောက်မှာ အစိုးရက ဘယ်လိုခွင့်ပြုထားတယ်ဆိုတာ ရှင်းပြတာ မရှိဘူး၊ ကုမ္ပဏီမှလည်း  ရှင်းပြလာတာ မရှိလို့ ထပ်ပြီး ဆန္ဒထုတ်ဖော်တာပါဟု ဆန္ဒပြခေါင်းဆောင်တစ်ဦးဖြစ်သူ ဦးတင့်ဆန်းက ဆိုသည်။ 
အဆိုပါ မောင်းမကန်ကမ်းခြေတွင် ဟိုတယ်ဇုန်စီမံကိန်းဖော်ဆောင်ရန် မြေဧရိယာ ၁၄၈.၄၀ဧကကို  ၂၀၁၂ခုနှစ်တွင် DDPC ကုမ္ပဏီက မြေယာအသုံးပြုခွင့်ရရှိပြီး ၂၀၁၅ခုနှစ် ဇွန်လတွင် ယင်းမြေနှင့် တဆက်စပ်တည်း မြေ ၂၅၄.၈၀ဧကကို ထပ်မံမြေယာ အသုံးပြုခွင့်ရရှိရန် လျှောက်ထားသည်ဟု ဒေသခံများထံမှ သိရသည်။
မောင်းမကန်ကျေးရွာရှိ အိမ်ယာမြေ၊ဥယျာဉ်ခြံမြေများသည် သစ်တောကြိုးဝိုင်း/ကြိုးပြင်ကာကွယ်တော ဧရိယာအတွင်း ကျ ရောက်လျက်ရှိသည်ကို တနင်္သာရီတိုင်းဒေသကြီးအစိုးရနှင့် သက်ဆိုင်ရာဌာနများကို အကြိမ်ကြိမ် တင်ပြပြီးဖြစ်သော်လည်း မျက်ကွယ်ပြုထားခြင်း၊ ပုဂ္ဂလိကပိုင် ကုမ္ပဏီတစ်ခုသည် အကျိုးအမြတ်အတွက် ဒေသနှင့် သက်ဆိုင်သော မြေလွတ် မြေ လပ်များကို ရောင်းချခြင်းတို့ကြောင့် DDPCမှ ဖော်ဆောင်မည့်စီမံကိန်းကန့်ကွက်ရခြင်းဖြစ်သည်ဟု ဒေသခံများက ပြောသည်။

Dawei Watch