Pages

Monday, March 28, 2016

လာဟိုးမြို့ ဗုံးကွဲလို့ အနည်းဆုံး လူ ၆၅ယောက် သေဆုံး

လူစည်ကားရာ ပန်းခြံတစ်ခုမှာ အသေခံဗုံးခွဲ တိုက်ခိုက်ခံရ။
ပါကစ္စတန် နိုင်ငံရဲ့ မြို့ကြီး တစ်မြို့ဖြစ်တဲ့ လာဟိုးမှာ ပေါက်ကွဲမှု ဖြစ်လို့ လူ အယောက် ၆၀ ကျော် သေဆုံးခဲ့ရပြီး တစ်ရာကျော် ဒဏ်ရာရရှိ သွားပါတယ်။

ခရစ်ယာန်တွေ အတွက် နေ့ထူးနေ့မြတ် ဖြစ်တဲ့ အီစတာ တနင်္ဂတွေနေ့ အားလပ်ရပ် အပန်းဖြေ လာကြတဲ့ လူစည်ကားရာ ပန်းခြံတစ်ခုမှာ အသေခံဗုံးခွဲ တိုက်ခိုက်ခဲ့တာ ဖြစ်တယ်လို့ ပါကစ္စတန် ရဲတပ်ဖွဲ့က ပြောပါတယ်။

အနီးမှာ ကလေးကစားကွင်း တစ်ခုလည်း ရှိနေတဲ့ အတွက် သေဆုံး ဒဏ်ရာရသူတွေ ထဲ ကလေးတွေလည်း ပါဝင် နေပါတယ်။

အဲဒီ့ တိုက်ခိုက်မှုကို ကျူးလွန်ခဲ့ကြောင်းကိုတော့ ဘယ်အဖွဲ့အစည်းကမှ အခုထက်ထိ ထုတ်ဖော် မကြေညာသေးပါဘူး။

ဒီလို တိုက်ခိုက်မှုမျိုးဟာ လာဟိုးမှာ ဖြစ်စေ၊ ပက်ရှ်ဝါ၊ ဘရပ်ဆဲလ်၊ ပဲရစ် ဘယ်နေရာမှာ ဖြစ်ဖြစ် လူသားမျိုးနွယ် တစ်ရပ်လုံး အပေါ်ထိခိုက် စေတဲ့ မိစ္ဆာတရား ဖြစ်တယ် ဆိုပြီး ပါကစ္စတန် ဝန်ကြီးချုပ်ရဲ့ အကြံပေး ပုဂ္ဂိုလ်တစ်ဦး ဖြစ်တဲ့ တာရစ်ခ် ဖာတီမီ က ဘီဘီစီကို ပြောပါတယ်။

တခါ၊ ပါကစ္စတန် နိုင်ငံ မြို့တော် အစ္စလာမ်မာဘတ် မှာတော့ သေဒဏ် စီရင် ခံခဲ့ရတဲ့ အစ္စလာမ်မစ် သေနတ်သမား မူမ်တာ့ဇ် ကာဒီရီ ကို ထောက်ခံအားပေး ကြတဲ့ ထောင်ပေါင်း များစွာသော ဆန္ဒပြသမားတွေကို ရဲတပ်ဖွဲ့က မျက်ရည်ယိုဗုံး သုံးပြီး ဖြိုခွဲ ခဲ့ရပါတယ်။

လွန်ခဲ့တဲ့ ၅ နှစ်က ဖြစ်ပေါ်ခဲ့တဲ့ ပန်ဂျပ်ဘ် ပြည်နယ် အုပ်ချုပ်ရေးမှုး ဆာလ်မန်း တာ့စ်ဆီယာ အသတ်ခံရမှုနဲ့ ပတ်သက်ပြီး မူမ်တာ့ဇ် ကာဒီရီ ကို အရင်လတုန်းက ကြိုးပေး ကွပ်မျက် ခဲ့ပါတယ်။

အစ္စလာမ် ဘာသာတရားကို စော်ကား လို့ ဆိုပြီး အကျဉ်းချ ခံရတဲ့ ခရစ်ယာန် အမျိုးသမီး ကို မစ္စတာ တာ့ဆီယာ က အကာအကွယ် ပြုလုပ်တဲ့ အတွက်ကြောင့်လို့ ဆိုကာ မူမ်တာ့ဇ် ကာဒီရီ က မစ္စတာ တာ့ဆီယာ ကို သတ်ဖြတ် ခဲ့တာပါ။

မူမ်တာ့ဇ် ကာဒီရီကို ထောက်ခံသူတွေ ကတော့ သူဟာ ဘာသာရေး သူရဲကောင်းကြီး သဖွယ် ယူဆ နေကြပါတယ်။

BBC Burmese