Pages

Saturday, February 13, 2016

တာချီလိတ်တွင် မူးယစ်ဆေးနှင့်လက်နက်များ ဖမ်းမိ


ရှမ်းပြည်နယ် တာချီလိတ်မြို့နယ်၊ မိုင်းကိုး ကျေးရွာထဲက အသက် ၄၆ နှစ်အရွယ် ဦးစိုင်းအေးရဲ့ နေအိမ်မှာ မူးယစ်ဆေးဝါးနဲ့ လက်နက်တွေ ဖမ်းဆီးရမိပါတယ်။
ဖေဖော်ဝါရီ ၁၂ ရက်နေ့က ဦးစိုင်းအေးရဲ့ နေအိမ်မှာ မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ဝင်တွေနဲ့ တပ်မတော်သားတွေ ပူးပေါင်းဖမ်းဆီးခဲ့တာလို့ စစ်တပ်ပိုင် မြ၀တီသတင်းမှာ ဖော်ပြပါတယ်။
ဦးစိုင်းအေးကို စစ်ဆေး ဖမ်းဆီးဖို့ သွားရောက်ခဲ့ပေမယ့် ဇနီးဖြစ်သူ နန်းပိုးသာကို တွေ့ပြီး နေအိမ်ထဲက WY စာတန်းပါ စိတ်ကြွဆေးပြား ၁ သိန်း (ဒေသတန်ဖိုး ကျပ်သိန်း ၂၅၀၀)၊ ကဖင်း ၁၉ ကီလိုဂရမ်ခန့် (ဒေသတန်ဖိုးကျပ် ၁၅ သိန်းကျော်)၊ ဆူဒိုအက်ဖီဒရင်းဆေးပြား ၁၀၀၀ (ဒေသတန်ဖိုး ကျပ် ၁ သိန်းလောက်)၊ ပွိုင့်-၃၈ ပစ္စတိုတစ်လက်၊ တူမီးသေနတ်တစ်လက်၊ လေသေနတ် နှစ်လက်၊ အမ်-၉၁ လက်ပစ်ဗုံး တစ်လုံး၊ စိတ်ကြွဆေးပြား ထုတ်လုပ်ရာမှာ အသုံးပြုတဲ့ WY စာတန်းပါ သံမှို ၁၂ ချောင်းနဲ့ သံထည် ငါးခု၊ မော်တော်ယာဉ်မျိုးစုံ ငါးစီး၊ မော်တော်ဆိုင်ကယ် ခုနစ်စီးတို့ကို  သိမ်းဆည်းရမိခဲ့တယ်လို့ သတင်းမှာ ဖော်ပြထားပါတယ်။
ဒါ့အပြင် လေသေနတ် တစ်လက်၊ ကဖင်း ၃ ကီလိုခန့် (ဒေသတန်ဖိုးကျပ်နှစ်သိန်းကျော်ခန့်) နဲ့ စိတ်ကြွဆေးပြား ထုတ်လုပ်ရာ အသုံးပြုတဲ့ အဖြူရောင် အနံ့မှုန့် ၂ ကီလိုတို့ကိုလည်း ထပ်မံသိမ်းဆည်းရမိခဲ့သလို ထွက်ပြေးတိမ်းရှောင်နေတဲ့ ဦးစိုင်းအေးကိုလည်း ဖမ်းဆီးရမိဖို့ ကြိုးစားနေတယ်လို့ ဆိုပါတယ်။
DVB