Pages

Monday, February 15, 2016

တနင်္သာရီတိုင်းဒေသကြီးလွှတ်တော်ဝင်းသစ်တွင် လူငါးရာဆံ့ ဆန္ဒပြရန် နေရာထားရှိမည်

ဓာတ်ပုံ - အောင်သူ -Dawei Watch


|Dawei Watch| ထားဝယ်၊ ဖေဖော်ဝါရီ ၁၅
ထားဝယ်မြို့၊ ကမြောကင်းလမ်းတွင် အသစ်ဆောက်လုပ်နေသည့် လွှတ်တော်ရုံးဝင်းအတွင်း လူဦးရေ ငါးရာ ဆန္ဒပြနိုင်သော ပြည်သူ့ဟစ်တိုင် ထားရှိမည်ဖြစ်ကြောင်း တနင်္သာရီတိုင်းဒေသကြီးလွှတ်တော်ဥက္ကဋ္ဌ ဦးခင်မောင်အေးက ပြောကြားသည်။
ပြည်သူလူထု၏ ဆန္ဒကို လာရောက်ထုတ်ဖော်နိုင်စေရန်အတွက် ဟစ်တိုင်နေရာကို ထားရှိမည်ဖြစ်ပြီး လာမည့် ဘဏ္ဍာရေးနှစ်၏ ဘတ်ဂျက်ဖြင့် ဆောက်လုပ်မည်ဖြစ်ကြောင်း ဦးခင်မောင်အေးက ပြောသည်။
ဒီနေရာမှာ လာပြီး ပြည်သူ့ဆန္ဒ တွေလာပြောနိုင်တယ်။ လူငါးရာလောက် ဆံ့တဲ့ ကွင်းပြင်ကြီးတစ်ခုကို Floor (အင်္ဂတေ) လောင်းဖို့ အစီအစဉ်ရှိတယ်။ အဲဒါက တကယ်လည်း လိုအပ်တယ်”ဟု ၎င်းက ဆိုသည်။
ဟစ်တိုင်ထားရှိခြင်းသည် ပြည်သူ့အသံနားထောင်ပြီး အလုပ်လုပ် မည်ဟု ဆိုသည့် လွှတ်တော်အတွက် သာမက ပည်သူလူထုအတွက်ပါ အကျိုး ရှိမည်ဖြစ်ကြောင်း ဦးခင်မောင်အေးက ဆိုသည်။
ဟစ်တိုင် ထားရှိမည့် အစီအစဉ် သည် လွှတ်တော် ဥက္ကဋ္ဌဟောင်း၏ အစီအစဉ်တစ်ခုဖြစ်ပြီး ယင်း အစီအစဉ် ကို ဆက်လုပ်ရန် ၎င်းကိုယ်တိုင်ကလည်း သဘောတူကြောင်း လွှတ်တော်ဥက္ကဋ္ဌ အသစ်ဖြစ်လာသည့် ဦးခင်မောင်အေးက ပြောသည်။
ဆောက်လုပ်နေသည့် လွှတ်တော် အဆောက်အအုံအသစ်သည် လက်ရှိ အချိန်တွင် ပြီးစီးသလောက်ရှိနေပြီး လာမည့် ဘဏ္ဍာရေးနှစ်တွင် အဆောက် အအုံအတွင်းပိုင်းပြင်ဆင်မှုများကို လုပ်ဆောင်သွားမည်ဖြစ်ကြောင်း ဦးခင်မောင်အေးက ပြောသည်။


Dawei Watch