Pages

Monday, March 28, 2016

ရဲကစစ်ဆေးရင်း လက်လွန် သေဆုံးသည့်ကိစ္စ CID စစ်ဆေး


Dawei Watch| သထုံ၊ မတ် ၂၈


ငွေကြေးခိုးယူမှုဖြင့် စွပ်စွဲခံထားရသူ ချမ်းမြေ့တည်းခိုခန်း မန်နေဂျာအား မွန်ပြည်နယ်၊ သထုံမြို့မ ရဲစခန်းတွင် စစ်ဆေးနေစဉ် လက်လွန်သေဆုံးသွားသည့်ကိစ္စနှင့် ပတ်သက်ပြီး မြန်မာနိုင်ငံ မှုခင်းရဲတပ်ဖွဲ့ (CID) မှ ဒုတပ်ဖွဲ့မှူးနှင့် အဖွဲ့က စစ်ဆေးနေကြောင်း သထုံမြို့မရဲစခန်းထံမှ သိရသည်။


အဆိုပါ တည်းခိုခန်းတွင် မတ်လ ၁ ရက်နေ့က လာရောက်တည်းခိုခဲ့သည့် ကုမ္ပဏီဝန်ထမ်းတစ်ဦးသည် ငွေကျပ်သိန်းတစ်ရာကျော် ပျောက်ဆုံးသွားသဖြင့် မင်္သကာသူ တည်းခိုခန်းမန်နေဂျာကို  သထုံခရိုင် ရဲတပ်ဖွဲ့မှူးရုံး မှုခင်းအကူဌာနမှ ရဲတပ်ဖွဲ့ဝင်တို့က မတ်လ ၂၁ ရက်နေ့ ညနေပိုင်းခန့်တွင် သထုံမြို့မရဲစခန်း၌ စစ်ဆေးနေစဉ် လက်လွန်ပြီး သေဆုံးသွားခဲ့ခြင်း ဖြစ်သည်။


“ဒီနေ့တော့ CID က ခိုးမှုအတွက် သက်သေကို စစ်တယ်၊ ဘယ်နေ့လောက် စစ်ပြီးမယ်ဆိုတာ ပြောလို့ မရသေးဘူး၊ အခုအရေးယူထားတဲ့ ရဲတပ်ဖွဲ့ဝင် ၇ ဦးလုံး ဒီအမှုမှာ ပါချင်မှ ပါမယ်၊ စစ်ဆေးဆဲပါပဲ၊ တရားရုံးတော့ မတင်ရသေးဘူး” ဟု သထုံမြို့နယ် ရဲတပ်ဖွဲ့မှူး၊ ရဲမှူး ကျော်မင်းက ပြောသည်။


ယင်းအပြင် အဆိုပါတည်းခိုခန်းမန်နေဂျာ မသေဆုံးမီက ၎င်းထံမှ သက်သေခံပစ္စည်းနှင့် ငွေကျပ် သုံးသိန်းကျော်ကို သိမ်းဆည်းထားရမိကြောင်း ယင်းကိစ္စကိုလည်း ဥပဒေအရ ဆက်လက်စစ်ဆေးသွားမည်ဟု ပြောသည်။


“ကျွန်မယောင်္ကျားသေတာနဲ့ ပတ်သက်ပြီး အမှုမှန်ပေါ်စေချင်တာပဲ သိတယ်။ ကျွန်မယောင်္ကျား မသေခင် ဘယ်လောက်ထိ ခံစားရမလဲဆိုတာ အလောင်းကြည့်တာနဲ့သိတယ် ဘယ်နစ်နာကြေးမှ မယူဘူး” ဟု သေဆုံးသူ၏ဇနီးဖြစ်သူ နန်းသီတာလှိုင်က ပြောသည်။

သေဆုံးသူ တည်းခိုခန်းမန်နေဂျာသည် ငွေကြေးခိုးယူမှုဖြင့် စွပ်စွဲခံထားရပြီး သထုံရဲစခန်းတွင် (ပ)၉၇/၂၀၁၆ ပြစ်မှုဆိုင်ရာဥပဒေပုဒ်မ ၃၈၀ ဖြင့် အရေးယူခံထားရကာ စစ်ဆေးစဉ်က ရရှိထားသည့် ဒဏ်ရာကြောင့် ညာဘက်နံရိုးကျိုးကာ အသည်းသို့ စိုက်ဝင်ပြီး သွေးထွက်လွန်ကာ သေဆုံးခြင်းဖြစ်ကြောင်း ဆေးမှတ်ချက်အရ စစ်ဆေးတွေ့ရှိထားသည်။

မတ်လ ၂၃ ရက်နေ့က လူသေဆုံးသည်ထိ စစ်ဆေးခဲ့သူများကို မော်လမြိုင်ခရိုင်ရဲတပ်ဖွဲ့မှူး ဒုရဲမှူးကြီးဦးဆောင်သည့်အဖွဲ့က စုံစမ်းစစ်ဆေးခဲ့ပြီး စစ်ဆေးမှုအရ သထုံခရိုင်ရဲတပ်ဖွဲ့မှူးရုံးမှ ဒုရဲအုပ်၊ တပ်ကြပ်ကြီး၊ တပ်ကြပ်နှင့် သထုံမြို့မရဲစခန်းမှ နယ်ထိန်းတပ်ကြပ် စုစုပေါင်း ၇ ဦးတို့ကို သထုံရဲစခန်းမှူး ဒုရဲမှူးထွန်သိန်းက တရားလိုပြုလုပ်ကာ သထုံရဲစခန်း (ပ)၁၅၇/၂၀၁၆ ပြစ်မှုဆိုင်ရာဥပဒေပုဒ်မ ၃၀၂/၁၁၄ အရ အမှုဖွင့်အရေးယူ ဖမ်းဆီးထားကြောင်း ရဲမှတ်တမ်းအရ သိရသည်။


Dawei Watch