Pages

Monday, May 9, 2016

ရန်ကုန် - ထားဝယ် အဝေးပြေးယာဉ်များထံ လက်နက်ကိုင်များ ငွေတောင်း

 

Dawei Watch| ထားဝယ်၊ မေ ၉

ရန်ကုန်-ထားဝယ်ကားလမ်းပေါ်ရှိ လော့သိုင်းကျေးရွာအနီးတွင် မေလ ၉ ရက် နံနက်ပိုင်းက လက်နက် ကိုင်ဆောင်ထားသူ ၅ ဦးက မော်တော်ယာဉ်အချို့အား တားဆီးကာ ငွေကြေးတောင်းခံခဲ့ကြောင်း သက်ဆိုင်ရာ နယ်မြေ ရဲတပ်ဖွဲ့၏ မှတ်တမ်းများအရ သိရသည်။

ထားဝယ်ခရိုင်၊ ရေဖြူမြို့နယ် လော့သိုင်းကျေးရွာအနီးတွင် ကရင်အမျိုးသား အစည်းအရုံး (KNU)  တပ်မဟာ(၄)မှ တပ်သားအဆင့်ရှိ သူ ၅ ဦးသည် လက်နက်သုံးလက် ကိုင်ဆောင်ကာ သွားလာနေကြသည့် အဝေးပြေးခရီးသည်တင်ကား ၆ စီး အပါအ၀င် စုစုပေါင်း ကား ၉ စီးအား ရပ်နားစေကာ ငွေကြေးတောင်းခံသဖြင့် သဒ္ဒါကြေးအဖြစ် ကားတစ်စီးလျှင် ငွေကျပ် ၇၀၀၀ မှ ငွေကျပ် ၂၀၀၀၀ ပေးဆောင်ခဲ့ရကြောင်း အထက်ပါရဲမှတ်တမ်းတွင် ဖော်ပြထားသည်။

တပ်မတော် အစိုးရလက်ထက် ထားဝယ်-မော်လမြိုင်လမ်းပိုင်းတွင် ဓားပြတိုက်မှုများ အနည်းဆုံး တစ်နှစ် တစ်ကြိမ်ခန့် ပုံမှန် ဖြစ်ပွားလေ့ရှိပြီး ဦးသိန်းစိန် အစိုးရတက်လာပြီးနောက်ပိုင်း ၂၀၁၄ ခုနှစ်တွင် တစ်ကြိမ် ယခုဖြစ်ပွားသော နေရာနှင့် ၈ မိုင်ခန့်အကွာတွင် ဓားပြတိုက်မှု ဖြစ်ပွားခဲ့သေးသည်။ ထိုစဉ်က ဓားပြများ၏ တိုက်ခိုက်မှုကြောင့် ဓားပြတိုက်နေသော နေရာသို့ ရောက်ရှိလာသော KNU တပ်ဖွဲ့ဝင် နှစ်ဦး သေဆုံးခဲ့သည်။
ဓားပြအဖွဲ့ဝင်များကိုမူ ဖမ်းမိခြင်း မရှိပေ။

နယ်မြေအေးချမ်းလာပြီး လမ်းပန်းကောင်းမွန်လာသဖြင့် နေရာအနှံ့အပြားမှ ခရီးသည်များ ထားဝယ်ဒေသတို့ ၀င်ရောက်လည်ပတ်လာချိန်တွင် အထက်ပါကဲ့သို့ လက်နက်ကိုင် ငွေကြေးတောင်းခံမှု ဖြစ်ပွားလာခြင်းဖြစ်သည်။

“အေးအေးဆေးဆေးပါပဲ၊ တောင်းတာပါ။ ကော်ဖီမစ်ဖိုးလေးပေးပါဗျာ ဆိုပြီးတောင်းတယ်။ ကားသမားကတော့ ပေးလိုက်ပါတယ်။ ထောင်ဂဏန်းလောက်တော့ ပေးလိုက်တယ်ထင်တယ်”  ဟု ငွေအတောင်းခံရသည့် ကောင်းသစ်စံ ခရီးသည်တင်ကားဖြင့် လိုက်ပါလာသည့် ခရီးသည်တစ်ဦးက ပြောသည်။

သေနတ်လွယ်ထားသော်လည်း ခြိမ်းခြောက်တောင်းဆိုသည့် ပုံစံဖြင့်တောင်းဆိုခြင်းမျိုးမဟုတ်ဘဲ လက်ဖက်ရည်ဖိုးတောင်းသည့်အနေဖြင့်သာ တောင်းခြင်းဖြစ်ပြီး လူတစ်ဦးကိုသာ မြင်လိုက်ရသည်ဟု အထက်ပါခရီးသည်က ပြောသည်။

“အခုချိန်မှာ ဒီလိုမျိုးမရှိသင့်တော့ဘူး။ ခရီးသည်တွေအတွက် သွားရလာရ တွန့်သွားနိုင်တယ်” ဟု ထားဝယ်- ရန်ကုန် ခရီးသည်တင်ယာဉ်လိုင်းတစ်ခုမှ တာဝန်ရှိသူတစ်ဦးက ပြောသည်။

ယင်းဖြစ်စဉ်နှင့်ပတ်သက်၍ မလွှဲတောင်နယ်မြေရဲစခန်းအား Dawei Watch မှ ဆက်သွယ်မေးမြန်းရာ မလွှဲတောင် နယ်မြေရဲစခန်းပိုင်နယ်မြေမဟုတ်သည့်အတွက်
အသေးစိတ်မသိရှိကြောင်း တာဝန်ကျရဲတပ်ဖွဲ့ဝင်တစ်ဦးက ဖြေကြားသည်။

“အသံကြားရတာကတော့ လော့သိုင်းနဲ့ အလယ်စခန်းကြားမှာဖြစ်သွားတာ။ ဓားမြတိုက်တာတော့မဟုတ်ဘူးလို့ပြောတယ်။ မုန့်ဖိုးတောင်းတယ်လို့ ပြောတယ်။ အတိအကျတော့မသိဘူး” ဟု အထက်ပါ တာဝန်ကျရဲတပ်ဖွဲ့ဝင်က ဆိုသည်။

KNU တပ်မဟာ ၄ မြိတ်-ထားဝယ်ခရိုင်ဆက်ဆံရေးရုံး၏ တာဝန်ရှိသူတစ်ဦးကမူ ၎င်းအနေဖြင့် ယင်းဖြစ်စဉ်ကို မသိရှိရသေးကြောင်း ပြောဆိုသည်။

အဆိုပါတောင်းခံရရှိသည့် ငွေကျပ် ၇၇၀၀၀ ကျပ်အား လော့သိုင်းကျေးရွာမှ အုပ်ချုပ်ရေးအဖွဲ့ဝင် တစ်ဦးထံ မေလ ၉ ရက်နေ့ နံနက်အချိန်တွင် KNU တပ်သား ငါးဦးက လာရောက်အပ်နှံခဲ့ကြောင်း ရဲမှတ်တမ်းအရ သိရသည်။