Pages

Friday, May 6, 2016

စစ်ကိုင်း အလုပ်သမားများ ချီတက် ဆန္ဒပြမှု ယာယီ ရပ်ဆိုင်း

စစ်ကိုင်းတိုင်း ပတ္တမြားစက်မှုဇုန် Myanmar Veener Plywood Private Co Ltd သစ်အချောထည်စက်ရုံမှ အလုပ်သမားများ ဆန္ဒပြနေစဉ်။
စစ်ကိုင်းကနေ နေပြည်တော်ကို ချီတက်ဆန္ဒပြနေတဲ့ အလုပ်သမားသမားတွေဟာ အစိုးရနဲ့ ညှိနှိုင်းမှု ရလဒ်အရ သူတို့ဆန္ဒပြချီတက်မှုကို ၅ ရက် ရပ်နားလိုက်ပါတယ်။ စစ်ကိုင်းတိုင်း သစ်အချောထည်စက်ရုံကနေ အလုပ်ထုတ်ခံရတဲ့ အလုပ်သမား တရာကျော်ဟာ နေပြည်တော်ကို ချီတက်ဆန္ဒပြနေရာ တပတ်ခန့်အကြာ၊ အလုပ်သမားခေါင်းဆောင်တွေနဲ့ အစိုးရ ပြည်ထောင်စုဝန်ကြီးတို့ ဒီကနေ့ နေပြည်တော်မှာ ညှိနှိုင်းဆွေးနွေးခဲ့ကြတာပါ။ စုံစမ်းမေးမြန်းထားတဲ့ ဗွီအိုအေ သတင်းထောက် မအေးအေးမာက သတင်းပေးပို့ထားပါတယ်။

စစ်ကိုင်းတိုင်းသစ် အချောထည်စက်ရုံက အလုပ်သမား ၁၀၀ကျော် ဟာ စက်ရုံကနေ အလုပ်ထုတ်ပစ်ခဲ့ပြီး ၂လကြာတဲ့အထိ အလုပ်သမား ဝန်ကြီးဌာနနဲ့ အလုပ်ရှင်ဘက်က ဖြေရှင်းပေးမှုမရှိဘူးဆိုကာ နေပြည်တော်သမတရုံးကိုချိတက်ပြီးနောက် ဒီကနေ့ မေလ ၆ရက်နေ့မှာ အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေး နဲ့  ပြည်သူအင်အား ဝန်ကြီးဌာနကတာဝန်ရှိသူတွေက အလုပ်သမား ခေါင်းဆောင်တွေ ကို ခေါ်ယူတွေ့ဆုံခဲ့ရာမှာ အလုပ်သမားတွေဘက် က အချက် ၃ချက် တောင်းဆိုခဲ့ပါတယ်။

ဒီတောင်းဆိုမှုတွေထဲက ၂ ချက်ကိုတော့ ၅ရက်အတွင်း အလုပ်ရှင်နဲ့ ညှိနှိုင်းပေးဖို့ အလုပ်သမားဝန်ကြီးဌာနက ကတိပေးခဲ့တာကြောင့် ဆွေးနွေးနေတဲ့ ၅ရက်မှာ အလုပ်သမားသပိတ် ရပ်နားထားမှာဖြစ်တယ်လို့ အလုပ်သမားခေါင်းဆောင် ကိုနှင်းအောင်ကပြောပါတယ်။

" လုပ်ငန်းခွင် ရပိုင်ခွင့်နဲ့ ကြားကာလ နစ်နာကြေးရရှိရေး နောက်ပြီးတော့ ဥပဒေ ချိုးဖောက်တဲ့ ဥပဒေကို ဘယ်လိုအရေးယူပေးမလဲ။ အချက်နဲ့ပါ ခင်ဗျ။ အလုပ်ပြန်လည် ရရှိရေးပေါ့။ အလုပ်ပြန်လည်ရရှိရေးနဲ့ ကြားကာလ နစ်နာကြေးရရှိရေး ။ သူတို့ အလုပ်ရှင် အလုပ်ထုတ်လိုက်သည့် နေ့မှ စပြီး နောက်ဆုံးနေ့ရက် အထိပေါ့။ နောက်ဆုံးနေ့ရက် ကြာခဲ့တဲ့ အချိန်အထိ ကြားကာလ နစ်နာကြေးကို ပြောတာပေါ့။ အလုပ်ရှင်က အလုပ်သမားတွေကို ဥပဒေမဲ့ အလုပ်ထုတ်လိုက်တဲ့ဟာကို ဥပဒေကြောင်းအရ ဒီဝန်ကြီးဌာနက ဘယ်လိုအရေးယူပေးမလဲဆိုတဲ့ တောင်းဆိုချက်ပါခင်ဗျ။ အားလုံးပေါင်း သုံးချက်ထဲပါ ခင်ဗျ။

အခု တောင်းဆိုချက်တွေကို အလုပ်ရှင်ကို တရားဥပဒေကြောင်းအရ တရားစွဲဖို့ အချိန်ကာလတခု သူတို့ကိုပေးပါ။ သူတို့အဆင့်ဆင့်ပြန်လည်စိစစ်ပြီးတော့ အရေးယူပေးမယ် ဆိုပြီး ပြောလာပါတယ်။  ကျန်တဲ့နှစ်ချက်ကတော့ ကြားကာလ နစ်နာကြေးနဲ့ လုပ်ငန်းခွင်ပြန်လည်ရရှိရေးကတော့ ငါးရက်စောင့်ပါ အလုပ်ရှင်နဲ့သူတို့ ညှိမယ်လို့ ပြောပါတယ်။ ၅ ရက် ကာလအတွင်းမှာ ကျနော်တို့ သပိတ်ကို လက်ရှိ ဒီနေရာမှာပဲ ရပ်နားထားမယ်။ ဒီမှာ စားဖို့နဲ့ နေဖို့ ထိုင်ဖို့ အားလုံးအတွက်ကို ဝန်ကြီးဌာနက တာဝန်ယူမယ်လို့ပြောပါတယ်။ လက်ရှိ ကျနော်တို့ သဘောတူညီ ထားတာကတော့ ဘုန်းကြီးကျောင်းမှာ စားဖို့ နေဖို့အတွက် အကုန်စီစဉ်ပေးမယ်ဆိုပြီး ဝန်ကြီးဌာနဘက်က သဘောတူထားတယ်။ "

