Pages

Saturday, January 9, 2016

ဝါးဒက်ကွင်းမြေပေါ်တွင် အိမ်မဲ့ယာမဲ့များကို တရားဝင်နေရာချထားပေးခြင်း မရှိဟုဆို


 မော်လမြိုင်၊ ဇန်န၀ါရီ ၈
မွန်ပြည်နယ်၊ ကျိုက်ထိုမြို့နယ် သိမ်ဇရပ်တိုက်နယ် ဝါးဒက်ကွင်းမြေသည် မွန်ပြည်နယ်အစိုးရအဖွဲ့ စီမံခန့်ခွဲပိုင်ခွင့်မြေ မဟုတ် သလို အိမ်မဲ့ ယာမဲ့များအတွက် တရားဝင် နေရာချပေးထားသည့်မြေမဟုတ်ဟု မွန်ပြည်နယ်အစိုးရအဖွဲ့က ပြောသည်။
အိမ်မဲ့ယာမဲ့များအတွက် လူနေရပ်ကွက်အသစ်တိုးချဲ့တည်ဆောက်ရန် မွန်ပြည်နယ်ဝန်ကြီးချုပ်က မြေ ၉၂ ဧကကို နေရာချ ထားပေးသည်ဟု ဒေသခံများ၏ ပြောဆိုချက်အပေါ် မွန်ပြည်နယ်အစိုးရက ထိုကဲ့သို့ တုန့်ပြန် ပြောဆိုလိုက်ခြင်း ဖြစ်သည်။
ဝါးဒက်ကွင်းမြေသည် စက်မှုဝန်ကြီးဌာနပိုင်မြေဖြစ်ပြီး ယင်းမြေများအနက်မှ အိမ်မဲ့ယာမဲ့များအတွက် နေရာချထားပေးနိုင်ရန် မြေဧက ၂၀ ကို ပြည်နယ်အစိုးရ စီမံခန့်ခွဲပိုင်ခွင့်မြေအဖြစ် နိုင်ငံတော်ထံ လျှောက်ထားဆဲဖြစ်ကာ အိမ်မဲ့ယာမဲ့များကို ယာယီ နေရာချထားပေးခြင်းသာဖြစ်သည်ဟု မွန်ပြည်နယ်အစိုးရအဖွဲ့ လယ်ယာစိုက်ပျိုးရေးနှင့် ဆည်မြောင်းဝန်ကြီး ဦးမျိုးညွန့်က ပြောသည်။
 “မကျသေးဘူး၊ ပြောရရင်တော့ လက်ရှိက ကျူးနေတာပဲ ရှိနေမယ်၊ တရားဝင် မြေမပေးသေးဘူး၊ ယာယီနေရာချထားတာပဲ ရှိတယ်၊ အိမ်မဲ့ ယာမဲ့တွေကို ယာယီဖြေရှင်းပေးထားတဲ့ သဘောပဲရှိတယ်၊ ဘာမှကို တရားဝင် မကျသေးဘူး”ဟု ၀န်ကြီး ဦးမျိုးညွှန့်က ဆိုသည်။
ယာယီနေထိုင်ခွင့်ကို ပြည်နယ်အစိုးရအဖွဲ့၏ အစီအမံဖြင့် အောက်ခြေရှိ မြို့နယ်၊ ကျေးရွာ ကော်မတီ ၃ ရပ်၊ ကော်မတီ ၄ ရပ်တို့က စီစဉ်ဆောင်ရွက်ပေးထားသော်လည်း ယနေ့ချိန်ထိ တရားဝင်မဖြစ်သေးဟု ၄င်းက ဆက်ပြောသည်။
သို့သော် အိမ်မဲ့ ယာမဲ့များကမူ ထိုမြေသည် ပြည်နယ်ဝန်ကြီးချုပ်ကိုယ်တိုင် ပေးထားသည့်မြေဖြစ်သော်လည်း တိုက်နယ် အုပ်ချုပ်ရေးမှူး၊ ကျေးရွာအုပ်ချုပ်ရေးမှူးအဖွဲ့တို့က အိမ်ကွက်ဖော်ဆောင်ပေးခြင်း မရှိဘဲ ရာဘာစိုက်ခင်းများ ပြုလုပ်ခြင်း၊ မြေကွက်ဖော် ရောင်းစားခြင်း၊ ခြံစည်းရိုးကာ အပိုင်ယူထားခြင်းများ ပြုလုပ်နေသည်ဟု ပြောသည်။
အဆိုပါ မြေသည် တရားဝင်စီမံခန့်ခွဲပိုင်ခွင့်မြေ မဖြစ်သေးသည့်အတွက် မြေကွက်ဖော်ခြင်းများ ရောင်းစားခြင်းများပြုလုပ်ပါက ပြုလုပ်သူကသာ တာဝန်ယူ ဖြေရှင်းပေးရမည်ဟု မွန်ပြည်နယ်အစိုးရအဖွဲ့ လယ်ယာစိုက်ပျိုးရေးနှင့် ဆည်မြောင်းဝန်ကြီး ဦးမျိုးညွန့်က ပြောသည်။
လက်ရှိအနေအထားအရ ဝါးဒက်ကွင်းကျေးရွာရှိ အိမ်မဲ့ ယာမဲ့တို့၏ တဲအိမ်များကို ဘူဒိုဇာဖြင့် ဝင်ရောက်ဖျက်ဆီးခြင်းများ ရှိခဲ့သဖြင့် နှစ်ဘက် ထိပ်တိုက်တွေ့ဆုံမှုများ ရှိခဲ့ပြီး ကျိုက်ထိုမြို့နယ်အုပ်ချုပ်ရေးမှူး ဦးမျိုးအောင်မှ တရားလိုပြုလုပ်ကာ ပြစ်မှု ဆိုင်ရာ ဥပဒေ ပုဒ်မ-၅၀၅ (ခ) ဖြင့် ထိပ်တိုက်တွေ့ဆုံသူ ခေါင်းဆောင် ၃ ဦးကို အမှုဖွင့်ထားသည်။
အဆိုပါ အိမ်မဲ့ ယာမဲ့ပြဿနာကိစ္စနှင့် ပတ်သက်ပြီး ဇန်နဝါရီလ ၆ ရက်နေ့က မော်လမြိုင်အခြေစိုက် မြန်မာပြည်တောင်ပိုင်း ဂျာနယ်လစ်ကွန်ယက် SMJN ရုံးခန်းတွင် အိမ်မဲ့ ယာမဲ့သူတို့က သတင်းစာရှင်းလင်းပွဲ လာသူစဉ် ထိပ်တိုက်တွေ့ဆုံသူ ခေါင်းဆောင် ၃ ဦးမှ ဦးမောင်ရွှေဆိုသူအား ရဲတို့က ဖမ်းဝရမ်းဖြင့် လာရောက်ဖမ်းဆီးသွားခဲ့သည်။
 |Dawei Watch|