Pages

Saturday, April 30, 2016

လမ်းဘေးတွင် ဖယ်ရီစောင့်နေသည့် မြန်မာ အလုပ်သမားများ ကားတိုက်ခံရ


ယာဉ်တိုက်ခံရပြီး အခြေအနေ မြင်ကွင်း ၊ ဓာတ်ပုံ - Dawei Watch

 မြိတ်၊ ဧပြီ ၃၀
ထိုင်းနိုင်ငံ ရနောင်းမြို့နယ်၊ စဖန်ပလားလမ်းတွင် ဧပြီလ ၃၀ ရက်က ဖယ်ရီစောင့်နေသည့် မြန်မာ ရွှေ့ပြောင်း အလုပ်သမား များအား ကားတစ်စီးက ၀င်တိုက်မိပြီး မြန်မာ အလုပ်သမား ၄ ဦး သေဆုံးခဲ့ကြောင်း (MWDA) ရွှေ့ပြောင်း အလုပ်သမားများ ဖွံ့ဖြိုးတိုးတက်ရေးအဖွဲ့မှ သိရသည်။
ထိုင်းနိုင်ငံသား မောင်းနင်းလာသော မော်တော်ယာဉ်တစ်စီး ကားဘီးပေါက်ကာ ယင်းသို့ ၀င်တိုက်မိခြင်းဖြစ်ပြီး အတိုက်ခံရသည့် အလုပ်သမားများမှာ SIFCO GROUP အအေးခန်း စက်ရုံတွင် အလုပ်လုပ်နေသူများ ဖြစ်ကြောင်း ယင်းအဖွဲ့မှ သိရသည်။ “လမ်းဘေးမှာ မြန်မာအလုပ်သမားတွေ အလုပ်သွားဖို့ ကားဖယ်ရီစောင့်နေတုန်း မော်တော်ယာဉ်ကားတစ်စီး ကားဘီးပေါက်ပြီး အရှိန်မထိန်းနိုင်ပဲ လမ်းဘေးမှာရှိတဲ့ အလုပ်သမားတွေကို ၀င်တိုက်သွားတာပါ”ဟု ယင်းအဖွဲ့မှ ကိုဟိန်းထက်က ပြောသည်။
ယာဉ်တိုက်မှုကြောင့် ၄ ဦးသေဆုံးသည့်အပြင် ၁၀ ဦး ဒဏ်ရာရရှိခဲ့ကြောင်း ကိုဟိန်းထက်က ပြောသည်။
ထိခိုက်ဒဏ်ရာ ရရှိထားသူများအနက် ၂ ဦးမှာ စိုးရိမ်ရပြီး အရေပေါ် လူနာအဖြစ် ကုသခံနေရကြောင်း ကိုဟိန်းထက်က ပြောသည်။
လက်ရှိမှာ ယာဉ်မောင်းသူ ထိုင်းနိုင်ငံသား ယာဉ်မတော်တဆဖြင့် ထိုင်းရဲတပ်ဖွဲ့မှ ဖမ်းဆီးအရေးယူထားကြောင်း သိရသည်။
 |Dawei Watch|