Pages

Sunday, January 3, 2016

ထားဝယ်ရိုးရာ လုံခြည် ရက်ကန်း စက်ရုံ စတင်လည်ပတ်


ထားဝယ်စက်ရက္ကန်းစက်ရုံမှ ရက်လုပ်ထားသော ထားဝယ်ရိုးရာလုံချည်များ
ဓာတ်ပုံ - တင့်လွင် / Dawei Watch ထားဝယ်၊ ဇန်န၀ါရီ ၁ 

 ထားဝယ်မြို့နယ်၊ ရွှေဂူတောင်ကျေးရွာတွင် တည်ဆောက်ထားသည့် ထားဝယ်ရိုးရာ လုံခြည် ရက်ကန်းစက်ရုံ စတင်လည်ပတ် နေပြီဖြစ်ကြောင်း ထားဝယ်ရိုးရာ ရက်လုပ်ရေး ကော်မတီ ဥက္ကဋ္ဌ ဦးဘမြင့်က ပြောကြားသည်။
လက်ရှိ အချိန်တွင် ရက်ကန်းစက် ၃ လုံးဖြင့် တနေ့လျှင် ရိုးရာလုံချည် ၁၀လုံးကို ရက်လုပ်လျက်ရှိကာ လုပ်ငန်းတိုးချဲ့နိုင်ရန် အတွက် ရက်ကန်းစက် ၁၀လုံးကို ထပ်မံ အမှာယူထားကြောင်း ၄င်းက ပြောသည်။
၁၉၅၆ ခုနှစ် မတိုင်မီက ပျောက်ကွယ်ခဲ့သော ရှေးထားဝယ်ရိုးရာလုံချည် ( မူလ ဒီဇိုင်း)ကို၂၀၁၄ခုနှစ်တွင် တနင်္သာရီတိုင်း ဒေသကြီး အစိုးရ၏ လမ်းညွန်ချက်အရ စစ်ကိုင်းတိုင်းဒေသကြီးနှင့် မနလေးတိုင်းဒေသကြီးတို့ရှိ စက်ရက်ကန်းနှင့် ထားဝယ်သူ/သားများ အစဉ် အဆက် ရက်လုပ်လာသည့် လက်ရက်ကန်းတို့ကို လေ့လာပြီးနောက် ယင်းစက်ရုံကို တည်ဆောက်ခြင်းဖြစ်သည်ဟု သိရသည်။  
"ရှေးထားဝယ်လုံချည် စစ်စစ်ကိုပဲ ရက်လုပ်သွားမယ်"ဟု ဦးဘမြင့်က ဆိုသည်။ 
ရက်ကန်းစက်ရုံမှ အမျိုးသား၊ အမျိုးသမီးဝတ် ရှေးထားဝယ်ရိုးရာ လုံချည်ကို ဒီဇိုင်းတစ်မျိုးတည်းဖြင့် ကာလာအရောင်အသွေးစုံ ချည်ထည်နှင့် ပိုးထည်လုံချည်များကို ရက်လုပ်မည်ဖြစ်ကြောင်း ၄င်းက ပြောဆိုသည်။
ရွှေဥသြတံဆိပ်ဖြင့် ဈေးကွက်အတွင်းသို့ လက်လီ၊လက္ကား ဖြန့်ဖြူးရောင်းချမည်ဖြစ်ပြီး ဈေးနှုန်းကိုမှု မသတ်မှတ်ရသေးကြောင်း အထက်ပါကော်မတီထံမှ သိရသည်။ 
လက်ရှိအချိန်တွင် ထားဝယ်မြို့၊ ၀ဲကျွန်းရပ်ကွက်တွင် ရက်လုပ်လျက်ရှိသော ရိုးရာလုံချည်များမှာ ထွက်နှုန်းနည်းဈေးကွက် လိုအပ်ချက်အရ စစ်ကိုင်းတိုင်းနှင့် မန္ထလေးတိုင်းတို့မှ ရက်လုပ်သော ဒီဇိုင်းအမျိုးစုံရှိသည့် ထားဝယ်ရိုးရာ လုံချည်များကို ထားဝယ်ရိုးရာဝတ်စုံအရောင်းဆိုင်များက  အမှာယူတင်သွင်း၍   ထားဝယ်ဈေးကွက်အတွင်း ရောင်းချလျက်ရှိသည်။
ထားဝယ်မြို့၊ ၀ဲကျွန်းရပ်ကွက်တွင် လက်ရက်ကန်းစင် ၄စင်ရှိပြီး လက်ရက်ကန်းလုပ်ကိုင်သူ ၅ဦး၊ ၆ဦး ခန့်သာ ကျန်ရှိပြီး ရွှေဂူတောင်ကျေးရွာရှိ  စက်ရက္ကန်းစက်ရုံတွင် ထားဝယ်ရိုးရာလုံချည်များကို  ရက်လုပ်နိုင်ရန် မျိုးဆက်သစ်လူငယ်များကို လေ့ကျင်သင်ကြားပေးလျက်ရှိသည်ဟု အထက်ပါ ကော်မတီမှ သိရသည်။ 
ထားဝယ်ဈေးကွက်အတွင်း ထားဝယ်ရိုးရာ အမျိုးသားချည်ထည်တစ်လုံးလျှင် ကျပ် ၉၀၀၀၊ အမျိုးသမီးလုံချည်တစ်လုံးလျှင် ကျပ် ၁၂၀၀၀၊ ကျပ် ၁၅၀၀၀စသဖြင့် ချည်ထည်အပေါ် မူတည်၍ ဈေးနှုန်းအမျိုးမျိုးသတ် မှတ်ကာ ရောင်းချလျက်ရှိပြီး ပိုးထည် တစ်လုံးကိုမှု ကျပ် ၄၀၀၀၀ ကျော်အထိ ရောင်းချလျက်ရှိသည်ဟု သိရသည်။