ဧပြီလကုန်ကစပြီး တပတ်ခန့် ကြာတဲ့အထိ စစ်ကိုင်းတိုင်းကနေ မန္တလေးတိုင်း နေပြည်တော်ကို ချီတက်နေတဲ့ အလုပ်သမားသပိတ်ကို လမ်းခရီးမှာတော့ အာဏာပိုင်တွေဘက်က တာဆီးပိတ်ပင်ခဲ့ပေမဲ့ ဆက်လက် ချီတက်နေခဲ့တာပါ။

လမ်းခရီးမှာ အလုပ်သမားတွေ ၀င်ရောက်တည်းခိုတဲ့ ဘုန်းကြီးကျောင်းတွေမှာလည်း လက်မခံဖို့ အတွက် ဖိအားပေးမူတွေရှိခဲ့ပါတယ်။ သစ်အချောထည်စက်ရုံက အလုပ်သမားတွေဟာ အလုပ်ထုတ်ခံရပြီး ၂လကြာတဲ့ အထိ စက်ရုံရှေ့မှာ သပိတ်မှောက် ဆန္ဒပြနေကြတာပါ။ သူတို့ကို အလုပ်ရှင်ဘက်ကကော၊ အလုပ်သမားဝန်ကြီးဌာနဘက်ကပါ ဖြေရှင်းပေးမှု မရှိဘူးဆိုပြီး အခုလိုချီတက် လမ်းလျောက်ပြီး ဆန္ဒထုတ်ဖော်ရတာဖြစ်တယ်လို့ဆိုပါတယ်။

သူတို့ ဦးတည်ချက်ကတော့ နေပြည်တော်မှာရှိတဲ့ သမ္မတရုံးကို ဦးတည်ချီတက်နေတာဖြစ်ပြီး အစိုးရသစ်ကို ဆန့်ကျင်တာမဟုတ်ပဲ သူတို့ပြဿနာတွေကို တရားမျှတစွာ ဖြေရှင်းပေးဖို့ တောင်းဆိုဖို့သာဖြစ်တယ်လို့ ပြောဆိုကြပါတယ်။

မအေးအေးမာ / ဗွီအိုအေ (မြန်မာပိုင်း)

ထိုင်းနိုင်ငံက တရားမ၀င် မီးရှုးမီးပန်း စက်ရုံပေါက်ကွဲ မှုမှာ မြန်မာလုပ်သား(၆)ဦး သေဆုံးခဲ့



မေလ(၅)ရက် နေ့ညပိုင်းက ထိုင်းနိုင်ငံမှာ တရားမ၀င် မီးရှုးမီးပန်း ထုတ်လုပ်တဲ့ စက်ရုံပေါက်ကွဲ မှုဖြစ်ပွားပြီး မြန်မာလုပ်သား(၆)ဦးသေဆုံးခဲ့တယ်လို့ Bangkok Post သတင်းဌာနက ဖော်ပြပါတယ်။ Suphan Buri ပြည်နယ် ၊ U Thong ခရိုင်အတွင်းမှာရှိတဲ့စက်ရုံ ပေါက်ကွဲခဲ့တာဖြစ်ပြီး သေဆုံးသူ(၆)ဦးဟာ မြန်မာလုပ်သားတွေဖြစ်တယ်လို့ထိုင်းရဲတပ်ဖွဲ့က ပြောကြားခဲ့ကြောင်း ဖော်ပြထားပါတယ်။

 ပေါက်ကွဲမှုဖြစ်စဉ်ဟာ ည (၉)နာရီအချိန်လောက်မှာဖြစ်ပွားခဲ့တာဖြစ်တယ်လို့ U Thong ခရိုင်ရဲတပ်ဖွဲ့က ဆိုခဲ့ပါတယ်။ ဖြစ်စဉ်ဖြစ်ပွားအပြီးမှာ ရဲတွေ ၊ စစ်သားတွေနဲ့ ကူညီကယ်ဆယ်ရေး လုပ်သားတွေက အလျင်အမြန်သွားရောက် ခဲ့တယ်လို့လည်း ဆိုပါတယ်။

 သူတို့ရဲ့ အဆိုအရ ဖြစ်စဉ်အတွင်း မြန်မာ အမျိုးသား (၄) ဦးနဲ့ အမျိုးသမီး (၂) ဦး သေဆုံးခဲ့တယ်လို့ သိရပါတယ်။ မပေါက်ကွဲသေးတဲ့ မီးရူးမီးပန်းအပိုင်းအစတွေကလည်း နေရာ အနှံ့ပြန့်ကျဲနေတယ်လို့ တွေ့ရှိသူတွေက ပြောကြားခဲ့ပါတယ်။

 သေဆုံးသူ (၆)ဦးအနက် သုံးဦးကိုသာ ဘယ်သူဘယ်ဝါဖြစ်ကြောင်း အတည်ပြုနိုင်ခဲ့ကာ အကုန်လုံးမှာ အလုပ်လုပ်ခွင့်ပါမစ်တွေရှိတယ်လို့ Suphan Buri ရဲတပ်ဖွဲ့ရဲ့ ဒုတိယအရာရှိချုပ်က ပြောကြားခဲ့ပါတယ်။ စက်ရုံပိုင်ရှင်ကိုလည်း အတည်ပြုနိုင်ခဲ့ပြီး စစ်ဆေးမှုနဲ့စွဲချက်တင်မှုတွေပြုလုပ်ဖို့ စာထုတ်ထားတယ် လို့လည်း သိရပါတယ်။

 အဲဒီမြေနေရာအပါအ၀င် ဆက်စပ်နေရာတွေဟာ အငြိမ်းစားတပ်မတော်အရာရှိ တစ်ဦးပိုင်ဆိုင်ခဲ့တာဖြစ် ပြီးအဲဒီအရာရှိက တစ်စုံတစ်ဦးကို ထပ်မံဌားရမ်းခဲ့တာဖြစ်တယ်လို့လည်း ရဲအရာရှိတစ်ဦး ကပြောကြားခဲ့ပါတယ်။ ထိုင်းအာဏာပိုင်တွေအနေနဲ့ သေဆုံးသူတွေရဲ့ မိသားစုဝင်တွေကို အကူအညီပေးနိုင်ဖို့ ထိုင်းနိုင်ငံဆိုင်ရာ မြန်မာသံရုံးနဲ့လည်း ဆက်သွယ်မှုတွေပြုလုပ်နေတယ်လို့ Bangkok Post ကရေးသားထားပါတယ် ။

