Pages

Tuesday, January 26, 2016

ထားဝယ်တွင် ဆယ်ကျော်သက် လူငယ်နှစ်ဦး ရိုက်နှက် လုယက်ခံရ

|Dawei Watch| ထားဝယ်၊ ဇန်န၀ါရီ ၂၆
ထားဝယ်မြို့ ၊ ရွှေဝယ်သီရိ အားကစားကွင်းအတွင်း ဇန်န၀ါရီလ ၂၃ ရက် ညက ဆယ်ကျော်သက်လူငယ်နှစ်ဦးထံမှ ဆိုင်ကယ်နှင့် ပစ္စည်းများ ရိုက်နှက်လုယက်ခံရကြောင်း ထားဝယ်ရဲစခန်းမှ သိရသည်။
ယင်းနေ့ ည ၇နာရီအချိန်ခန့်တွင် အသက်၁၅အရွယ်  ယောင်္ကျားလေး ဆယ်ကျော်သက်တစ်ဦးနှင့် မိန်းကလေးတစ်ဦးတို့ ထိုင်စကားပြောနေစဉ် ကစားကွင်း ပွဲကြည့်စင်ဖက်မှ လူနှစ်ဦး ရောက်လာပြီး ယောက်ျားလေး ဆယ်ကျော်သက်အား ရိုက်နှက်ထိုးကြိတ် ကန်ကျောက်ကာ ဆိုင်ကယ်နှင့် လက်ကိုင်ဖုန်းအား လုယူသွားခဲ့ကြောင်း ရဲမှတ်တမ်းအရ သိရသည်။
ထိုးကြိတ်ခံရသည့် အသက် ၁၅ နှစ်အရွယ် ဆယ်ကျော်သက်မှာ ဦးခေါင်းနောက်စေ့ ပေါက်ပြဲ၊ ဦးခေါင်းထိပ် ဖူးရောင်၊ ယာ မျက်ခုံးအောက် ပွန်းခြစ်ဒဏ်ရာ၊ ၀ဲလက်မောင်း နာကျင်ဖူးရောင်စသည့် ဒဏ်ရာများ ရရှိကာ ထားဝယ်ပြည့်သူ့ ဆေးရုံကြီးသို့ တင်ပို့ ကုသခဲ့ရပြီး စိုးရိမ်ရသည့် အခြေအနေမဟုတ်ဟု ရဲမှတ်တမ်းတွင် ဖော်ပြသည်။
ယခုဖြစ်ပွားသည့် နေရာဝန်းကျင်သည် အရင်ခေတ်အဆက်ဆက် ကတည်းက ယင်းကဲ့သို့ အခင်းဖြစ်ပွားမှု ဖြစ်လေ့ရှိသည့် နေရာဖြစ်ပြီး လူငယ်များအနေဖြင့် မိမိအတွက် အန္တာရာယ်ရှိ/မရှိ သေချာစဉ်းစားပြီးမှ သွားသင့်ကြောင်း သင်္ဘောဆိပ်ရပ်ကွက်မှ ကိုသိုက်ထွန်းက မှတ်ချက်ပြုသည်။
“လူသူရှင်းတဲ့နေရာကို သွားတာက ပြဿနာကို လက်ယပ်ခေါ်သလိုဖြစ်နေတယ်” ဟု  ကိုသိုက်ထွန်း ကပြောသည်။
လူငယ်များအနေဖြင့် အအေးဆိုင်ကဲ့သို့သော လုံခြုံစိတ်ချရသည့် နေရာမျိုးတွင်သာ ထိုင်စကားပြောသင့်ပြီး မိန်းကလေးများကလည်း ယခုကဲ့သို့ လူသူတိတ်ဆိတ်ပြီး မှောင်နေသည့် နေရာမျိုးကို မသွားသင့်ဟု ၄င်းက ဆက်ပြောသည်။
အဆိုပါ (CLICK I -125)ုဆိုင်ကယ်နှင့် HUAWEI လက်ကိုင်ဖုန်းတို့အား ရိုက်နှက်လုယူ  လွတ်မြောက်နေဆဲဖြစ်ပြီး (ပ)၃၄/၂၀၁၆ ပုဒ်မ ၃၈၂ ဖြင့် အမှုဖွင့်အရေးယူထားကြောင်း ထားဝယ်ရဲစခန်းမှ သိရသည်။

Dawei Watch