Pages

Sunday, February 7, 2016

ကက်ဝိုင်းဝင်ဖမ်းသည့် ရဲတပ်ဖွဲ့ဝင်များ တိုက်ခိုက်ခံရ



|Dawei Watch| ထားဝယ်၊ ဖေဖော်ဝါရီ ၇

တနင်္သာရီတိုင်းဒေသကြီး ထားဝယ်မြို့နယ်၊ ပဒိုင်းချောင်းရွာတွင် ကြက်ဝိုင်းဖမ်းရာမှ လောင်းကစားသူများ၏ ဝိုင်းဝန်းတိုက်ခိုက်ရန်ပြုခြင်းကြောင့် ရဲတပ်ဖွဲ့ဝင်သုံးဦးဒဏ်ရာရရှိခဲ့ကြောင်း ထားဝယ်မြို့မရဲစခန်းထံမှ သိရသည်။

ဖေဖော်ဝါရီလ ၆ ရက်နေ့ နေ့လယ် ၁ နာရီခန့်က ပဒိုင်းချောင်းရွာနတ်ပွဲတွင် လောင်းကစားဝိုင်း သွားရောက်ဖမ်းဆီးရာ လောင်းကစားဝိုင်းမတွေ့ဘဲ နတ်ပွဲနှင့် မြောက်ဘက်နှစ်မိုင်ခန့်အကွာတွင် ဥယျာဉ်ခြံဝင်းတစ်ခုအတွင်း ကြက်တိုက် လောင်းကစားပြုနေသည်ကို တွေ့ရသဖြင့် ရဲအုပ်စိုးနိုင်ဦးစီးသည့် အင်အား ၇ ဦးက အရပ်ဝတ်ဖြင့် အသွင်ယူ ဝင်ရောက်ဖမ်း ဆီးရာမှ   
ယင်းသို့ရန်ပြုတိုက်ခိုက်ခံရခြင်းဖြစ်ကြောင်း အထက်ပါရဲစခန်းထံမှ သိရသည်။

လောင်းကစားပြုသူများ၏ ကျောက်ခဲဖြင့်ပစ်ခတ်မှုကြောင့် ရဲအုပ်စိုးနိုင်အပါအဝင် တပ်ဖွဲ့ဝင်သုံးဦးတွင် ဦးခေါင်းနောက်စေ့ ပေါက်ပြဲဒဏ်ရာ၊ ယာလက်မောင်းဖူးယောင်ဒဏ်ရာနှင့် ဝဲနားထင်ပေါက်ပြဲဒဏ်ရာ အသီးသီးရရှိခဲ့ပြီး မစိုးရိမ်ရကြောင်း ထားဝယ်မြို့မရဲစခန်းထံမှ သိရသည်။
အသွင်ယူရဲတပ်ဖွဲ့ဝင်များအား လောင်းကစားပြုလုပ်နေသူ ၂၅ ဦးခန့်မှ ဒုတ်၊ ဒါး၊ ကျောက်ခဲများကိုင်ဆောင်ကာ ဝိုင်းဝန်း ရန်ပြုနေစဉ် ရဲတပ်ဖွဲ့ယူနီဖောင်းဝတ်ဆင်ထားသည့် တပ်ဖွဲ့ဝင် ၆ ဦး ရောက်ရှိလာသဖြင့် လောင်းကစား သူများ ထွက်ပြေး သွားခဲ့ပြီး လောင်းကစားပြုလုပ်နေသည်ဟုယူဆရသူ ၅ ဦးနှင့်အတူ ထွက်ပြေးလွတ်မြောက်သွား သူများ၏ ဆိုင်ကယ် ၁၃ စီးတို့ကို သိမ်းဆည်းနိုင်ခဲ့ကြောင်း ထားဝယ်မြို့မရဲစခန်း၏ ကနဦး မှတ်တမ်းအရ သိရသည်။
ထွက်ပြေးလွတ်မြောက်သွားသူများအား ဆက်လက်စုံစမ်းဖော်ထုတ်ကာ သက်ဆိုင်ရာပုဒ်မများဖြင့် အမှုဖွင့်အရေးယူသွား မည်ဖြစ်ကြောင်းထားဝယ်မြို့မရဲစခန်းထံမှ သိရသည်။

Dawei Watch