Pages

Friday, February 19, 2016

ခရီးသည် နည်းလာ၍ အမြန်ရေယာဉ်များ ပြေးဆွဲမှုရပ်နား


|Dawei Watch| ထားဝယ်၊ ဖေဖော်ဝါရီ ၁၈
စီးနင်းမည့် ခရီးသည်နည်းပါးလာခြင်းကြောင့် ထားဝယ်-ကော့သောင်းပြေးဆွဲနေသည့် အမြန်ရေယာဉ်များကို ၂၀၁၆ ခုနှစ် ပြီးခဲ့သည့် ဇန်န၀ါရီလဆန်းပိုင်းမှ စတင်ကာ ပြေးဆွဲမှုရပ်နားထားရကြောင်း အမြန်ရေယာဉ်လိုင်းအချို့ထံမှ သိရသည်။
ပြီးခဲ့သည့်နှစ်ပိုင်းအတွင်း ထားဝယ်-ကော့သောင်းလမ်း ကောင်းမွန်လာ၍ တိုက်ရိုက် ပြေးဆွဲသည့် ကားလိုင်းများ ပေါ်လာပြီး နောက် အမြန်ရေယာဉ်စီးနင်းသူ နည်းပါခဲ့ခြင်းဖြစ်ကြောင်း ဟိုင်ဖိုင်အမြန်ရေယာဉ်လိုင်းမှ တာဝန်ရှိသူ တစ်ဦးက ပြောသည်။
“ဘယ်အချိန်ပြန်ပြီး ပြေးဆွဲသွားမယ်ဆိုတာ အတိအကျ မပြောနိုင်သေးဘူး”ဟု အဆိုပါ တာဝန်ရှိသူက ပြောသည်။
ယင်းကဲ့သို့ ပြေးဆွဲမှု ရပ်နားလိုက်သဖြင့် အမြန်ရေယာဉ်အား ပြုပြင်ထိန်းသိမ်းမှုစရိတ်၊ ၀န်ထမ်းစရိတ်များ ရှိနေသည့်အတွက် နစ်နာမှုအချို့ရှိခဲ့သည်ဟု အဆိုပါ တာဝန်ရှိသူက ဆက်ပြောသည်။
ယခင်က အမြန်ယာဉ်စီးနင်းသူ အများစုမှာ မြန်မာနိုင်ငံ အနှံ့အပြားမှ လာရောက်၍ အိမ်နီးချင်း ထိုင်းနိုင်ငံကို ကော့သောင်းမှ တဆင့် သွားရောက်မည့် ရွှေ့ပြောင်းအလုပ်သမားများ ဖြစ်သည်။
လက်ရှိအချိန်တွင် ထီးခီးနှင့် မောတောင်နယ်စပ်ဂိတ်များ ဖွင့်လှစ်လိုက်သဖြင့် နီးစပ်ရာ နယ်စပ်ဂိတ်များမှတဆင့် ထိုင်းနိုင်ငံ သို့ သွားကြ၍ အမြန်ယာဉ် စီးနင်းသူ လျော့နည်း လာခြင်းဖြစ်နိုင်သည်ဟု ထိုင်းနိုင်ငံတွင် သွားရောက် အလုပ်လုပ်ကိုင်ခဲ့ ဖူးသည့် အသက်၃၀ အရွယ် ထားဝယ်မြို့ခံ အမျိုးသားတစ်ဦးက ပြောသည်။
“အခုချိန်မှာ ကော့သောင်းဖက်က သွားတဲ့လူ မရှိသလောက်ကို နည်းသွားတာ”ဟု ၎င်းက ဆိုသည်။
ထားဝယ်-မြိတ်-ကော့သောင်းခရီးစဉ်အား အမြန်ရေယာဉ်များဖြင့် ၁၉၉၉ခုနှစ် ၀န်းကျင်ကတည်းက ပြေးဆွဲလာခဲ့ကာ အမြန်ရေယာဉ်လိုင်း ၃လိုင်းမှ အမြန်ရေယာဉ် ၁၀စီးခန့်ဖြင့်ပြေးဆွဲနေပြီး အမြန်ရေယာဉ် အကြီးအသေး အလိုက် ခရီးသည် ၁၀၀ကျော်မှ ၂၀၀ကျော်အထိ တင်ဆောင်နိုင်ကြောင်း အမြန်ရေယာဉ်လိုင်းအချို့ထံမှ သိရသည်။

Dawei Watch