Pages

Thursday, April 28, 2016

တနင်္သာရီတိုင်း လွှတ်တော်တွင် ကော်မတီ ၅ ခုနှင့် ကော်မရှင် ၃ ခုဖွဲ့စည်းမည်

တနင်္သာရီတိုင်း လွှတ်တော်တွင် ကော်မတီ ၅ ခုနှင့် ကော်မရှင် ၃ ခုဖွဲ့စည်းမည်
|Dawei Watch| ထားဝယ်၊ ဧပြီ ၂၇
တနင်္သာရီတိုင်းဒေသကြီး လွှတ်တော်တွင် ရေးရာ ကော်မတီ ၅ ခုနှင့် ကော်ရှင် ၃ ခုတို့ကို လာမည့် တိုင်းဒေသကြီးလွှတ်တော် ပုံမှန်အစည်းအဝေးတွင် ဖွဲ့စည်းအတည်ပြုမည်ဖြစ်ကြောင်း တိုင်းလွှတ်တော်ရုံးထံမှ သိရသည်။
ကော်မတီ ၅ခုမှာ လွှတ်တော်ကိုယ်စားလှယ်များ စိစစ်ရေးကော်မတီ၊ ဥပဒေပြုရေးဆိုင်ရာကော်မတီ၊ တိုင်းရင်းသား လူမျိုးများ အရေးဆိုင်ရာ ကော်မတီ၊ အာမခံချက်များ၊ ကတိများ၊ တာဝန်ခံချက်များနှင့် တိုင်ကြားစာ၊ အသနားခံစာဆိုင်ရာ စိစစ်ရေးကော်မတီ၊ ဒေသန္တရစီမံကိန်းများနှင့် ဘဏ္ဍာရေးဆိုင်ရာကော်မတီများတို့ဖြစ်ကြောင်း အထက်ပါ ရုံးမှ သိရသည်။
ကော်မရှင် ၃ ခုမှာ ဥပဒေလေ့လာသုံးသပ်ရေးကော်မရှင်၊ ဘဏ္ဍာငွေအရ/သုံးဆိုင်ရာ စိစစ်အကြံပြုရေးကော်မရှင်နှင့် လုပ်ငန်း အရည်အသွေး စစ်ဆေးရေးကော်မရှင်တို့ကို ဖွဲ့စည်းမည်ဖြစ်ကြောင်း တိုင်းဒေသကြီး လွှတ်တော်ဥက္ကဋ္ဌ ဦးခင်မောင်အေးက ပြောသည်။
“ရေးရာကော်မတီတွေကို ဒီလိုဖွဲ့စည်းအတည်ပြုပြီးဆောင်ရွက်မယ်ဆိုရင် ပြည်သူအတွက် ပိုအကျိုးရှိမယ်လို့ ယုံကြည်ပါတယ်” ဟု ဦးခင်မောင်အေးက ဆိုသည်။
ကော်မတီများကို လွှတ်တော်ကိုယ်စားလှယ်များဖြင့် ဖွဲ့စည်းမည်ဖြစ်ပြီး ကော်မရှင်များကို လွှတ်တော်ကိုယ်စားလှယ်များက ဥက္ကဋ္ဌအဖြစ် ဆောင်ရွက်ကာ အဖွဲ့ဝင်များကို ပြင်ပပညာရှင်များဖြင့်ဖွဲ့စည်းထားမည်ဖြစ်ကြောင်း ၎င်းက ပြောသည်။
ဒုတိယအကြိမ် တနင်္သာရီတိုင်းဒေသကြီးလွှတ်တော် ပထမပုံမှန်အစည်းအဝေး ဆဌမမြောက်နေ့ကို မေလ ၂ ရက်တွင် ကျင်းပမည်ဖြစ်ပြီး ယင်းအစည်းအဝေးတွင် ဥပဒေချုပ်နှင့် စာရင်းစစ်ချုပ်တို့ကို အတည်ပြုမည်ဖြစ်ကြောင်း တိုင်းဒေသကြီး လွှတ်တော်ရုံးထံမှ သိရသည်။
ယခင်လွှတ်တော်သက်တမ်းက တနင်္သာရီတိုင်းလွှတ်တော်တွင် ကော်မတီ ၃ခု (လွှတ်တော်ကိုယ်စားလှယ်စိစစ်ရေးကော်မတီ၊ တိုင်းရင်းသားရေးရာ ကော်မတီ၊ အစိုးရ၏ အာမခံချက်များ၊ ကတိများ၊ တာဝန်ခံချက်များနှင့် တိုင်ကြားစာ၊အသနားခံစာဆိုင်ရာ စိစစ်ရေးကော်မတီ) နှင့် ကော်မရှင် ၂ ခု (ဥပဒေလေ့လာသုံးသပ်ရေးကော်မရှင်၊ ငွေစာရင်းဆိုရာကော်မရှင်)တို့ကို ဖွဲ့စည်း ခဲ့သည်။

ရေးရာကော်မတီနှင့် ကော်မရှင်များဖွဲ့စည်းမည့် ကိုယ်စားလှယ်နှင့် ပြင်ပပညာရှင်များ အရေအတွက်စာရင်း

စဉ်
ကော်မတီနှင့် ကော်မရှင်များ
အဖွဲ့ဝင်
လွှတ်တော်ကိုယ်စားလှယ်များ စိစစ်ရေးကော်မတီ
၅ ဦး
ဥပဒေပြုရေးဆိုင်ရာကော်မတီ
၅ ဦး
တိုင်းရင်းသားလူမျိုးများအရေးဆိုင်ရာကော်မတီ
၅ ဦး
အာမခံချက်များ၊ ကတိများ၊ တာဝန်ခံချက်များနှင့် တိုင်ကြားစာ အသနားခံစာဆိုင်ရာ စိစစ်ရေးကော်မတီ
၅ ဦး
ဒေသန္တရစီမံကိန်းများနှင့် ဘဏ္ဍာငွေဆိုင်ရာ ကော်မတီ
၅ ဦး
ဥပဒေလေ့လာသုံးသပ်ရေးကော်မရှင်
၉ ဦး
ဘဏ္ဍာငွေအရ/သုံးဆိုင်ရာ စိစစ်အကြံပြုရေးကော်မရှင်
၉ ဦး
လုပ်ငန်းအရည်အသွေးစစ်ဆေးရေးကော်မရှင်
၁၀ ဦး