ဒုတိယအကြိမ် ရခိုင်ပြည်နယ်လွှတ်တော်၊ ပထမပုံမှန်အစည်းအဝေး၊ န၀မနေ့ကို ဧပြီလ (၅)ရက်နေ့တွင် ကျင်းပစဉ် ၀န်ကြီးဌာန ၅ ခုနှင့် ပြည်နယ်ဥပဒေချုပ်၊ ပြည်နယ်စာရင်းစစ်ချုပ်တို့၏ အမည်စာရင်းများကို ၀န်ကြီးချုပ်က အဆိုပြုတင်သွင်းခဲ့ပါတယ်။
ရခိုင်ပြည်နယ်အစိုးရအဖွဲ့ကို ဂွမြို့နယ်မဲဆန္ဒနယ်အမှတ် ၂ မှ ကိုယ်စားလှယ် ဦးညီပု ဦးဆောင်ပါဝင်ပြီး ၀န်ကြီးဌာန ၇ ခုဖြင့် ဖွဲ့စည်းသွားမှာ ဖြစ်ပါတယ်။
စိုက်ပျိုးရေး၊ မွေးမြူရေး၊ သစ်တောနှင့် သတ္ထုတွင်းဝန်ကြီးဌာန၀န်ကြီးအဖြစ် ရခိုင်အမျိုးသားပါတီမှ ရမ်းဗြဲမြို့နယ် မဲဆန္ဒနယ်အမှတ်(၁)ကိုယ်စားလှယ် ဦးကျော်လွင်၊ ဘဏ္ဍာရေး၊ အခွန်၊ စီမံကိန်းနှင့် စီးပွားရေးဝန်ကြီးဌာန၀န်ကြီးအဖြစ် စီမံကိန်းဦးစီးဌာနအငြိမ်းစား ညွှန်ကြားရေးမှူး ဦးကျော်အေးသိန်း၊ စည်ပင်သာယာရေးဝန်ကြီးအဖြစ် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်၊ တောင်ကုတ် မြို့နယ် မဲဆန္ဒနယ်အမှတ်(၂)မှ ဦးမင်းအောင်၊ လျှပ်စစ်၊ စက်မှုနှင့် လမ်းပန်းဆက်သွယ်ရေး ၀န်ကြီးဌာန၀န်ကြီးအဖြစ် ဆည်မြောင်းဦးစီးဌာနမှ အငြိမ်းစားဦးစီးအရာရှိ ဦးအောင်ကျော်ဇံ၊ လူမှုရေးဝန်ကြီးဌာန၀န်ကြီးအဖြစ် ငှက်ဖျားတိုက်ဖျက်ရေး အငြိမ်းစား ဆရာဝန်ကြီး ဒေါက်တာ ချမ်းသာတို့ ပါဝင်ပါတယ်။
ဒါ့အပြင် ပြည်နယ်ဥပဒေချုပ်အဖြစ်၊ ရှေ့နေချုပ်ရုံး အငြိမ်းစားဒုတိယညွှန်ကြားရေးမှူး၊ ဦးကျော်လှထွန်းနှင့် စာရင်းစစ်ချုပ်အဖြစ် စာရင်းစစ်ချုပ်ရုံး၊ အငြိမ်းစားညွှန်ကြားရေးမှူး ဒေါ်ယဉ်လှတို့ကို အဆိုပြုခဲ့ပါတယ်။
လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီးဌာန၀န်ကြီးအဖြစ် ဗိုလ်မှူးကြီးထိန်လင်းနှင့် ချင်းတိုင်းရင်းသား ရေးရာ ၀န်ကြီးအဖြစ် ဦးပုန်ဘွေတို့ကို ဧပြီလ ၄ ရက်နေ့က ကျမ်းသစ္စာကျိန်ဆိုခဲ့ပြီးဖြစ်၍ ဒီနေ့တင်သွင်းတဲ့ ၀န်ကြီးများကို ကန့်ကွက်သူမရှိပါက ဧပြီလ ၇ ရက်နေ့တွင် ကျမ်းသစ္စာ ကျိန်ဆိုမည်ဟု သိရှိရပါတယ်။
(သတင်း၊ ဓာတ်ပုံ – ကိုအောင်)