Photo From ...........Bangkok Post
5 Plus News

ပုဂ္ဂလိကပိုင် ပြုလုပ်ရေး ကော်မရှင်ဖွဲ့စည်း


 
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်
နိုင်ငံတော်သမ္မတရုံး
အမိန့်ကြော်ငြာစာ
အမှတ်၊ ၁၀/၂၀၁၆
၁၃၇၈ ခုနှစ်၊ တန်ခူးလပြည့်ကျော် ၁၂ ရက်
(၂၀၁၆ ခုနှစ်၊ မေလ ၄ ရက်)

■ပုဂ္ဂလိကပိုင် ပြုလုပ်ရေး ကော်မရှင်ဖွဲ့စည်းခြင်း■
▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬
၁။ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်၏ စီးပွားရေးပြောင်းလဲတိုးတက်ရေးအတွက် ဈေးကွက်စီးပွားရေးစနစ်နှင့်အညီ နိုင်ငံပိုင်အချိုးအစားကို လျှော့ချ၍ ပုဂ္ဂလိကပိုင် အချိုး အစားသို့ ပြောင်းလဲတိုးတက်လုပ်ဆောင်နိုင်ရန်နှင့် ပုဂ္ဂလိကပိုင် ပြုလုပ်ရေး လုပ်ငန်းစဉ် များအား စနစ်တကျ အကောင်အထည်ဖော် ဆောင်ရွက်နိုင်ရေးအတွက် “ပုဂ္ဂလိကပိုင် ပြုလုပ်ရေးကော်မရှင်” ကို အောက်ပါ ပုဂ္ဂိုလ်များဖြင့် ဖွဲ့စည်းလိုက်ပါသည်-
(က) ဒုတိယသမ္မတ (၁) ဥက္ကဌ
(ခ) ပြည်ထောင်စုဝန်ကြီး
သမ္မတရုံးဝန်ကြီးဌာန ဒုတိယဥက္ကဌ
(ဂ) ပြည်ထောင်စုဝန်ကြီး
ပြည်ထဲရေးဝန်ကြီးဌာန အဖွဲ့ဝင်
(ဃ) ပြည်ထောင်စုဝန်ကြီး
စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန အဖွဲ့ဝင်
(င) ပြည်ထောင်စုဝန်ကြီး
ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာန အဖွဲ့ဝင်
(စ) ပြည်ထောင်စုဝန်ကြီး
သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေး ၀န်ကြီးဌာန အဖွဲ့ဝင်
(ဆ) ပြည်ထောင်စုဝန်ကြီး
လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီးဌာန အဖွဲ့ဝင်
(ဇ) ပြည်ထောင်စုဝန်ကြီး
စက်မှုဝန်ကြီးဌာန အဖွဲ့ဝင်
(ဈ) ပြည်ထောင်စုဝန်ကြီး
ပညာရေးဝန်ကြီးဌာန အဖွဲ့ဝင်
(ည) ပြည်ထောင်စုဝန်ကြီး
ကျန်းမာရေးဝန်ကြီးဌာန အဖွဲ့ဝင်
(ဋ) ပြည်ထောင်စုဝန်ကြီး
ဆောက်လုပ်ရေးဝန်ကြီးဌာန အဖွဲ့ဝင်
(ဌ) ပြည်ထောင်စုရှေ့နေချုပ်
ပြည်ထောင်စုရှေ့နေချုပ်ရုံး အဖွဲ့ဝင်
(ဍ) ပြည်ထောင်စုစာရင်းစစ်ချုပ်
ပြည်ထောင်စုစာရင်းစစ်ချုပ်ရုံး အဖွဲ့ဝင်
(ဎ) ပြည်ထောင်စုဝန်ကြီး
စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာန အတွင်းရေးမှူး

