Pages
▼
Monday, May 9, 2016
နိုင်ငံတော်သမ္မတ ဦးထင်ကျော် ထိုင်းနိုင်ငံဝန်ကြီးချုပ်၏ အထူးကိုယ်စားလှယ် ထိုင်းနိုင်ငံခြားရေးဝန်ကြီးနှင့် အဖွဲ့အား လက်ခံတွေ့ဆုံ
နေပြည်တော် မေ ၉
ထိုင်းနိုင်ငံတွင် ရောက်ရှိနေကြသည့် မြန်မာနိုင်ငံသား အလုပ်သမားများအပေါ် အလုပ်သမား အခွင့်အရေးများ တန်းတူပေးစေလိုကြောင်း၊ မြန်မာ-ထိုင်း ချစ်ကြည်ရေး တံတား အမှတ်(၂) မြ၀တီ တည်ဆောက်ပြီးစီးပါက နှစ်နိုင်ငံ စီးပွားရေး ၊ ကုန်သွယ်ရေး နှင့် ကူးလူးဆက်ဆံမှု ပိုမိုတိုးတက် လာမည်ဖြစ်ကြောင်း နိုင်ငံတော်သမ္မတ ဦးထင်ကျော် က ထိုင်းနိုင်ငံဝန်ကြီးချုပ်၏ အထူးကိုယ်စားလှယ် ထိုင်းနိုင်ငံခြားရေးဝန်ကြီး မစ္စတာ ဒွန်ပရာမွတ်ဝီနိုင်းနှင့် တွေ့ဆုံစဉ် ပြောကြားသည်။
နိုင်ငံတော်သမ္မတ ဦးထင်ကျော်သည် ထိုင်းနိုင်ငံဝန်ကြီးချုပ်၏ အထူးကိုယ်စားလှယ် ထိုင်းနိုင်ငံခြားရေးဝန်ကြီး အား နေပြည်တော်ရှိ နိုင်ငံတော်သမ္မတအိမ်တော်၊ သံတမန်ဆောင် ဧည့်ခန်းမ၌ ယနေ့နံနက် ၁၁ နာရီတွင် တွေ့ဆုံစဉ် အထက်ပါအတိုင်း ပြောကြားခဲ့ခြင်းဖြစ်ပြီး ဧည့်သည်တော် ထိုင်းဝန်ကြီးကလည်း ရုရှားနိုင်ငံ၌ မကြာမီ ကျင်းပတော့မည့် ရုရှား- အာဆီယံ အစည်းအဝေးတွင် မြန်မာနှင့် ထိုင်း နှစ်နိုင်ငံ အကြီးအကဲများ တွေ့ဆုံကာ နှစ်နိုင်ငံပူးပေါင်းဆောင်ရွက်ရေးကိစ္စရပ်များ ဆွေးနွေးလို ပါကြောင်းနှင့် နိုင်ငံတော်သမ္မတအနေဖြင့် ထိုင်းနိုင်ငံသို့ အလည်အပတ်ခရီး လာရောက်ရန် အတွက် ဖိတ်ခေါ်ပါကြောင်း ပြောကြားသည်။
ဆက်လက်၍ ထားဝယ်အထူးစီးပွားရေးဇုန်တွင် မြန်မာ ၊ ထိုင်း ၊ ဂျပန်သုံးနိုင်ငံ ပူးပေါင်း ဆောင်ရွက်ရေး၊ တာဝန်သိ တာဝန်ယူမှုရှိသော ရင်းနှီးမြှုပ်နှံမှုများ တိုးမြှင့် ဆောင်ရွက်နိုင်ရေး၊ လုပ်ငန်းခွင်ကျွမ်းကျင်မှု သင်တန်းများနှင့် လူ့စွမ်းအားအရင်းအမြစ် ဖွံ့ဖြိုးရေးနယ်ပယ်များတွင် ပူးပေါင်းဆောင်ရွက်မှု မြှင့်တင်ရေးနှင့် ထားဝယ်ဆေးရုံကြီး အရေးပေါ်ဌာန အဆင့်မြှင့်တင်တည်ဆောက်ရေး ကိစ္စရပ်များအပေါ် ဆွေးနွေးကြသည်။
တွေ့ဆုံပွဲသို့ နိုင်ငံတော်သမ္မတနှင့်အတူ ပြည်ထောင်စုဝန်ကြီး ဒေါက်တာဖေမြင့်၊ ဦးသိန်းဆွေ၊ ဒုတိယ၀န်ကြီး ဦးကျော်တင်နှင့် တာဝန်ရှိသူများ တက်ရောက်ကြပြီး ဧည့်သည်တော် ထိုင်းနိုင်ငံခြားရေး ၀န်ကြီးနှင့်အတူ မြန်မာနိုင်ငံဆိုင်ရာ ထိုင်းသံအမတ်ကြီး မစ္စတာ ပီစနု ဆူဗန်နာဂျာတာလည်း တက်ရောက်သည်။
Myanmar President Office