Pages

Monday, March 7, 2016

လောင်းလုံးကျောက်မီးသွေးစက်ရုံစီမံကိန်းကိစ္စ လျှပ်စစ်ဒုဝန်ကြီးလိမ်လည်ပြောဆိုဟု စွပ်စွဲ




၊ ထားဝယ်၊ မတ် ၇
လောင်းလုံးကျောက်မီးသွေးစက်ရုံစီမံကိန်းကို ဆန့်ကျင်ကန့်ကွက်ခြင်းမရှိဟု လျှပ်စစ်စွမ်းအားဝန်ကြီးဌာနမှ ဒုဝန်ကြီး ဦးမော်သာထွေး၏ ပြောဆိုချက်မှာ ဒေသခံများ၏ ဆန္ဒကို မျက်ကွက်ပြုကာ လိမ်လည်သည့်သဘောဖြစ်နေကြောင်း ကျောက်မီးသွေးစက်ရုံစီမံကိန်းကို ကန့်ကွက်ဆန္ဒထုတ်ဖော်ခဲ့သည့် ဆန္ဒပြခေါင်းဆောင်များက ပြောကြားသည်။
ယင်းကျောက်မီးသွေးစက်ရုံစီမံကိန်းအကောင်အထည်ဖော်ရေးကို လူထုက ဆန့်ကျင်ကန့်ကွက်ခြင်းမရှိသည့်အပြင် ထောက်ခံကြောင်း ဆန္ဒထုတ်ဖော်မှုများပါပြုလုပ်ခဲ့သဖြင့် လူထုထောက်ခံမှုအပြည့်အ၀ရရှိခဲ့ကြောင်း ဒုတိယ၀န်ကြီး ဦးမော်သာထွေးက ဖေဖော်ဝါရီလ ၂၇ ရက်နေ့က မြန်မာ့အသံနှင့် အင်တာဗျူးတွင် ပြောဆိုခဲ့ကြောင်း 7 Day သတင်းစာတွင် ဖော်ပြပါရှိသည့်အပေါ် ဆန္ဒပြခေါင်းဆောင်များက အထက်ပါအတိုင်း ပြောဆိုခြင်းဖြစ်သည်။
“လိမ်လည်မှုတစ်ခုအနေနဲ့ပဲမြင်တယ်။ လိမ်ပြီးလုပ်တယ်လို့ပဲခံစားရတယ်” ဟု ဒုဝန်ကြီး၏ ပြောဆိုချက်နှင့် ယင်းစီမံကိန်းအား MoA ထိုးလိုက်သည့်အပေါ် သကျက်တောကျေးရွာမှ ဆန္ဒပြခေါင်းဆောင် ဦးစစ်ထွန်းက ပြောသည်။
ပြီးခဲ့သည့် ဖေဖော်ဝါရီလ ၂၃ ရက်နေ့က လောင်းလုံးကျောက်မီးသွေးသုံးလျှပ်စစ်ဓာတ်အားပေးစက်ရုံစီမံကိန်းအတွက် လက်ရှိအစိုးရနှင့် စီမံကိန်းအကောင်အထည်ဖော်မည့် ကုမ္ပဏီနှစ်ခုတို့က အကျိုးအမြတ်ခွဲဝေရေးသဘောတူစာချုပ်လက်မှတ်ရေးထိုးခဲ့ကြောင်း သိရသည်။
“ဒေသခံတွေက ဒီလောက်မလိုလို့ ဆန္ဒပြနေတာကို လူထုက သဘောတူပါတယ်ဆိုပြီး MoA ထိုးလိုက်တာကတော့ ဒေသခံတွေရဲ့ဆန္ဒကို မျက်ကွယ်ပြုတာပဲ” ဟု ဆန္ဒပြခေါင်းဆောင်တစ်ဦးဖြစ်သူ ဒေါ်သီတာမိုးက ဆိုသည်။
စီမံကိန်းကို လက်မခံကြောင်း ဆန္ဒထုတ်ဖော်နေသည့်ကြားက MoA လက်မှတ်ထိုးလိုက်ခြင်း ဆက်လက်၍ ကန့်ကွက်ကြောင်းဆန္ဒထုတ်ဖော်သွားရန်စီစဉ်နေကြောင်း ၎င်းတို့က ပြောသည်။
ယင်းကိစ္စနှင့်ပက်သက်၍ လျှပ်စစ်စွမ်းအားဝန်ကြီးဌာနမှ ဒုတိယ၀န်ကြီး ဦးမော်သာထွေးအားလက်ကိုင်ဖုန်းအား မတ်လ ၃ရက်နေ့နေ့လည်တွင်  Dawei Watch မှ အကြိမ်ကြိမ် ဆက်သွယ်ခဲ့သော်လည်း စက်ပိတ်ထားခြင်းကြောင့် မေးမြန်းခွင့်မရခဲ့ပေ။
လောင်းလုံးမြို့နယ်၊ ရမ္မဇူဒေသတွင်တည်ဆောက်မည့် ၅၀၀ မဂ္ဂါဝပ် ကျောက်မီးသွေးသုံး လျှပ်စစ်ဓာတ်အားပေးစက်ရုံစီမံကိန်းကို ကန့်ကွက်ကြောင်း ဒေသခံအင်အား ၅၀၀ ခန့်ဖြင့် ၂၀၁၄ ဒီဇင်ဘာလ ၁၄ ရက်နေ့က သကျက်တောကျေးရွာတွင် ဆန္ဒထုတ်ဖော်ခဲ့ဖူးသည်။
ယင်းသို့ကန့်ကွက်ပြီးနောက် ၂၀၁၅ ခုနစ် ဖေဖော်ဝါရီလ ၁၉ ရက်နေ့က စီမံကိန်းကို ထောက်ခံကြောင်း လူအင်အား ၅၀၀ ခန့်ဖြင့် ဆန္ဒထုတ်ဖော်ခဲ့ရာ ကန့်ကွက်သည့်ဒေသခံများက ထောက်ခံဆန္ဒပြပွဲတွင် ပါဝင်သူများမှာ ဒေသခံအနည်းငယ်သာရှိပြီး အခြားဒေသမှ လူထုနှင့် ရွှေ့ပြောင်းအလုပ်သမားများပါဝင်နေသည်ဟု ဝေဖန်ပြောဆိုခဲ့ဖူးသည်။

 Dawei Watch