၂။ ပုဂ္ဂလိကပိုင်ပြုလုပ်ရေးကော်မရှင်၏ လုပ်ငန်းတာဝန်များမှာ အောက်ပါအတိုင်း ဖြစ်ပါသည်-
(က) ဈေးကွက်စီးပွားရေးစနစ်နှင့်အညီ နိုင်ငံပိုင်အချိုးအစားကို လျှော့ချ၍ ပုဂ္ဂလိကပိုင် အချိုးအစားသို့ ပြောင်းလဲတိုးတက် လုပ်ဆောင်နိုင်ရန်အတွက် ပုဂ္ဂလိကပိုင် ပြုလုပ်ရေးလုပ်ငန်းစဉ်များအား စနစ်တကျ အကောင်အထည် ဖော် ဆောင်ရွက်ရန်။
(ခ) ပုဂ္ဂလိကပိုင်ပြုလုပ်ရေး ဆောင်ရွက်ရာတွင် ဖွဲ့စည်းပုံအခြေခံဥပဒေပါ ပြဌာန်း ချက်များ၊ နိုင်ငံတော်မှ ချမှတ်ထားသည့် စီးပွားရေးအခြေခံမူများ၊ တည်ဆဲ ဥပဒေများနှင့်ကိုက်ညီအောင် ဆောင်ရွက်ရန်။
(ဂ) စွမ်းဆောင်ရည်ကျဆင်းလျက်ရှိသည့် နိုင်ငံပိုင်စက်ရုံ၊ အလုပ်ရုံနှင့် လုပ်ငန်း များအား စွမ်းဆောင်ရည်တိုးတက်စေရေးအတွက် ပုဂ္ဂလိကပိုင် ပြုလုပ်ရေး နည်းလမ်းများအား အသုံးပြု၍ ဆောင်ရွက်ရန်။
(ဃ) ပြည်သူ့ဘဏ္ဍာငွေများကို စီမံခန့်ခွဲသုံးစွဲရာ၌ ဘတ်ဂျက်လိုငွေကြောင့် နိုင်ငံတော်နှင့် ပြည်သူတို့အတွက် ၀န်ထုတ်ဝန်ပိုးမဖြစ်စေရန် အစိုးရဌာန များမှ ဆောင်ရွက်လျက်ရှိသည့် လုပ်ငန်းများမှ ပုဂ္ဂလိကများသို့ လုပ်ဆောင် နိုင်မည့် လုပ်ငန်းများအား ခွဲဝေလွှဲပြောင်းပေးရန်။
(င) အစိုးရ- ပုဂ္ဂလိကပူပေါင်းဆောင်ရွက်ခြင်း (Public- Private Partnership- PPP) ပုဂ္ဂလိက- ပုဂ္ဂလိက ပူးပေါင်းဆောင်ရွက်ခြင်း (Private- Private Partnership) လုပ်ငန်းများဆောင်ရွက်ခြင်းနှင့် အရင်းအနှီးများ တိုးတက်ရ ရှိလာခြင်း၊ နည်းပညာ ဖွံဖြိုးမှုမှတစ်ဆင့် ထုတ်ကုန်များ ဖွံ့ဖြိုးတိုးတက်လာ ခြင်းဈေးကွက်ယှဉ်ပြိုင်မှုများ၊ စီမံခန့်ခွဲမှုများနှင့် ပွင့်လင်းမြင်သာမှုများ တိုးတက်လာခြင်းတို့မှ တစ်ဆင့် ပြည်သူနှင့် နိုင်ငံဖွံ့ဖြိုးမှုအတွက် အကျိုး ကျေးဇူးများ ဖြစ်ပေါ်လာစေရေး ဆောင်ရွက်ပေးရန်။
(စ) အစိုးရဌာနများ၊ အဖွဲ့အစည်းများမှ ပုဂ္ဂလိကပိုင်သို့ လွှဲပြောင်းဆောင်ရွက် သင့်သော လုပ်ငန်းများအား နိုင်ငံတကာတွင် ဆောင်ရွက်လေ့ရှိသည့် အောက်ပါနည်းလမ်းများဖြင့် စိစစ်သုံးသပ်၍ ဆောင်ရွက်စေရန်-
(၁) ရှယ်ယာခေါ်ယူခြင်း(Sharing System)
(၂) အစိုးရ- ပုဂ္ဂလိက ပူးပေါင်းဆောင်ရွက်ခြင်း (Public- Private Partnership)
(၃) နိုင်ငံသားများအချင်းချင်း ပူးပေါင်းရင်းနှီးမြှုပ်နှံစေခြင်း (Private- Private Partnership)
(၄) အစိုးရမှ ပုဂ္ဂလိကလုပ်များသို့ ရောင်းချပိုင်ခွင့်၊ မူပိုင်ခွင့်များ ထုတ် ပေးခြင်း (Franchise)
၅) ဖက်စပ်လုပ်ကိုင်ခြင်း (Joint Venture- JV)
(၆) ထုခွဲရောင်းချခြင်း (Sale)
(၇) မြို့ပြစီမံကိန်းများနှင့် မသင့်လျော်သည့် မြို့တွင်းရှိစက်ရုံ၊ အလုပ်ရုံနှင့် လုပ်ငန်းများအား အခြားသင့်လျော်သည့် လုပ်ငန်းများအဖြစ် ပြောင်းလဲ ဆောင်ရွက်စေရန်၊
(ဆ) လွှဲပြောင်းရေးဆိုင်ရာနည်းလမ်းများအား အပြည်ပြည်ဆိုင်ရာ လုပ်ထုံးလုပ် နည်းများနှင့်အညီ သတ်မှတ်ပြဋ္ဌာန်း၍ ပုဂ္ဂလိကသို့ လွှဲပြောင်းဆောင်ရွက် သင့်သည့် နယ်ပယ်၊ နည်းလမ်းများကို စိစစ်သုံးသပ်၍ အထက် အဖွဲ့အစည်း သို့ တင်ပြရန်။
(ဇ) ပုဂ္ဂလိကပိုင်ပြုလုပ်ရေးနှင့် သက်ဆိုင်သည့် ဘဏ္ဍာနှင့် ငွေရေးကြေးရေး ဆိုင်ရာ ကိစ္စရပ်များကို သတ်မှတ်ပေးရန်။
(ဈ) ကျွမ်းကျင်မှုဆိုင်ရာ လုပ်ငန်းကော်မတီများဖွဲ့စည်းရန်နှင့် ယင်းတို့၏ တာဝန် နှင့် လုပ်ပိုင်ခွင့်များကို သတ်မှတ်ပေးရန်။
(ည) နိုင်ငံပိုင်လုပ်ငန်းများကို ပုဂ္ဂလိကသို့ လွှဲပြောင်းပြီးနောက် နိုင်ငံတော်အတွက် အကျိုးရှိစွာ ဆောင်ရွက်နိုင်မှု ရှိ/မရှိစိစစ်၍ အကျိုးကျေးဇူးများနှင့် အားနည်း ချက်များကို အထက်အဖွဲ့အစည်းများသို့ သုံးသပ်တင်ပြပြီး လိုအပ်သည်များ ကူညီဆောင်ရွက်ပေးရန်။
(ဋ) ပုဂ္ဂလိကသို့ လွှဲပြောင်းရောင်းချခြင်းမပြုသည့် နိုင်ငံတော်အစိုးရက မဖြစ်မနေ ဆက်လက်ဆောင်ရွက်ရမည့် စက်ရုံ၊ အလုပ်ရုံနှင့် လုပ်ငန်း များအား စီးပွားရေး အရ တွက်ခြေကိုက်မှု ရှိ/မရှိ စိစစ်သုံးသပ်ရန်။
(ဌ) ပုဂ္ဂလိကပိုင်ပြုလုပ်ရာတွင် စက်ရုံ၊ အလုပ်ရုံနှင့် လုပ်ငန်းများအား ဝယ်ယူသူမှ အခြားလုပ်ငန်းသို့ ပြောင်းလဲလုပ်ကိုင်ခွင့်မရှိဘဲ အခြား လုပ်ငန်းသို့ ပြောင်းလဲ လုပ်ကိုင်လိုပါက ဆောင်ရွက်လိုသည့် လုပ်ငန်းအား စိစစ်သုံးသပ်ရန်။
(ဍ) ပုဂ္ဂလိကပိုင်ပြုလုပ်ရေးနှင့် ပတ်သက်၍ ပြည်သူများ ကျယ်ကျယ်ပြန့်ပြန့် သိရှိနိုင်ရေး အတွက် သတင်းစာ၊ ဂျာနယ်၊ ရေဒီယိုနှင့် ရုပ်မြင်သံကြား တို့မှ ရှင်းလင်း အသိပေးရန်။

