Pages

Thursday, April 21, 2016

ထားဝယ်ဒေသ နာမည်ကျော် လောင်းလုံးဘုတ်ကျွန်းခရီးစဉ် လည်ပတ်ခွင့်ပိတ်


|Dawei Watch| ထားဝယ်၊ ဧပြီ ၂၁
ပြီးခဲ့သည့်နှစ် ကုန်ပိုင်းမှ စတင်၍ ရေပန်းစားလာသည့် တနင်္သာရီတိုင်း၊ ထားဝယ်ဒေသရှိ လောင်းလုံးဘုတ်ကျွန်းသို့ ဧပြီလ ၄ရက်မှ စပြီး  လည်ပတ်ခွင့် ပိတ်ထားကြောင်း ထားဝယ်ခရိုင် ဟိုတယ်နှင့်ခရီးသွားညွှန်ကြားမှု ဦးစီးဌာနမှ သိရသည်။
လောင်းလုံးဘုတ်ကျွန်းသည် လုံခြုံရေးအရ တားမြစ်နယ်မြေဖြစ်၍ ခရီးလှည့်လည်ရေး ကုမ္ပဏီများမှ ခရီးသွားလုပ်ငန်းများ လုပ်ဆောင်ခြင်းမပြုရန်နှင့် ကမ်းလွန်သဘာဝဓာတ်ငွေ့လုပ်ငန်းမှ သဘာဝဓာတ်ငွေ့ပိုက်လိုင်းများ ဖြတ်သန်းဝင်ရောက်သည့် ပုဒ်မ ၁၄၄ ထုတ်ပြန်ထားသည့် ဧရိယာနှင့် ၂၅မိုင်သာ ကွာဝေးသည့်အတွက်  ယင်းသို့ သွားလာခွင့် ကန့်သတ်လိုက်ကြောင်း ထားဝယ်ခရိုင် ဟိုတယ်/ခရီးမှ ထုတ်ပြန်ထားသည့် ဧပြီလ ၄ရက်နေ့ ရက်စွဲပါစာအရ သိရသည်။
“ဘုတ်ကျွန်းကို နဂိုကတည်းက သွားခွင့်မပြုခဲ့ဘူး။ လတ်တလောလည်း တားမြစ်ထားတယ်” ဟု ထားဝယ်ခရိုင် ဟိုတယ်/ခရီးမှ တာဝန်ရှိသူတစ်ဦးက ဆိုသည်။
ဟိုတယ်/ခရီးမှ လောင်းလုံးဘုတ်ကျွန်းထံ သွားလာခွင့်အား ဧပြီးလ ၄ရက်ကတည်းက တားမြစ်ထား သည်ဟု ပြောသော်လည်း သင်္ကြန်ကာလအတွင်းတစ်ရက်လျှင် လူတစ်ထောင်ခန့် သွားရောက် လည်ပတ်ခဲ့ကြာင်း ဘုတ်ကျွန်းသို့ ပို့ဆောင်ပေးနေသည့် ခရီးသွားအဖွဲ့များထံမှ သိရသည်။
အဆိုပါဘုတ်ကျွန်းသို့ သွားရောက်ခွင့် တားမြစ်သည့် အကြောင်းကြားစာမှာ လက်ရှိ အချိန် ဧပြီ ၂၁ ရက်အထိ ပေးပို့လာခြင်း မရှိသေးကြောင်း လောင်းလုံးဘုတ်ကျွန်းသို့ ခရီးသည်ပို့ဆောင်နေသည့် ခရီးသွားအဖွဲ့တစ်ခုမှ တာဝန်ခံက ပြောသည်။
“ခရီးသွားလုပ်ငန်း ဦးမော့ပြီး ဒေသအကျိုးစီးပွား အခုမှ အဆင်ပြေလာချိန်မှာ အခုလို လုပ်လိုက်တာက ပြည်သူကို အကျိုးပြုစေတာလား၊ အကျိုးယုတ်စေတာလားလို့ မေးချင်တယ်” ဟု ၎င်းကပြောသည်။
ယင်းသို့ တားမြစ်ပါက ခရီးသည်များကို ကျွန်းပေါ်မတက်စေဘဲ ကျွန်းအနီးတစ်ဝိုက် ရေငုပ်ကာ ရေအောက်ရှု ခင်းကြည့်နိုင်ရန် ဆက်လက် ပို့ဆောင်သွားမည်ဖြစ်ပြီး သွားရောက်လည်ပတ်ခွင့် ပိတ်ပင်လိုက်ခြင်းမှာ အဖြေမှန် တစ်ခုမဟုတ်ပဲ ကျွန်းအားမပျက်ယွင်းစေဘဲ ရေရှည်သွားနိုင်မည့် အစီအမံတစ်ခုဆွဲကာ လုပ်ဆောင်သင့်သည် အထက်ပါ ခရီးသွားလုပ်ငန်းတာဝန်ခံက ပြောသည်။
ထားဝယ်ခရိုင် ဟိုတယ်နှင့်ခရီးသွားညွှန်ကြားမှု ဦးစီးဌာန မှတာဝန်ရှိသူကမူ တားမြစ်ချက်အား ဖောက်ဖျက်ပါက ၁၉၉၃ခုနှစ် မြန်မာနိုင်ငံဟိုတယ်နှင့် ခရီးသွားလာရေးဥပဒေအရ အရေးယူသွားမည်ဖြစ်သည်ဟု ဆိုသည်။
ယင်းလောင်းလုံးဘုတ်ကျွန်းသည် ၁၉၉၉ခုနစ် စက်တင်ဘာလတွင် ပြည်ထဲရေးဝန်ကြီးဌာနမှ မောရ၀တီရေတပ်စခန်း ဌာနချုပ်၏ တပ်ပိုင်မြေအဖြစ်လွှဲပြောင်းပေးခဲ့သည့် ကျွန်းဖြစ်ကြောင်း ထားဝယ်ခရိုင် ဟိုတယ်/ခရီးမှ သိရသည်။

Dawei Watch