Pages

Monday, February 22, 2016

ဆိုင်ကယ်တိုက်ရာမှ မူးယစ်ဆေး ကွင်းဆက် တရားခံဟု ယူဆရသူအား ဖမ်းမိ


 ထားဝယ်၊ ဖေဖော်ဝါရီ ၂
ထားဝယ်တွင် ဆိုင်ကယ်ချင်းတိုက်မှုဖြစ်ပွားရာက ထားဝယ်မြို့မရဲစခန်းမှ အလိုရှိနေသည့် မူးယစ်ဆေးဝါးအမှုတစ်ခု၏ တရားခံဟု သံသယရှိသူအား မူးယစ်ဆေးပြားများနှင့် အတူဖမ်းဆီးရမိခဲ့ကြောင်း ထားဝယ်မြို့ မြို့မစခန်းမှ သိရသည်။
ထားဝယ်မြို့ ကမြောကင်းလမ်းတွင် ၂၀၁၆ခုနှစ် ဖေဖော်ဝါရီ၂၀ရက် မွန်းလွှဲပိုင်းက ဆိုင်ကယ်ချင်း တိုက်မိရာမှ ဒဏ်ရာ ရရှိသူသည် ရဲတပ်ဖွဲ့မှ အလိုရှိနေသည့် ထားဝယ်တက္ကသိုလ် အနောက်ဖက်ချုံအတွင်း ဖမ်းမိသည့် မူးယစ်ဆေးဝါးအမှု၏ ကွင်းဆက်တရားခံဖြစ်ကြောင်း ထားဝယ်မြို့မရဲစခန်း၏ မှုခင်းမှတ်တမ်းတွင် ဖော်ပြထားသည်။
ယာဉ်တိုက်မှုဖြစ်သည့် ဆိုင်ကယ်အား ထားဝယ်ရဲစခန်းတွင် စစ်ဆေးရှာဖွေရာ ဆိုင်ကယ်ထိုင်ခုံ အောက်ခံခွက်အတွင်းမှ  WY စိတ်ကြွဆေးပြား ၁၈၂ ပြား တွေ့ရှိခဲ့သည်ဟု ရဲစခန်းမှတ်တမ်းတွင် ဖော်ပြသည်။
ပြီးခဲ့သည့် ဇန်နဝါရီလ ၃၀ရက်နေ့က ထားဝယ်တက္ကသိုလ် အနောက်ဖက်ချုံအတွင်း မူးယစ်ဆေးဝါး ရောင်းချသုံးစွဲသူ ငါးဦးအား ဝင်ရောက်ဖမ်းဆီးစဉ် သုံးဦးအား ဖမ်းဆီးရမိခဲ့ပြီး နှစ်ဦးလွတ်မြောက်နေရာ ယခု ဖမ်းဆီးရမိသူမှာ ထွက်ပြေး လွတ်မြောက်နေသူ နှစ်ဦးအနက်မှ တစ်ဦးဖြစ်ကြောင်း ထားဝယ်ရဲစခန်းထံမှ သိရသည်။
ယာဉ်တိုက်မှုကြောင့် ထားဝယ်အထွေထွေရောဂါကုဆေးရုံကြီးတွင် ဆေးကုသမှုခံယူလျက်ရှိပြီး ၎င်းကို ထားဝယ်မြို့မ ရဲစခန်းမှ  မယ(ပ)၉ /၂၀၁၆၊ မူးစိတ်ပုဒ်မ-၁၅ /၁၉(က) /၂၀(က) အရ အမှုဖွင့်ထားကြောင်း သိရသည်။ 
|Dawei Watch|