Pages

Monday, March 28, 2016

ရေချွေတာရန် ထားဝယ်တွင် သင်္ကြန်မဏ္ဍပ် ၃ ခုသာ ဆောက်မည်




Dawei Watch၊ ထားဝယ်၊ မတ် ၂၇

ရေရှားမည်ဖြစ်သဖြင့် ရေချွေတာနိုင်ရန် လာမည့် သင်္ကြန်ကာလအတွက် ထားဝယ်တွင် သင်္ကြန်မဏ္ဍပ် ၃ ခုသာ ဆောက်လုပ်ရန်လျာထားကြောင်း ၂၀၁၆ ခုနစ် မြန်မာ့ရိုးရာယဉ်ကျေးမှု မဟာသင်္ကြန် ပွဲတော်ကျင်းပရေး ဦးစီးကော်မတီထံမှ သိရသည်။

ယမန်နှစ်က ထားဝယ်တွင် မဏ္ဍပ် ၆ ခုရှိခဲ့ပြီး ယခုနှစ်တွင် ရေသုံးစွဲမှုကိုလျှော့ချနိုင်ရန်နှင့် အကုန်အကျမများစေရန်အတွက် မဏ္ဍပ်အရေအတွက်ကို လျှော့ထားခြင်းဖြစ်ကြောင်း တိုင်းသေကြီးအစိုးရအဖွဲ့မှ စည်ပင်သာယာရေးဝန်ကြီး ဦးအောင်ကျော်ကျော်ဦးက ပြောကြားသည်။

“ရေသုံးစွဲတာကိုလျှော့ရင်း အပူချိန်ကိုလည်း ထိန်းရင်းနဲ့ ရေကစားချိန်ကိုလည်း ကန့်သတ်ထားတယ်” ဟု ၀န်ကြီး ဦးအောင်ကျော်ကျော်ဦးက ဆိုသည်။

ယခင်က အချိန်ကန့်သတ်ခဲ့ဖူးခြင်းမရှိသည့် သင်္ကြန်မဏ္ဍပ်များကို ယခုနှစ်တွင် နံနက် ၆ နာရီမှ ၁၀ နာရီအထိနှင့် နေ့လယ် ၃ နာရီမှ ည ၆ နာရီအထိသာ ကစားခွင့်ကန့်သတ်ထားကြောင်း ၎င်းက ပြောသည်။

လာမည့် သင်္ကြန်ပွဲတော်အတွက် ဌာနဆိုင်ရာယိမ်းအဖွဲ့များ၊ မြို့နယ်/ရပ်ကွက်ယိမ်းအဖွဲ့များ ပြိုင်ပွဲကျင်းပရန်ပြင်ဆင်လျက်ရှိကြောင်း မဟာသင်္ကြန် ဖွင့်ပွဲအခမ်းအနားနှင့် ဆုချီးမြှင့်ရေးအခမ်းအနားကျင်းပရေးကော်မတီဥက္ကဋ္ဌ ဦးသိန်းအောင်က ပြောကြားသည်။

Dawei Watch