Pages

Saturday, March 26, 2016

ကျောက်မီးသွေးစက်ရုံစီမံကိန်းကို သဘောတူစာချုပ် ဖျက်သိမ်းရန် ထားဝယ်တွင် ဆန္ဒပြ

သကျက်တောကျေးရွာတွင် ကျောက်မီးသွေးစက်ရုံ အလိုမရှိကြောင်း ဆန္ဒပြနေစဉ်
ဓာတ်ပုံ - အောင်သူ/Dawei Watch


သကျက်တောကျေးရွာတွင် ကျောက်မီးသွေးစက်ရုံ အလိုမရှိကြောင်း ဆန္ဒပြနေစဉ်
ဓာတ်ပုံ - အောင်သူ/Dawei Watch


သကျက်တောကျေးရွာတွင် ကျောက်မီးသွေးစက်ရုံ အလိုမရှိကြောင်း ဆန္ဒပြနေစဉ်
ဓာတ်ပုံ - အောင်သူ/Dawei Watch



| လောင်းလုံး။ မတ် ၂၅

လောင်းလုံးကျောက်မီးသွေးဓာတ်အားပေးစက်ရုံစီမံကိန်းကို ဒေသခံများ ထောက်ခံသည်ဟုဆိုကာ သဘောတူလက်မှတ်ရေးထိုးလိုက်သဖြင့် သဘောတူစာချုပ် (MoA) လက်မှတ်ရေးထိုးထားခြင်းကို ဖျက်သိမ်းပေးရန် ထားဝယ်ဒေသ၊ လောင်းလုံးမြို့နယ်၊ သကျက်တောကျေးရွာတွင်လူအင်အား ၅၀၀ ကျော်ဖြင့် မတ်လ ၂၅ ရက်နေ့က ဆန္ဒထုတ်ဖော်ခဲ့ကြသည်။

စီမံကိန်းကို ဒေသခံများ အားလုံးထောက်ခံသည်ဟု လျှပ်စစ်စွမ်းအားဝန်ကြီးဌာနမှ ဒုတိယ၀န်ကြီး ဦးမော်သာထွေး ၏ ပြောဆိုချက်ကို ဒေသခံများအနေနှင့် လက်မခံနိုင်ဘဲ ဒေသခံများထောက်ခံသည် ဆိုသည်မှာမဟုတ်မှန်ကြောင်း ပြသလိုခြင်း၊ စီမံကိန်းကို အကောင်အထည်ဖော်မည့် 24 Hours Mining and Industry Company Limited နှင့် ရေးထိုးထားသော သဘောတူစာချုပ်လက်မှတ်ကို ဖျက်သိမ်းပေးရန်နှင့် တောင်းဆိုလိုခြင်းတို့ကြောင့် ယင်းသို့ဆန္ဒထုတ်ဖော်ရခြင်းဖြစ်ကြောင်း ဆန္ဒပြခေါင်းဆောင်များက ပြောသည်။

“အစိုးရဆင်းခါနီးမှာ တက်သုတ်ရိုက်ပြီး MoA ထိုးတယ်။ ဒေသခံတွေနဲ့ ကုမ္ပဏီ အစိုးရအဖွဲ့ တို့ တစ်ခါပဲလာတွေ့ဖူးတယ်။ တောက်လျှောက် တစ်ခါမှ မသိရဘဲ MoA ထိုးမှ သိရတာ။ ဒေသခံတွေ အားလုံးထောက်ခံလို့ (လက်မှတ်) ထိုးရတယ်လို့ ပြောတာကို လက်မခံနိုင်ဘူး” ဟု ဆန္ဒပြခေါင်းဆောင်တစ်ဦးဖြစ်သူထားဝယ်တိုင်းရင်းသားများပါတီဗဟိုအလုပ်အမှုဆောင် ဒုဥက္ကဋ္ဌ လောင်းလုံးမြို့နယ် အောက်ရေဖြူရွာသား  ဦးမောင်မောင်အေးက ပြောသည်။

ကျောက်မီးသွေးအပူစွမ်းအင်သုံးရေနွေးငွေ့လျှပ်စစ်ဓာတ်အားပေးစက်ရုံကို တည်ဆောက်မည့် နေရာနှင့် အနီးတစ်ဝိုက်ရှိ ကျေးရွာများဖြစ်သည့် ရမ္ဇူ၊ သကျက်တော၊ သ၀င်၊ ကျောက်ပုံ၊ လယ်လှ စသဖြင့် ကျေးရွာ ၁၂ ရွာမှ ဒေသခံများစုပေါင်း၍ သကျက်တောကျေးရွာတွင် ဆန္ဒထုတ်ဖော်ခဲ့ကြခြင်းဖြစ်သည်။

“MoA ထိုးလိုက်လို့ အခုလိုချက်ချင်းဆန္ဒပြဖြစ်သွားတာ။ အရင်ကလည်းဆန္ဒပြဖူးပြီးသားပဲလေ။ အရင်ကပြဖူးတာကို အသိအမှတ်မပြုလို့ အခုလိုထပ်ပြတာ” ဟု ဆန္ဒပြခေါင်းဆောင်တစ်ဦးဖြစ်သည့် ထားဝယ်တိုင်းရင်းသားများပါတီ လောင်းလုံးမြို့နယ် အလုပ်အမှုဆောင်အဖွဲ့ဝင်  ဒေါ်သီတာမိုးက ဆိုသည်။

