Pages

Friday, January 8, 2016

လက်ပံတောင်းတောင် ကြေးနီစီမံကိန်းရှိ စားဖိုဆောင်၌ တာဝန်ထမ်းဆောင်နေသည့် မြန်မာအမျိုးသမီးဝန်ထမ်းအား အချိန်ကြာမြင့်စွာ မတ်တတ်ရပ် အပြစ်ပေးခဲ့သည့် ၀မ်ပေါင်ကုမ္ပဏီမှ ဌာနမှူးအား တရားစွဲ

လက်ပံတောင်းတောင် ကြေးနီစီမံကိန်းတွင် စားဖိုမှူးတာဝန် ထမ်းဆောင်နေသည့် မြန်မာအမျိုးသမီး ၀န်ထမ်းတစ်ဦးဖြစ်သည့် မကြည်ကြည်မေအား ၂၀၁၅ ခုနှစ် နိုဝင်ဘာ ၁၁၊ ၁၄၊ ၁၆ ရက်တို့တွင် တစ်ရက်လျှင် ရှစ်နာရီကြာ ကုမ္ပဏီဝန်ထမ်းများ၏ ရှေ့တွင် မတ်တတ်ရပ်ခိုင်းခဲ့သဖြင့် ခြေထောက်များ ရောင်ရမ်းပြီး နစ်နာခြင်း၊ ကြောက်ရွံ့ခြင်း၊ စိတ်ငြိုငြင်ခြင်းများစွာ ဖြစ်ပေါ်ခံစားရအောင် ပြုလုပ်ခဲ့သည့် မြန်မာဝမ်ပေါင်ကုမ္ပဏီမှ ဌာနမှူး  မစ္စတာလီတာချူးအား ဆားလင်းကြီးမြို့နယ် တရားရုံးတွင် ပြစ်မှုဆိုင်ရာ ဥပဒေပုဒ်မ ၃၅၂၊ ၃၅၄ အရ တရားလို မကြည်ကြည်မေက လျှောက်ထားခဲ့ရာ ရုံးချိန်းအား ဇန်န၀ါရီ ၁၄ ရက်တွင် ချိန်းဆိုထားကြောင်း သိရသည်။
 
မကြည်ကြည်မေက “ကုမ္ပဏီမှာ ဆုပေးပွဲ ကျင်းပတယ်။ အဲဒီနေ့က ကျွန်မရဲ့အလုပ်နားရက်ပါ။ ကြာသပတေး၊ သောကြာ နားရက်ပါ။ အဲဒီဆုပေးပွဲကို တက်စေချင်တဲ့ သဘောပါ။ နားတာကတော့ ကျွန်မနဲ့ ကောင်မလေး တစ်ယောက်ပါ။ နေမကောင်းလို့ မလာနိုင်ဘူးဆိုတဲ့အကြောင်း ဌာနမှူးလီတာချူးဆီကို တိုက်ရိုက်ဖုန်းဆက်သွယ်ပြီး ပြောခဲ့ပါတယ်။ နောက်ရက်တွေမှာ ရုံးတက်တော့ အလုပ်ချိန်ကို အခါတိုင်းလို တစ်ဆိုင်းမဟုတ်တော့ဘဲ  နှစ်ဆိုင်းဆင်းဖို့ ညွှန်ကြားခဲ့ပါတယ်။ မလုပ်နိုင်ဘူး။ အဲဒီနေ့က နေမကောင်းလို့ နားရက်လည်းဖြစ်နေလို့ဆိုပြီး ပြောပြတော့ ငါက ဌာနမှူး ငါညွှန်ကြားတဲ့အတိုင်း လုပ်ရမယ်။ သူ့ညွှန်ကြားချက်အတိုင်း မလိုက်နာလို့ဆိုပြီး ၀န်ထမ်းတွေအများကြီးရှေ့မှာ မတ်တတ်ရပ်ခိုင်းတာ သုံးရက်တိတိပါ။ နောက်ဆုံး ရပ်ခိုင်းတဲ့နေ့မှာ အလုပ်သမားအဖွဲ့အစည်းကသိပြီး ခေါ်ထုတ်သွားခဲ့လို့ ဆက်ပြီး မရပ်ခဲ့ရဘူး”ဟု ပြောကြားသည်။
 
ဇန်န၀ါရီ ၅ ရက်တွင် ဆားလင်းကြီးမြို့နယ် တရားရုံးကို တရားစွဲပြီး ၁၄ ရက်နေ့ တွင် ရုံးချိန်းခေါ်ယူထားကြောင်း၊ အချိန်ကြာမြင့်စွာ မတ်တတ်ရပ်ခဲ့ရသည့်အတွက် ခြေထောက်တွင် ပြင်းထန်ဒဏ်ရာများစွာ ခံစားနေရသဖြင့် မိုင်းဆေးရုံတွင် ဆေးကုသမှု ခံယူခဲ့ရကြောင်း၊ အလုပ်မှထွက်ရန် မပြောသေးသည့်အတွက် အလုပ်ဆက်လုပ်နေကြောင်း၊ ယခုလက်ရှိ တာဝန်ပေးထားသည့်ဌာနမှ အခြားဌာနတစ်ခုသို့ ရာထူးတိုးပြီး ပြောင်းရွှေ့ပေးရန် စီစဉ်နေကြောင်း၊ ယခုဖြစ်စဉ်အပြီးတွင် ဒေသခံဝန်ထမ်းများအပေါ် ဖိနှိပ်မှုများ ပိုမိုမြင့်မားလာနေကြောင်း ပြောကြားသည်။
Eleven Media Group