Pages

Tuesday, May 10, 2016

ရပ်/ကျေးအုပ်ချုပ်ရေးမှူးများကို သင်တန်းစပေး



Dawei Watch| ထားဝယ်၊ မေ ၁၀

တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်ခရိုင်တွင် ရပ်/ကျေးအုပ်ချုပ်ရေးမှူးများကို မေလ ၉ ရက်နေ့မှ စတင် ၍ မြို့နယ်အလိုက် လုပ်ငန်းစွမ်းဆောင်ရည် မြှင့်သင်တန်းများစပေးနေပြီဖြစ်သည်။

ရပ်/ကျေးအုပ်ချုပ်ရေးမှူးများကို ပြန်လည်ရွေးချယ်ရန် သမ္မတရုံးက စာထုတ်ပြန်ထားသော်လည်း တနင်္သာရီတိုင်းအထွေထွေအုပ်ချုပ်ရေးဦးစီးဌာနက ပြန်လည်မရွေးချယ်တော့ဟု ဧပြီလကုန်က ပြောဆိုခဲ့ပြီးနောက်ပိုင်း ယင်းသို့သင်တန်းများစပေးခြင်းဖြစ်သည်။

“ခုတက်လာတဲ့ရပ်ကွက်အုပ်ချုပ်ရေးမှူးအသစ်တွေကို အုပ်ချူပ်ရေးသဘောတရားနဲ့ ပက်သက်တဲ့ ပညာတွေရသွားအောင်၊ လုပ်ငန်းစွမ်းဆောင်ရည်တွေမြင့်မားလာအောင် စတဲ့ရည်ရွယ်ချက်တွေနဲ့ သင်တန်းပို့ချတာပါ” ဟု ခရိုင် အုပ်ချုပ်ရေးမှူး ဦးခင်မောင်ချိုက ပြောသည်။

သင်တန်းတွင် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနဖွဲ့စည်းပုံ၊ ရည်မှန်းချက် နှင့် လုပ်ငန်းတာဝန်များ ၊ ခေါင်းဆောင်မှုပညာ ၊ တရားဥပဒေစိုးမိုးရေးနှင့် ရပ်ရွာအေးချမ်းသာယာရေး၊ ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေ၊ ရပ်ကွက်ကျေးရွာအုပ်စုအုပ်ချုပ်ရေးဥပဒေ၊ ၂၀၁၂ခုနှစ် လယ်ယာမြေဥပဒေ ၊ ပြန်ကြားရေး နှင့် စာကြည့်တိုက် စသည့်ဘာသာရပ် များကိုသက်ဆိုင်ရာဌာနများမှ တာဝန်ရှိသူများမှ သင်ကြားပို့ချနေကြောင်း ခရိုင် အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနထံမှ သိရသည်။

ထားဝယ်ခရိုင်အတွင်း ၄ မြို့နယ်တွင် ရပ်/ကျေးအုပ်ချုပ်ရေးမှူးပေါင်း ၁၇၄ ဦးရှိပြီး မြို့နယ်အလိုက် သက်ဆိုင်ရာမြို့နယ် အုပ်ချုပ်ရေးမှူးရုံးများတွင် မေလ ၂၀ ရက်နေ့အထိ သင်တန်းပို့ချ ပေးလျက်ရှိကြောင်း သိရသည်။

Dawei Watch