Pages

Saturday, April 30, 2016

ပညာရေးစနစ်ပြောင်းလာပါက ပညာရေးဝန်ဆောင်မှု ဘော်ဒါများ ရေရှည်ရပ်တည်ရ ခက်ခဲလာနိုင်


 ထားဝယ်၊ ဧပြီ ၂၉
အစိုးရသစ်တက်လာပြီးနောက်ပိုင်း ပညာရေးစနစ်ပြောင်းလာပါက ရေရှည်တွင်ရပ်တည်ရန် ခက်ခဲမှုများရှိလာနိုင်ကြောင်း ထားဝယ်မြို့ရှိ ကျောင်းပြင်ပ  ပညာရေးဝန်ဆောင်မှု စာသင်ဝိုင်းဆရာ အချို့က ပြောသည်။
အစိုးရသစ်က ပညာရေးစနစ်နှင့်ပက်သက်သော ပြုပြင်ပြောင်းလဲမှုများ အချိန်အတိုင်းအတာတစ်ခုတွင် တည်ငြိမ်၍ ခိုင်မာ သွားလျှင် ကျောင်းပြင်ပ ပညာရေးဝန်ဆောင်မှု ဘော်ဒါများ၊ စာသင်ဝိုင်းများအနေဖြင့် ရပ်နားရသည့် အခြေအနေ ဖြစ်လာ နိုင်ကြောင်း ဆုပြည့် ပညာရေးဝန်ဆောင်မှုမှ တာဝန်ရှိသူ ဆရာဦးရာဇာစိုးက ပြောသည်။
“အစိုးရကျောင်းတွေ သင်ကြားရေးပိုင်း ပိုမိုကောင်းမွန်လာမယ်ဆိုရင် ကျူရှင်တွေနဲ့ ပြင်ပပညာရေးဝန်ဆောင်မှုလုပ်ငန်းတွေ နည်းပါး လာနိုင်မယ်” ဟု ဆရာဦးမိုးဒီက ပြောသည်။
ပြောင်းလဲလာမည့် ပညာရေးစနစ်ကိုလိုက်ပြီး ပြောင်းသင်မည့် အစီအစဉ်ရှိသောကြောင့် ရပ်တည်မှု ခက်ခဲလာမည့် အချိန်အနေ ကို စိုးရိမ်မှုမရှိကြောင်း ရွှေဂုဏ်ထူးအဆင့်မြင့်ဝန်ဆောင်မှုလုပ်ငန်းမှ တာဝန်ရှိသူ ဆရာဦးဇော်ညွန့်က ပြောသည်။
“လာနေတဲ့သူတွေကလည်း နယ်က ကျောင်းသားတွေပဲ များတော့ ကျောင်းသားတွေကို စောင့်ရှောက်ဖို့ နဲ့ ကျောင်းသားတွေရဲ့ ၀ါသနာပါတာကို စောင့်ကြည့်ပြီး ဘေးက ပံ့ပိုးပေးမယ့် ပုံစံနဲ့သွားဖို့ ဖြစ်တဲ့အတွက် စိုးရိမ်မှုတော့ မရှိပါဘူး”ဟု ရွှေဂုဏ်ထူး အဆင့်မြင့် ၀န်ဆောင်မှုလုပ်ငန်းမှ ဆရာဦးဇော်ညွန့်က ပြောသည်။
အစိုးရကျောင်းများက ပြောင်းသင်သည့် ပညာရေးစနစ်ကို အခြေခံကာ ယင်းထက်ပိုကောင်းသည့် နည်းလမ်းကို ရှာဖွေသင်ကြား မည်ဖြစ်သည့်အတွက် ဘော်ဒါရပ်တည်မှုအတွက် စိုးရိမ်စရာမရှိဟု ဆရာဦးဇော်ညွန့်က ဆိုသည်။
လက်ရှိ ထားဝယ်မြို့တွင် ပုဂ္ဂလိက ကိုယ်ပိုင်အထက်တန်းကျောင်းတစ်ကျောင်းနှင့် ပညာရေးဝန်ဆောင်မှုဘော်ဒါ ၄၀ ခန့် ရှိကြောင်း သိရသည်။
|Dawei Watch|