Pages

Monday, February 22, 2016

ကျောက္ကာမီးဘေးအတွက် တေးဂီတ၀ိုင်းဖြင့် အလှူခံမှု ကျပ်သိန်း ၉၀ ကျော်ရရှိ


 ကော့သောင်း၊ ဖေဖော်ဝါရီ ၂၂
တနင်္သာရီတိုင်းဒေသကြီး၊ ပလောမြို့နယ်၊ ကျောက္ကာကျေးရွာတွင် လောင်ကျွမ်းခဲ့သော မီးဘေးသင့်သူများကို ကူညီရန် ကော့သောင်းမြို့တွင် တေးဂီတဖြင့် ဖျော်ဖြေအလှူခံရာ နှစ်ရက်အတွင်း ကျပ်သိန်း ၉၀ ကျော်ရရှိခဲ့ကြောင်း စီစဉ်သူများထံမှ သိရသည်။
ကော့သောင်းကမ်းနီးပရဟိတမိသားစုအဖွဲ့နှင့် Elinsect Music Band အဖွဲ့တို့က ကော့သောင်းမြို့ လူစည်ကားရာ အဝိုင်းပါတ် လမ်းဆုံတွင် ဂီတဖျော်ဖြေကာ အလှူခံခဲ့ခြင်းဖြစ်ပြီး ဖေဖော်ဝါရီလ ၂၀ နှင့် ၂၁ ရက်နေ့များတွင် အလှူငွေ ၉၁ သိန်းရရှိခဲ့ကြောင်း ယင်းအစီအစဉ်ကို ဦးဆောင်ခဲ့သည့် ကမ်းနီးပရဟိတအဖွဲ့မှ  ဦးသိန်နိုင်ဦး က ဆိုသည်။
ရရှိထားသည့် အလှူငွေများကို အိမ်ဆောက်ပစ္စည်း ဝယ်ကာ သွားရောက်လှူဒါန်းမည် ဟု သိရသည်။
ကျောက္ကာမီးဘေးသင့်သူများတွင် အ၀တ်အထည်နှင့် အစားအသောက်များ အလှူခံရရှိမှု ပြည့်စုံနေပြီး ငွေသားနှင့် အိမ်ဆောက်ပစ္စည်းများသာ အဓိက လိုအပ်တော့ကြောင်း သိရသည်။  
ဖေဖော်ဝါရီလ ၁၃ ရက် ကျောက္ကာမီးဘေးကြောင့် အိမ်ခြေ ၂၉၇ အိမ် မီးဘေးသင့်ခဲ့ပြီး ၃၄ အိမ် ပျက်စီးခဲ့ကာ လူဦးရေ ၁၅၆၄ ဦး မီးဘေးသင့်ခဲ့သည်။
ယင်းအပြင် အစိုးရ အထက်တန်း ကျောင်းခွဲ ၂ ထပ် ကျောင်းဆောင်တ စ်ဆောင်လည်း မီးသင့်ခဲ့ကြောင်း ကျောက္ကာ မီးဘေးသင့် ပြည်သူများ ကယ်ဆယ်ရေးနှင့်
ကူညီဆောင်ရွက်ရေး ဆပ်ကော်မတီထံမှ သိရသည်။

Dawei Watch|