Pages

Monday, March 14, 2016

ဘန်ကောက် အက်စ်စီဘီ ဗဟိုဘဏ်တွင် ဓာတ်ငွေ့ယိုစိမ့်၊ ၈ ဦးသေ ၇ ဦး ဒဏ်ရာရ


ထိုင်းနိုင်ငံ ဘန်ကောက်ခရိုင် ကျတူးကျတ်နယ်မြေ ရတ်ဒါးဖိဆစ်လမ်းပေါ်က အက်စ်စီဘီ (ဆယမ်ကော်မာရှယ်) ဗဟိုဘဏ်တိုက်မှာ မတ်လ ၁၃ ရက် ည ၉ နာရီခွဲအချိန်က ဓာတ်ငွေ့ယိုစိမ့်မှု ဖြစ်ပွားပြီး လူ ၈ ဦးသေဆုံးကာ ၇ ဦး ဒဏ်ရာရခဲ့တယ်လို့ အမ်ထိုင်းသတင်းမှာ ဖော်ပြပါတယ်။
အခင်းစတင်ဖြစ်ပွားရာ နေရာဟာ အဆောက်အဦရဲ့ မြေအောက်ခန်း စာရွက်စာတမ်းများ သိမ်းဆည်းရာနေရာမှာဖြစ်ပြီး လုံခြုံရေးဝန်ထမ်း ၂ ဦးမှ အလိုအလျောက် မီးသတ်ဘူးကို သွားရောက်စစ်ဆေးစဉ် မတော်တဆ မှားယွင်းဖွင့်မိပြီး pyrogens gas လို့ခေါ်တဲ့ ဓာတ်ငွေ့ယိုစိမ့်ခဲ့တာလို့ အခင်းဖြစ်ပွားရာနေရာ သွားရောက်စစ်ဆေးခဲ့တဲ့ နယ်မြေခံ ရဲတပ်ဖွဲ့ဝင်တဦးက သတင်းထောက်တွေကို ပြောပါတယ်။
အဆိုပါဓာတ်ငွေ့ဟာ အောက်ဆီဂျင်ဓာတ်ကို စုတ်ယူတဲ့အပြင် အခန်းရဲ့ တံခါးဟာလည်း အလိုအလျာက် စက်ခလုတ်တံခါး ဖြစ်တဲ့အတွက် လူတွေက အလွယ်တကူ အပြင်ကို မထွက်နိုင်ဘဲ အသက်ရှူပိတ်ပြီး သေဆုံး ဒဏ်ရာရခဲ့ကြတာလို့ ဆိုပါတယ်။
ဒီကိစ္စနဲ့ပတ်သက်ပြီး ရဲစခန်းက ဘဏ်ဝန်ထမ်း၊ ဘဏ်ဆောက်လုပ်ရေးကုမ္ပဏီ၊ ပုံဆွဲအင်ဂျင်နီယာနဲ့ လုံခြုံရေးကုမ္ပဏီက ၀န်ထမ်းပေါင်း ၁၁ ဦးကို ခေါ်ယူစစ်ဆေးလျက်ရှိတယ်လို့ ဆိုပါတယ်။
ဓာတ်ငွေ့ယိုစိမ့်မှုမှာ အဆောက်အဦ တစုံတရာ ထိခိုက်ပျက်စီးမှု မရှိတဲ့အတွက် ဒီနေ့မှာ ဘဏ်ပိတ်တာမရှိဘဲ ပုံမှန်ဝန်ဆောင်မှု ပေးနေတယ်လို့ ဘဏ်ဝန်ထမ်းတဦးရဲ့ အပြောကို ကိုးကားပြီး သတင်းမှာ ဖော်ပြပါတယ်။
သတင်းဓာတ်ပုံ – mthai.com
DVB