၃။ ပုဂ္ဂလိကပိုင်ပြုလုပ်ရေးကော်မရှင်သည် လိုအပ်သည့် ဆပ်ကော်မတီများ ဖွဲ့စည်း ခြင်း၊ အမိန့်များ၊ ညွှန်ကြားချက်နှင့် လုပ်ထုံးလုပ်နည်းများ ထုတ်ပြန်ခြင်းတို့အတွက် အခြား ဝန်ကြီးဌာနများနှင့် လိုအပ်သလို ပေါင်းစပ်ညှိနှိုင်း၍ နိုင်ငံတော်သမ္မတရုံးသို့ တင်ပြ အတည်ပြုချက် ရယူရမည်။

၎။ ပုဂ္ဂလိကပိုင်ပြုလုပ်ရေးကော်မရှင်၏ လုပ်ငန်းဆောင်ရွက်ချက် အစီရင်ခံစာများကို အခါ အားလျော်စွာ ပြည်ထောင်စုအစိုးရအဖွဲ့သို့ အစီရင်ခံ တင်ပြရမည်။

(ပုံ) ထင်ကျော်
နိုင်ငံတော်သမ္မတ
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်

Myanmar President Office

တည်ဆောက်ရေးလုပ်ငန်းစိစစ်ရေးကော်မတီ ဖွဲ့စည်း

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်
နိုင်ငံတော်သမ္မတရုံး
အမိန့်ကြော်ငြာစာ
အမှတ်၊ ၉/ ၂၀၁၆
၁၃၇၈ ခုနှစ်၊ တန်ခူးလပြည့်ကျော် ၁၂ ရက်
(၂၀၁၆ ခုနှစ်၊ မေလ ၄ ရက်)
■တည်ဆောက်ရေးလုပ်ငန်းစိစစ်ရေးကော်မတီ ဖွဲ့စည်းခြင်း■
▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬
၁။ ပြည်ထောင်စုဝန်ကြီးဌာနအသီးသီးက ဆောင်ရွက်သည့် တည်ဆောက်ရေးလုပ်ငန်းဆိုင်ရာ ကိစ္စရပ်များနှင့် စပ်လျဉ်း၍ နိုင်ငံတော်၏ ဦးတည်ချက်များနှင့်အညီ ဦးစားပေးကဏ္ဍအလိုက် အတည်ပြုခြင်း၊ ဆိုင်းငံ့ခြင်း၊ ပယ်ဖျက်ခြင်းနှင့် ပြင်ဆင်အတည်ပြုခြင်း စသည့် စိစစ်ရေးလုပ်ငန်းများ ဆောင်ရွက်နိုင်ရန်အတွက် “တည်ဆောက်ရေးလုပ်ငန်းစိစစ်ရေးကော်မတီ” ကို အောက်ပါ ပုဂ္ဂိုလ်များဖြင့် ဖွဲ့စည်းလိုက်ပါသည်-
(က) ပြည်ထောင်စုဝန်ကြီး
ဆောက်လုပ်ရေးဝန်ကြီးဌာန ဥက္ကဋ္ဌ
(ခ) အမြဲတမ်းအတွင်းဝန်
စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန အဖွဲ့ဝင်
(ဂ) အမြဲတမ်းအတွင်းဝန်
ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာန အဖွဲ့ဝင်
(ဃ) အမြဲတမ်းအတွင်းဝန်
လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန အဖွဲ့ဝင်
(င) အမြဲတမ်းအတွင်းဝန်
စက်မှုဝန်ကြီးဌာန အဖွဲ့ဝင်
(စ) အမြဲတမ်းအတွင်းဝန်
ပညာရေးဝန်ကြီးဌာန အဖွဲ့ဝင်
(ဆ) အမြဲတမ်းအတွင်းဝန်
ကျန်းမာရေးဝန်ကြီးဌာန အဖွဲ့ဝင်
(ဇ) အမြဲတမ်းအတွင်းဝန်
ဆောက်လုပ်ရေးဝန်ကြီးဌာန အဖွဲ့ဝင်
(ဈ) ညွှန်ကြားရေးမှူးချုပ်
အဆောက်အဦဦးစီးဌာန
ဆောက်လုပ်ရေးဝန်ကြီးဌာန အတွင်းရေးမှူး