ကျောက်မီးသွေးစက်ရုံ တည်ဆောက်ရန် ဒေသခံများက ထောက်ခံသည်ဟု ၎င်းအနေနှင့် မပြောဆိုခဲ့ဘဲ ကန့်ကွက်သူများ ရှိသကဲ့သို့ ထောက်ခံသူများလည်း ရှိမည်ဖြစ်ကြောင်းသာ ပြောဆိုခဲ့ကြောင်း လျှပ်စစ်စွမ်းအားဝန်ကြီးဌာန ဒုတိယ ၀န်ကြီး ဦးမော်သာထွေးက Dawei Watch သို့ ပြောကြားသည်။

“ကျွန်တော်ပြောခဲ့တဲ့ စကားကျွန်တော်ပြန်ပြောပြမယ်။ ကန့်ကွက်ရှိသလို ထောက်ခံသူလည်းရှိတယ်ဆိုတာကို ကျွန်တော်က ပြောပြတာ။ ဘာကိစ္စပဲဖြစ်ဖြစ် ကန့်ကွက်တဲ့သူလည်းရှိမှာပဲ။ ထောက်ခံတဲ့သူလည်းရှိမှာပဲ။ ဒါပေမယ့်ကျွန်တော်တို့ကတော့ အဲဒီစီမံကိန်းကို အခုလောလောဆယ်အကောင်အထည်မဖော်ခဲ့ပါဘူးလို့ ပြောခဲ့တာ။ နောက်တက်လာမယ့် အစိုးရက အဲဒါကို ကောင်းတယ်ထင်ရင်လုပ်ပါ။ မကောင်းဘူးထင်ရင်မလုပ်ပါနဲ့ပေါ့လို့ ပြောလိုက်တာ”ဟု ၎င်းက ပြန်လည်ရှင်းလင်းပြောဆိုသည်။

ယင်းသို့ဆန္ဒထုတ်ဖော်ခြင်းသည် အစိုးရအဟောင်းကို ဆန္ဒထုတ်ဖော်ခြင်းဖြစ်သကဲ့သို့ အသစ်တက်လာမည့်အစိုးရကိုလည်း အသိပေးစေလိုသည့်သဘောဖြစ်ကြောင်း ဆန္ဒပြခေါင်းဆောင်များက ပြောသည်။

MoA ရေးထိုးထားခြင်းကို နောက်အစိုးရလက်ထက်တွင် မဖျက်သိမ်းပေးပါကလည်း ဆက်လက်ဆန္ဒပြတောင်းဆိုသွားမည်ဖြစ်ကြောင်း ၎င်းတို့ကဆိုသည်။

နောင်တက်လာမည့် NLD အစိုးရ အနေနှင့်လည်း ပြည်သူ့ဆန္ဒကို နားထောင်ပြီး ဆက်လက်လုပ်ဆောင်သွားလိမ့်မည်ဖြစ်ကြောင်း လောင်းလုံးမြို့နယ် မဲဆန္ဒနယ် အမှတ် ၁ မှ တိုင်းလွှတ်တော်ကိုယ်စားလှယ် ဦးဘိုထွေးက ပြောကြားသည်။

“ကျွန်တော်တစ်ယောက်ထည်း သဘောထားနဲ့ပြောရရင် NLD အစိုးရတက်လာရင်တော့ ပြည်သူ့ဆန္ဒကို နားထောင်ပြီး ပါတီရဲ့ မူဝါဒအတိုင်းပဲ ဆက်လုပ်ဆောင်သွားပါလိမ့်မယ်”ဟု ၎င်းက ဆိုသည်။

ဆန္ဒထုတ်ဖော်ရာတွင် “သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေး” ၊ “ကျောက်မီးသွေးသုံးဓာတ်အားပေးစက်ရုံဖျက်သိမ်းပေးရေး” စသဖြင့်ကြွေးကြော်သံများဖြင့် သကျက်တောကျေးရွာ တွင် ဆန္ဒထုတ်ဖော်ခဲ့ကြခြင်းဖြစ်သည်။

ယင်းအပြင် ‘ဥပဒေစိုးမိုးမှုနည်းသော အစိုးရဟောင်းအား နောက်ဆုံး နှုတ်ဆက်ပါသည်’ဟူ သော ဆိုင်းဘုတ်ကိုပါ ကိုင်ဆောင် ဆန္ဒပြခဲ့သည်။

အဆိုပါဆန္ဒထုတ်ဖော်ပွဲတွင် ဒေသခံများက သဘောထားထုတ်ပြန်ချက်တစ်စောင်ကို ထုတ်ပြန်ခဲ့ပြီး ယင်းထုတ်ပြန်ချက်တွင် ဒေသခံများသဘောတူညီမှုမရမချင်း စီမံကိန်းကို အကောင်အထည်မဖော်ရန်နှင့် တနင်္သာရီတိုင်း၏ လျှပ်စစ်လိုအပ်ချက်ကို ဆိုးကျိုးများသည့် ကျောက်မီးသွေးအစား သဘာဝဓာတ်ငွေ့ဖြင့်သာ အသုံးပြုပေးပါရန် ဟူ၍ တောင်းဆိုချက်များပါရှိသည်။

၂၀၁၄ ဒီဇင်ဘာလ ၁၄ ရက်နေ့ကလည်း ကျောက်မီးသွေးစက်ရုံအလိုမရှိကြောင်း သကျက်တောကျေးရွာတွင် လူအင်အား ၅၀၀ ခန့်ဖြင့် ဆန္ဒထုတ်ဖော်ခဲ့ဖူးသည်။


Dawei Watch