Pages

Sunday, February 28, 2016

မြေသယ်ယာဉ်အချို့ အရှိန်ပြင်းစွာ မောင်းနှင်နေမှုအပေါ် ဝေဖန်မြင့်တက်





|Dawei Watch| ထားဝယ်၊ ဖေဖော်ဝါရီ ၂၆
ထားဝယ်ဒေသတွင် မြေသယ်ယာဉ်ကားကြီးအချို့ မြို့တွင်းနှင့် မြို့အနီးတစ်ဝိုက် မြေ၊သဲနှင့်ကျောက်များ သယ်ယူ ပို့ဆောင်ရာတွင် တင်နိုင်သည့်ဝန်အားထက် ပိုမိုတင်ဆောင်ခြင်းနှင့် အရှိန်ပြင်းစွာ စည်းကမ်းမဲ့ မောင်းနှင်မှုများအပေါ် ဒေသခံပြည်သူများမှ ဝေဖန်မှုမြင့်တက်လျက်ရှိသည်။
တည်ဆောက်ရေး လုပ်ငန်းများလုပ်ဆောင်နေသည့် စီမံကိန်းကာလတွင် မြေသယ်ကားကြီးများ မြို့တွင်းဝင်ရောက် မောင်းနှင်မှုအား နားလည်လက်ခံ နိုင်သော်လည်း စည်းကမ်းမဲ့ မြေသယ်ဆောင်ခြင်းနှင့် အရှိန်ပြင်းစွာ မောင်းနှင်မှုများကြောင့် ယာဉ်တိုက်မှုအန္တာရာယ်ဖြစ်ပွားမည်ကို စိုးရိမ်မိကြောင်း ဒေသခံများက ပြောသည်။
 “မြေသယ်ယာဉ်မောင်း အများစုက သတ်မှတ်လိုင်စင်လည်း မရှိကြဘူးထင်တယ်”ဟု ထားဝယ်မြို့ခံတစ်ဦးဖြစ်သူ ကိုသူရက ပြောသည်။
သက်ဆိုင်ရာဌာနများမှ ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်း ကြပ်မတ်ဆောင်ရွက်ရာတွင် ဆိုင်ကယ်စီးနင်း မောင်းနှင်မှုများ ကိုသာ စစ်ဆေးအရေးယူမှုများပြုလုပ်ခဲ့ကြပြီး လုပ်ငန်းသုံး မြေသယ်ယာဉ်များအား စစ်ဆေးကြပ်မတ်မှုမရှိကြောင်း ကိုသူရ က ဆက်ပြောသည်။
မြေသယ်ကားပေါ် တင်ဆောင်လာသည့် မြေများလမ်းမပေါ် ဖိတ်စင်ရာမှ ဆိုင်ကယ်စီးနင်းသူများ မျက်လုံးထဲဝင်ကာ ယာဉ်တိုက်မှု ဖြစ်ပွားနိုင်သဖြင့် တာလပတ်အုပ်ပြီးမှ သယ်ယူသင့်သည်ဟု ထားဝယ်မြို့ ဇရစ်ရပ်ကွက်မှ ကိုဖြိုးဖြိုး က ဆိုသည်။
ထားဝယ်မြို့အတွင်း နိုင်လွန်ကတ္တရာခင်းထားသည့်အတွက် မြေသယ်ယာဉ်များ မြို့အတွင်းမ၀င်သင့်ဘဲ ၀င်ရောက်မည်ဆို ပါက သက်ဆိုင်ရာဌာနခွင့်ပြုချက်ရပြီးမှသာ ၀င်ရောက်သင့်ကြောင်း အမှတ်(၈) ယာဉ်ထိန်းရဲဒုတိယတပ်ဖွဲ့ခွဲမှူးရုံးမှ ရဲမှူးစိုးဝင်းက ဆိုသည်။
“မြေသယ်ကားတွေ မြို့ထဲဝင်ခွင့်ပြုမယ်ဆိုရင်လည်း ကန့်သတ်အချိန်နဲ့ ကန့်သတ်ချက်တွေ ထားသင့်တယ်” ဟု ရဲမှူးစိုးဝင်း ကပြောသည်။
မြို့ထဲဝင်သည့် မြေသယ်ကားများအား ယာဉ်ထိန်းရဲတပ်ဖွဲ့က တွေ့ရှိပါက သတ်မှတ်စည်းကမ်းချက်များနှင့် ညီ/မညီ စစ်ဆေးမှုများ ပြုလုပ်လျက်ရှိကြောင်း ၎င်းက ပြောသည်။
မြေသယ်ကားများသည် မြို့ထဲဝင်မည်ဆိုပါက တစ်နာရီလျှင် မိုင် ၂၀ နှုန်းထက်ပို၍ မောင်းနှင်ခွင့်မရှိကြောင်း သိရသည်။

Dawei Watch