၂။ တည်ဆောက်ရေးလုပ်ငန်းစိစစ်ရေးကော်မတီ၏ လုပ်ငန်းတာဝန်များမှာ အောက်ပါအတိုင်း ဖြစ်ပါသည်-
(က) ဆောင်ရွက်လိုသည့် တည်ဆောက်ရေးလုပ်ငန်းများ၏ ရင်းနှီးမြှုပ်နှံမှုကို ရရှိမည့် အကျိုးသက်ရောက်မှုဖြင့် နှိုင်းယှဉ်လေ့လာ စိစစ်သွားရန်။
(ခ) ဝန်ကြီးဌာန၊ အဖွဲ့အစည်းများ၏ တည်ဆောက်ရေးလုပ်ငန်းများကို တည်ဆဲ စည်းမျဉ်း၊ ညွှန်ကြားချက်များနှင့်အညီ စိစစ်ရန်။
(ဂ) တည်ဆောက်ရေးလုပ်ငန်းများ၏ နည်းစနစ်၊ လုပ်ငန်းအစီအစဉ်နှင့် တိုးတက်မှု အခြေအနေများကို သုံးသပ်ရန်။
(ဃ) တည်ဆောက်ရေးလုပ်ငန်းများအတွက် ဦစားပေးအဆင့် အတည်ပြု သတ်မှတ်ပေးရန်။
(င) ဝန်ကြီးဌာနများက ဆောင်ရွက်ရန်တင်ပြသော တည်ဆောက်ရေးလုပ်ငန်းများကို နည်းပညာနှင့် ဒီဇိုင်းများ ခေတ်မီ၍ စံချိန်စံညွှန်း ပြည့်မီစွာ ဆောက်လုပ်နိုင်ရေးနှင့် အကုန်အကျ သက်သာစေရေး စိစစ်ပေးရန်။
(စ) တည်ဆောက်ရေးလုပ်ငန်းများ ဆောင်ရွက်ရန် အဆိုပြုတင်ပြသည့် နေရာများကို စိစစ်ရန်။
(ဆ) မြေနှင့် အဆောက်အဦများကို တည်ဆောက်ရေးလုပ်ငန်းများအတွက် နိုင်ငံတော်က သိမ်းဆည်းရန် လိုအပ်ပါက ဥပဒေစည်းမျဉ်းများနှင့်အညီ ဆောင်ရွက်ရန်။
(ဇ) ဌာနဆိုင်ရာများမှ အဆောက်အဦများအား ကန်ထရိုက်စနစ်ဖြင့် တည်ဆောက် ရာတွင် သုံးစွဲသည့် ပစ္စည်းအရည်အသွေးနှင့် ဈေးနှုန်းများ မှန်ကန်မှု ရှိ/ မရှိ စိစစ်ရန်။
(ဈ) ဆောင်ရွက်လိုသည့် တည်ဆောက်ရေးလုပ်ငန်းများ နေရာဒေသ၊ ပတ်ဝန်းကျင် အခြေအနေနှင့် ကိုက်ညီမှု ရှိ/ မရှိ စိစစ်ပေးရန်။
(ည) ဝန်ကြီးဌာန အသီးသီးက တင်ပြလာသော တည်ဆောက်ရေးလုပ်ငန်းကိစ္စနှင့် စပ်လျဉ်း၍ နိုင်ငံတော်၏ ဦးတည်ချက်များနှင့်အညီ ဦးစားပေးကဏ္ဍအလိုက် အတည်ပြုခြင်း၊ ဆိုင်းငံ့ခြင်း၊ ပယ်ဖျက်ခြင်းနှင့် ပြင်ဆင်အတည်ပြုခြင်း စသည် တို့အား ဆောင်ရွက်ရာတွင် “မူ” အားဖြင့် ဆုံးဖြတ်ခွင့်ပြုပေးနိုင်ခြင်းမရှိသည့် လုပ်ငန်းကိစ္စရပ်များ ပေါ်ပေါက်လာပါက နိုင်ငံတော်သမ္မတထံ တင်ပြလမ်းညွှန်မှု ခံယူရန်။
(ဋ) နိုင်ငံတော်သမ္မတ၏ လမ်းညွှန်မှုနှင့်အညီ ဆောင်ရွက်၍ ဆောင်ရွက်ပြီးစီးမှု အခြေအနေအား ပြည်ထောင်စုအစိုးရအဖွဲ့ အစည်းအဝေးသို့ တင်ပြ အတည်ပြုချက် ရယူရန်။
(ဌ) ပြည်ထောင်စုအစိုးရအဖွဲ့မှ ညွှန်ကြားသည့် လုပ်ငန်းတာဝန်များကို ဆောင်ရွက်ရန်။
(ဍ) ကော်မတီသည် လိုအပ်သော လုပ်ငန်းလမ်းညွှန်ချက်များကို ထုတ်ပြန် ဆောင်ရွက် သွားရန်။

(ပုံ) ထင်ကျော်
နိုင်ငံတော်သမ္မတ
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်

Myanmar President Office

မြန်မာနိုင်ငံအမျိုးသားရှာဖွေကယ်ဆယ်ရေးကော်မတီဖွဲ့စည်း


 
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်
နိုင်ငံတော်သမ္မတရုံး
အမိန့်ကြော်ငြာစာ
အမှတ်၊ ၈ /၂၀၁၆
၁၃၇၈ ခုနှစ်၊ တန်ခူးလပြည့်ကျော် ၁၁ ရက်
(၂၀၁၆ ခုနှစ်၊ မေလ ၃ ရက်)

■မြန်မာနိုင်ငံအမျိုးသားရှာဖွေကယ်ဆယ်ရေးကော်မတီဖွဲ့စည်းခြင်း■
▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬

