Pages

Tuesday, May 3, 2016

အအေးခန်းစက်ရုံ အလုပ်သမား သေဆုံးခဲ့သည့် ကိစ္စတွင် တာဝန် ရှိသည့် တပ်ဖွဲ့ဝင်များအား ပြစ်ဒဏ် ချမှတ်ရန် ရဲဌာနချုပ်ထံ တင်ပြထား


|Dawei Watch| ထားဝယ်၊ မေ ၂
ရဲတပ်ဖွဲ့ဝင်တစ်ဦး၏ ရိုက်နှက်မှု ကြောင့် အအေးခန်းစက်ရုံ အလုပ် သမားတစ်ဦး သေဆုံးခဲ့သည့် ဖြစ်စဉ်တွင် ပါဝင်သည့် ရဲအရာရှိ နှစ်ဦးနှင့် တပ်သားတစ်ဦးတို့အား ပြစ်ဒဏ်ချမှတ်နိုင်ရန် ရဲတပ်ဖွဲ့ဌာနချုပ်ထံ တင်ပြထား ကြောင်း တနင်္သာရီတိုင်း ရဲတပ်ဖွဲ့မှူးရုံးမှ ဒုတိယရဲမှူးကြီးက ပြောကြားသည်။
အဆိုပါစက်ရုံတွင် မတ်လ ၇ရက် ညပိုင်းက အလုပ်ရှင်နှင့် အလုပ်သမား အချို့ စကားများရန်ဖြစ်ကြသည့်အပေါ် ရပ်ကွက် တာဝန်ရှိသူများမှ အကူအညီ တောင်းသဖြင့် ရဲတပ်ဖွဲ့မှ ဝင်ရောက်ဖျန် ဖြေစဉ် ရုန်းရင်းဆန်ခတ်ဖြစ်ပွားခဲ့ပြီး ရဲတပ်ဖွဲ့ဝင်တစ်ဦး၏ ရိုက်နှုက်မှုကြောင့် ယင်းစက်ရုံမှ အလုပ်သမားတစ်ဦး သေဆုံးခဲ့သည်။
စုံစမ်းစစ်ဆေးရေး ခုံရုံးဖွဲ့ကာ စစ်ဆေး ပေါ်ပေါက်ချက်အရ ဧပြီလ ၂၂ ရက်၌ ရဲတရားရုံးတွင် စတင်စစ်ဆေးပြီး ဧပြီလ၂၅ရက်က စစ်ဆေးခြင်းပြီးစီးခဲ့ကာ ရဲစည်းကမ်းထိန်းသိမ်းရေး ဥပဒေအရ အရေးယူရန် ရဲဌာနချုပ်ထံ တင်ပြထားကြောင်း တိုင်းရဲတပ်ဖွဲ့မှူးရုံးမှ ဒုတိယ ရဲမှူးကြီးတင်ဦးက ပြောသည်။
“ပြစ်ဒဏ်ကိုတော့ ပြောလို့ မရ သေးဘူး၊ ရဲဌာနချုပ်က အတည်ပြုပြီးမှ ပြောလို့ရမယ်”ဟု ၎င်းက ဆိုသည်။
ထားဝယ်မြို့နယ် ရဲတပ်ဖွဲ့မှူး၊ ထားဝယ်မြို့မရဲစခန်းမှူးနှင့် ရိုက်ခဲ့သည့် ရဲတပ်သားတို့အား ရဲစည်းကမ်းထိန်း သိမ်းရေး ဥပဒေအရ အရေးယူသည့်အပြင် ရိုက်နှက်သည့်ရဲတပ်သားအား အရပ် ဘက်တရားရုံးတွင် လူသတ်မှုဖြင့် ထပ် မံတရားစွဲဆိုထားကြောင်း ဒုတိယ ရဲမှူးကြီး တင်ဦးက ပြောသည်။
မတ်လ ၇ ရက်က ဖြစ်သည့် ဖြစ်စဉ်တွင် ပါဝင်သည့် ယင်းစက်ရုံမှ အလုပ်သမားတစ်ဦးအား တာဝန်ဝတ္တရား နှောင့်ယှက်မှု နှင့်ဆဲဆိုမှုတို့ဖြင့် ထားဝယ်မြို့မရဲစခန်းမှ ဒုရဲအုပ်တစ်ဦးက တရားလိုလုပ်ကာ ထားဝယ်မြို့နယ် တရားရုံးတွင် ပုဒ်မ ၃၅၃၊ ၂၉၄ တို့ဖြင့် အမှုဖွင့်ထားကြောင်း အမှုဖွင့်ခံရသည့် အလုပ်သမားဖြစ်သူ ကိုအောင်ဖြိုးလင်း က ပြောသည်။

Dawei Watch