Pages

Monday, March 28, 2016

ရခိုင်ပြည်နယ် ၀န်ကြီးချုပ်အဖြစ် ဦးညီပုအား ခန့်အပ်ခြင်းကို ANP လွှတ်တော်ကိုယ်စားလှယ်များ လွှတ်တော်မှ ထွက်ခွာခြင်းဖြင့် ကန့်ကွက်



ယနေ့ ကျင်းပသော ရခိုင်ပြည်နယ်လွှတ်တော်အစည်းအဝေးက NLD ပါတီမှ ဂွမြို့နယ် မဲဆန္ဒနယ်အမှတ် (၂) မှ ဦးညီပုအား ပြည်နယ်ဝန်ကြီးချုပ်အဖြစ် ခန့်အပ်ခြင်းကို ရခိုင်အမျိုးသားပါတီ ANP မှ လွှတ်တောါကိုယ်စားလှယ်များက လွှတ်တော်အတွင်းမှ ထွက်ခွာ၍ကန့်ကွက်ဆန္ဒပြခဲ့ကြောင်း သိရသည်။

“ဒီနေ့လွှတ်တော်မှာ ၁၀ နာရီစတယ်။ လွှတ်တော်ကိုယ်စားလှယ်တွေက ANP ပါတီလွှတ်တော်ကိုယ်စားလှယ်တွေက သူတို့အင်္ကျီမှာ အနက်ရောင် အပြားလေးတွေစီးထားကြတယ်။ ၀မ်းနည်းကြောင်းအထိမ်းအမှတ်နဲ့ ပြကြတာပေါ့။ ဘာကြောင့်ပြကြတာလဲဆိုတော့ ဒီအစိုးရက ရခိုင်ပြည်နယ်အစိုးရကို ဦးဆောင်ဖွဲ့ဖို့ကို ၁/၂၀၁၆ ကြေငြာချက်ပါအတိုင်းလည်း မရတဲ့အတွက် ၀မ်းနည်းကြောင်း အထိမ်းအမှတ် ပြကြတာပေါ့။ ၁၀ နာရီခွဲ လွှတ်တော်ဥက္ကဌ ၀င်လာတယ်။ သူ့ကို နိုင်ငံတော်သမ္မတက ၀န်ကြီးချုပ်အဖြစ်တင်သွင်းတာကို ဂွမြို့နယ် မဲဆန္ဒနယ်အမှတ် (၂) က ဦးညီပုကို အဆိုတင်သွင်းကြောင်း ဖတ်ကြားတယ်။ အဲဒီလို ဖတ်ကြားတဲ့အခါကြတော့ ‘ဦးညီပုအား’လို့ ကြေညာလိုက်တာနဲ့ ANP ပါတီက ကိုယ်စားလှယ်အားလုံးက လွှတ်တော်ခန်းမကနေ ထွက်ခွာသွားကြတယ်”ဟု News Watch ၏ ရခိုင်ပြည်နယ်သတင်းထောက်က သတင်းပေးပို့သည်။

မြတ်ထွန်းဇံ
News Watch(စောင့်ကြည့်သတင်းဂျာနယ်)