Pages

Monday, March 14, 2016

တူရကီတွင် ကားဗုံးပေါက်ကွဲမှုကြောင့် အနည်းဆုံး ၃၄ ဦး သေဆုံး


တူရကီနိုင်ငံရဲ့မြို့တော် အန်ကာရာမြို့လယ်မှာ မတ်လ ၁၃ ရက်နေ့က ကားဗုံး ပေါက်ကွဲမှုကြောင့် လူအနည်းဆုံး ၃၄ ဦး သေဆုံးပြီး ၁၂၅ ဦး ဒဏ်ရာရတယ်လို့ အုပ်ချုပ်ရေးမှူးရုံးက ပြောပါတယ်။
ဒဏ်ရာရသူတွေကို ဆေးရုံအသီးသီးမှာ ကုသပေးနေပြီး ၁၉ ဦးက အသည်းအသန် အခြေအနေမှာ ရှိတယ်လို့ ဆိုပါတယ်။
ဒါဟာ လမ်းနည်းနည်းပဲခြားတဲ့ နေရာမှာ လူ ၂၉ ဦး သေဆုံးခဲ့တဲ့ တိုက်ခိုက်မှုအပြီး အချိန်တလမပြည့်မီ ထပ်ဖြစ်တာပါ။
ပေါက်ကွဲသံကို တမိုင်ခွဲအကွာက ကြားရပြီး မီးခိုးလုံးတွေကို လှမ်းမြင်နိုင်ခဲ့တယ်လို့ မျက်မြင်သက်သေတွေက ပြောပါတယ်။
ဖောက်ခွဲရေးပစ္စည်းတွေ တပ်ဆင်ထားတဲ့ အသေခံကားဗုံး တိုက်ခိုက်မှုလို့ အကြီးတန်း လုံခြုံရေးအရာရှိတဦးက ပြောပါတယ်။
ပေါက်ကွဲမှုအပြီး သေနတ်သံတွေကို ကြားရတယ်လို့လည်း ဆိုပါတယ်။
တူရကီနိုင်ငံဟာ လုံခြုံရေး ခြိမ်းခြောက်မှု အတော်များများကို ရင်ဆိုင်နေရတာပါ။
တူရကီဟာ အိမ်နီးချင်း ဆီးရီးယားနဲ့ အီရတ်က အစ္စလာမ္မစ်နိုင်ငံအမည်ခံ အိုင်အက်စ် စစ်သွေးကြွတွေကို တိုက်နေတဲ့ အမေရိကန် ခေါင်းဆောင်တဲ့ ညွန့်ပေါင်းအဖွဲ့ထဲမှာလည်း ပါပါတယ်။
ဒေသခံ ဘာသာရေး စစ်ဝါဒီတွေနဲ့ လက်ဝဲအစွန်းရောက်တွေကလည်း နိုင်ငံတွင်းမှာ တိုက်ခိုက်မှုတွေ တိုးလုပ်နေပါတယ်။
နိုင်ငံရဲ့ အရှေ့တောင်ပိုင်းမှာ ကာဒစ်ရှ်လုပ်သားများပါတီ (ပီကေကေ) သူပုန်တွေနဲ့လည်း ပြည်တွင်းစစ် ဖြစ်ပွားနေတာ နှစ် ၃၀ လောက် ရှိနေပါပြီ။
ပီကေကေသူပုန်တွေနဲ့ အပစ်အခတ်ရပ်စဲရေး ၂ နှစ်ခွဲကာလက ကျန်ခဲ့တဲ့ ဇူလိုင်မှာ အဆုံးသတ် ပျက်ပြယ်သွားခဲ့လို့ နိုင်ငံတွင်း အကြမ်းဖက်မှုတွေ ထူပြောနေပါတယ်။
DVB