၁။ အရှေ့တောင်အာရှနှင့် ပစိဖိတ်ဒေသအတွင်း အရေးပေါ်အသက်ဘေးအန္တရာယ် ကျရောက်သူ များအား ရှာဖွေရေးနှင့် ကယ်ဆယ်ရေးလုပ်ငန်းများကို ဒေသတွင်းနိုင်ငံများအကြား ထိရောက်စွာ ညှိနှိုင်း ပေါင်းစပ်ဆောင်ရွက်ရန်၊ မြန်မာနိုင်ငံအတွင်း သဘာဝဘေးအန္တရာယ်များ ကျရောက်လာပါက ရှာဖွေရေးနှင့် ကယ်ဆယ်ရေးလုပ်ငန်းများကို ထိရောက်စွာဆောင်ရွက်နိုင်ရန်နှင့် အမျိုးသားရှာဖွေ ကယ်ဆယ်ရေး အစီအမံများကို စနစ်တကျ ချမှတ်အကောင်အထည်ဖော်နိုင်ရန်အတွက် “မြန်မာနိုင်ငံ အမျိုးသားရှာဖွေ ကယ်ဆယ်ရေး ကော်မတီ” ကို အောက်ပါပုဂ္ဂိုလ်များဖြင့် ဖွဲ့စည်းလိုက်ပါသည်-
(က) ပြည်ထောင်စုဝန်ကြီး
ပြည်ထဲရေးဝန်ကြီးဌာန ဥက္ကဌ
(ခ) ပြည်ထောင်စုဝန်ကြီး
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး
ဝန်ကြီးဌာန ဒုတိယဥက္ကဌ
(ဂ) စစ်ဦးစီးအရာရှိချုပ်(ကြည်း)
ကာကွယ်ရေးဦးစီးချုပ်ရုံး(ကြည်း) အဖွဲ့ဝင်
(ဃ) စစ်ဦးစီးအရာရှိချုပ်(ရေ)
ကာကွယ်ရေးဦးစီးချုပ်ရုံး(ရေ) အဖွဲ့ဝင်
(င) စစ်ဦးစီးအရာရှိချုပ်(လေ)
ကာကွယ်ရေးဦးစီးချုပ်ရုံး(လေ) အဖွဲ့ဝင်
(စ) အမြဲတမ်းအတွင်းဝန်
နိုင်ငံခြားရေးဝန်ကြီးဌာန အဖွဲ့ဝင်
(ဆ) အမြဲတမ်းအတွင်းဝန်
ပြည်ထဲရေးဝန်ကြီးဌာန အဖွဲ့ဝင်
(ဇ) အမြဲတမ်းအတွင်းဝန်
ပြန်ကြားရေးဝန်ကြီးဌာန အဖွဲ့ဝင်
(ဈ) အမြဲတမ်းအတွင်းဝန်
စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန အဖွဲ့ဝင်
(ည) အမြဲတမ်းအတွင်းဝန်
ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာန အဖွဲ့ဝင်
(ဋ) အမြဲတမ်းအတွင်းဝန်
ကျန်းမာရေးဝန်ကြီးဌာန အဖွဲ့ဝင်
(ဌ) ညွှန်ကြားရေးမှူးချုပ်
မီးသတ်ဦးစီးဌာန အဖွဲ့ဝင်
(ဍ) ညွှန်ကြားရေးမှူးချုပ်
လေကြောင်းပို့ဆောင်ရေးညွှန်ကြားမှုဦးစီးဌာန အဖွဲ့ဝင်
(ဎ) ညွှန်ကြားရေးမှူးချုပ်
ရေကြောင်းပို့ဆောင်ရေးညွှန်ကြားမှုဦးစီးဌာန အဖွဲ့ဝင်
(ဏ) ညွှန်ကြားရေးမှူးချုပ်
ကုန်းလမ်းပို့ဆောင်ရေးညွှန်ကြားမှုဦးစီးဌာန အဖွဲ့ဝင်
(တ) ဥက္ကဌ
မြန်မာနိုင်ငံကြက်ခြေနီအသင်း အဖွဲ့ဝင်
(ထ) ဥက္ကဌ
မြန်မာနိုင်ငံမိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်း အဖွဲ့ဝင်
(ဒ) အမြဲတမ်းအတွင်းဝန်
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဝန်ကြီးဌာန အတွင်းရေးမှူး
(ဓ) ညွှန်ကြားရေးမှူးချုပ်
ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဝန်ကြီးဌာန တွဲဖက်အတွင်းရေးမှူး

၂။ မြန်မာနိုင်ငံအမျိုးသားရှာဖွေကယ်ဆယ်ရေးကော်မတီ၏ လုပ်ငန်းတာဝန်များမှာ အောက်ပါ အတိုင်း ဖြစ်ပါသည်-
(က) အမျိုးသားသဘာဝဘေးကာကွယ်ရေးစီမံချက်အား နောက်ဆုံးအခြေအနေနှင့် ကိုက်ညီအောင် ပြန်လည် ရေးဆွဲနိုင်ရေး ပြည်ထောင်စုအစိုးရအဖွဲ့သို့ မူဝါဒ တောင်းခံ၍ ဆက်လက် ဆောင်ရွက်ခြင်း။
(ခ) သဘာဝဘေး(ရေ၊ လေ၊ ဆူနာမီ၊ မီးဘေး၊ ငလျင်) အလိုက် ဖြစ်နိုင်ဖွယ်ရှိသော ဒေသနှင့် လူဦးရေများအား လေ့လာ၍ ဘေးဒုက္ခသည်များအား ရှာဖွေရေးနှင့် ကယ်ဆယ်ရေး လုပ်ငန်းများအတွက် ပြင်ဆင်ထားခြင်း၊ ထိုဒေသရှိ မြေပြင်အနေအထားပေါ်မူတည်၍ ဒုက္ခသည်များ တိမ်းရှောင်ခိုလှုံနိုင်သောနေရာများ၊ ရုတ်ခြည်းလိုအပ်နိုင်သော သက်ကယ်ပစ္စည်း၊ ရှာဖွေကယ်ဆယ်ရေးလုပ်ငန်းများ အချိန်မီဆောင်ရွက်နိုင်ရန် လိုအပ်သောယာဉ်နှင့် စက်ယန္တရားများ၊ စက်သုံးဆီများ၊ အသက်ရှင်နေထိုင်ရန် လိုအပ်သောရိက္ခာပစ္စည်း အခြေအနေများအား ကြိုတင်လေ့လာပြီး အရန်သင့်စုစည်းပြင်ဆင်ထားခြင်း။
(ဂ) ငလျင်ဘေး၊ မီးဘေးများတွင် ပိတ်မိနေသော ဒုက္ခသည်များအား ရှာဖွေကယ်ဆယ်နိုင်ရေး အတွက် ဒေသအလိုက် အထူးအဖွဲ့များ ဖွဲ့စည်းလေ့ကျင့်ခြင်း။
(ဃ) အရေးပေါ်ရှာဖွေရေးနှင့် ကယ်ဆယ်ရေးလုပ်ငန်းများ ဆောင်ရွက်နိုင်ရန် အစိုးရဌာနများ အချင်းချင်း၊ ဒေသတွင်းနိုင်ငံများ၊ နိုင်ငံတကာအဖွဲ့အစည်းများနှင့် အစိုးရမဟုတ်သော ပြည်တွင်း/ ပြည်ပအဖွဲ့အစည်းများ ညှိနှိုင်းပူးပေါင်း ဆောင်ရွက်နိုင်ရန် ပြင်ဆင်ခြင်း။
(င) သဘာဝဘေးအန္တရာယ်ခံစားနေကြရသူများ၊ အသက်ဘေးမှ လွတ်မြောက်စေရန်နှင့် အသက်ရှင်ကျန်နေသူများအားလုံး ဆက်လက်ရှင်သန်နိုင်ရေး စုဖွဲ့စီမံခြင်း၊ ပေါင်းစပ် ညှိနှိုင်းခြင်း၊ လက်တွေ့အကောင်အထည်ဖော်ဆောင်ရွက်ခြင်းနှင့် လှုပ်ရှားလေ့ကျင့်ခြင်းများ ဆောင်ရွက်ခြင်း။
(စ) ရှာဖွေကယ်ဆယ်ရေးလုပ်ငန်းများပြီးသည်နှင့် ကယ်ဆယ်စောင့်ရှောက်ရေးနှင့် ထောက်ပံ့ရေး၊ နေရာချထားရေးလုပ်ငန်းကော်မတီအဖွဲ့သို့ အချိန်မီလွှဲပြောင်း ပေးခြင်း။
(ဆ) ပြည်ပမှအကူအညီလိုအပ်သည်ဟု ဆုံးဖြတ်သောကိစ္စရပ်များအတွက် ပေါင်းစပ် ဆောင်ရွက် ရေးဆိုင်ရာ မူဝါဒလမ်းညွှန်ချမှတ်ပေးခြင်း။
(ဇ) အိမ်နီးချင်းနိုင်ငံများနှင့် နယ်နိမိတ်ချင်း ဆက်စပ်လျက်ရှိသောဒေသများတွင် သဘာဝဘေးများ ကျရောက်မှုနှင့်စပ်လျဉ်း၍ ရှာဖွေကယ်ဆယ်ရေးလုပ်ငန်းများအား အထူးလုပ်ငန်းအဖွဲ့များ ဖွဲ့စည်း၍ နှစ်ဖက်ညှိနှိုင်းလုပ်ဆောင်ခြင်း။
(ဈ) အခင်းဖြစ်ပွားရာနေရာရှိ ရှာဖွေရေးခေါင်းဆောင်သည် အထက်တာဝန်ရှိပုဂ္ဂိုလ်များနှင့် အဆက်အသွယ်မပြတ်စေရေး ညွှန်ကြားဆောင်ရွက်ခြင်း။

