Pages

Monday, April 11, 2016

ကုလားတန်မြစ်ကြောင်း စီမံကိန်း အိန္ဒိယသံအမတ် ရှင်းလင်း

ရခိုင်ပြည်နယ် စစ်တွေမြို့ကိုရောက်ရှိနေတဲ့ အိန္ဒိယသံအမတ်ကြီး Gautam Mukhopadhaya ကို ဧပြီလ ၉ ရက်နေ့က စစ်တွေမြို့ ဦးဥတ္တမခန်းမမှာ တွေ့ရစဉ်။ Photo: Min Thein Aung/ RFA
ကုလားတန်မြစ်ကြောင်း ဘက်စုံဖွံ့ဖြိုးရေး စီမံကိန်းမှာ ရခိုင်ပြည်နယ်နဲ့ ချင်းပြည်နယ်ရဲ့ စိုက်ပျိုးရေးကဏ္ဍကို အဓိက အခြေခံပြီး ကုန်စည်ကူးသန်းရောင်းဝယ် မှုတွေ ဆောင်ရွက် သွားမယ်လို့ မြန်မာနိုင်ငံဆိုင်ရာ အိန္ဒိယသံအမတ်ကြီး Gautam Mukhopadhaya က ပြောပါတယ်။

အိန္ဒိယသံအမတ်ကြီး က ရခိုင်ပြည်နယ် စစ်တွေမြို့ ဦးဥတ္တမခန်းမမှာ ဒေသခံတွေ၊ အရပ်ဘက်လူမှုအဖွဲ့ အစည်းတွေနဲ့ တွေ့ဆုံပြီး စီမံကိန်းအကြောင်း ဒီနေ့ ရှင်းပြရာမှာ စကားပြန်က တဆင့် ပြောကြားခဲ့တာပါ။

"ရခိုင်ပြည်နယ်ရဲ့ ဒေသဖွံ့ဖြိုးရေး၊ စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုအတွက် အလွန်ကို အရေးပါခြင်းဖြစ်ပါတယ်၊ ကျနော်တို့ အိန္ဒိယနဲ့ ချင်းပြည်နယ်ကြားမှာလည်းပဲ ကုန်သွယ်စီးဆင်းမှုမြန်ဆန်လာမှာဖြစ်ပါတယ်၊ အဲ့ဒါလည်း စိုက်ပျိုးရေးနဲ့ ကျနော်တို့ ဖွံ့ဖြိုးတိုးတက်မှုကို အခြေခံပြီး ကုန်သွယ်စီးဆင်းမှုကို ပြုလုပ်သွား မှာဖြစ်ပါတယ်"

အဲဒီစီမံကိန်းမှာ စစ်တွေဆိပ်ကမ်းနဲ့ ပလက်ဝဆိပ်ကမ်း တည်ဆောက်ရေး လုပ်ငန်းတွေပါဝင်ပြီး အဲဒီဆိပ်ကမ်းနှစ်ခု ဟာ လာမယ့် ဇူလိုင်လမှာ ပြီးစီးမယ်လို့ ဆိုပါတယ်။

ချင်းပြည်နယ် ပလက်ဝဆိပ်ကမ်း ကနေ အိန္ဒိယနိုင်ငံအထိ ၁၀၉ ကီလိုမီတာ ရှည်လျားမယ့် မော်တော်ကား လမ်းဖောက်လုပ်ရေး စီမံကိန်းကိုတော့ လာမယ့် သြဂုတ်လမှာစတင်မှာဖြစ်ကြောင်းလည်း ရှင်းပြခဲ့ပါတယ်။

တွေ့ဆုံပွဲကို တက်ရောက်ခဲ့တဲ့ ဒေသခံတွေနဲ့ အရပ်ဖက်အဖွဲ့တွေက စီမံကိန်းကနေ ရခိုင်ပြည်နယ်အတွက် ဘာတွေအကျိုးခံစားခွင့်ရရှိမလဲဆိုတာနဲ့ စီမံကိန်းကြောင့် သိမ်းယူခံရတဲ့ လယ်ယာမြေတွေအရေး ဘယ်လိုဖြေ ရှင်းပေးမလဲဆိုတာတွေကို မေးမြန်းခဲ့ပါတယ်။ အဲဒီမေးမြန်းမှုတွေနဲ့ ပတ်သက်ပြီး တိတိကျကျ ပြန်လည်ဖြေ ကြား ပေးတာမရှိခဲ့ပါဘူး။

တွေ့ဆုံပွဲကို ရခိုင်ပြည်နယ် အစိုးရအဖွဲ့၊ စစ်တွေမြို့ခံတွေ နဲ့ အရပ်ဖက်အဖွဲ့တွေ တက်ရောက်ခဲ့ပါတယ်။

RFA Burmese