(ပုံ) ထင်ကျော်
နိုင်ငံတော်သမ္မတ
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်

Myanmar President Office

စာရင်းအင်းအချက်အလက်များ မှန်ကန်ရေးနှင့် အရည်အသွေး ပြည့်ဝရေး ကော်မတီ ဖွဲ့စည်း

 
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်
နိုင်ငံတော်သမ္မတရုံး
အမိန့်ကြော်ငြာစာ
အမှတ်၊ ၇/၂၀၁၆
၁၃၇၈ ခုနှစ်၊ တန်ခူးလပြည့်ကျော် ၁၁ ရက်
(၂၀၁၆ ခုနှစ်၊ မေလ ၃ ရက်)

■စာရင်းအင်းအချက်အလက်များ မှန်ကန်ရေးနှင့် အရည်အသွေး ပြည့်ဝရေး ကော်မတီ ဖွဲ့စည်းခြင်း■
▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬

၁။ လက်တွေ့ကျသည့် စီမံကိန်းများနှင့် မူဝါဒများ မှန်ကန်စွာ ချမှတ်နိုင်ရန်၊ ထိရောက်စွာ အကောင်အထည်ဖော်နိုင်ရန်၊ စောင့်ကြည့် လေ့လာရန်နှင့် သုံးသပ်နိုင်ရန်၊ စာရင်းအင်း အချက်အလက်များ မှန်ကန်ရေးနှင့် အရည်အသွေး ပြည့်ဝရေး ကိစ္စရပ်အား သက်ဆိုင်ရာ ၀န်ကြီးဌာနများ၊ Stakeholders များနှင့် ထိရောက်စွာ ပူးပေါင်း ဆောင်ရွက်နိုင်ရန်အတွက် “စာရင်းအင်း အချက်အလက်များ မှန်ကန်ရေးနှင့် အရည်အသွေး ပြည့်ဝရေးကော်မတီ” ကို အောက်ပါပုဂ္ဂိုလ်များဖြင့် ဖွဲ့စည်းလိုက်ပါသည်-
(က) ဒုတိယသမ္မတ (၂) နာယက
(ခ) ပြည်ထောင်စုဝန်ကြီး
စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာန ဥက္ကဋ္ဌ
(ဂ) စီးပွားရေးနှင့် သက်ဆိုင်သည့် ၀န်ကြီးများ
တိုင်းဒေသကြီး/ပြည်နယ်အစိုးရအဖွဲ့အားလုံး အဖွဲ့ဝင်
(ဃ) အမြဲတမ်းအတွင်းဝန်
နိုင်ငံခြားရေးဝန်ကြီးဌာန အဖွဲ့ဝင်
(င) အမြဲတမ်းအတွင်းဝန်
ပြည်ထဲရေးဝန်ကြီးဌာန အဖွဲ့ဝင်
(စ) အမြဲတမ်းအတွင်းဝန်
နယ်စပ်ရေးရာဝန်ကြီးဌာန အဖွဲ့ဝင်
(ဆ) အမြဲတမ်းအတွင်းဝန်
ပြန်ကြားရေးဝန်ကြီးဌာန အဖွဲ့ဝင်
(ဇ) အမြဲတမ်းအတွင်းဝန်
သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန အဖွဲ့ဝင်
(ဈ) အမြဲတမ်းအတွင်းဝန်
စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်း ၀န်ကြီးဌာန အဖွဲ့ဝင်
(ည) အမြဲတမ်းအတွင်းဝန်
ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာန အဖွဲ့ဝင်
(ဋ) အမြဲတမ်းအတွင်းဝန်
သယံဇာတနှင့်သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဝန်ကြီးဌာန အဖွဲ့ဝင်
(ဌ) အမြဲတမ်းအတွင်းဝန်
လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီးဌာန အဖွဲ့ဝင်
(ဍ) အမြဲတမ်းအတွင်းဝန်
အလုပ်သမား၊ လူဝင်မှု ကြီးကြပ်ရေးနှင့် ပြည်သူ့ အင်အားဝန်ကြီးဌာန အဖွဲ့ဝင်
(ဎ) အမြဲတမ်းအတွင်းဝန်
စက်မှုဝန်ကြီးဌာန အဖွဲ့ဝင်
(ဏ) အမြဲတမ်းအတွင်းဝန်
စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ၀န်ကြီးဌာန အဖွဲ့ဝင်
(တ) အမြဲတမ်းအတွင်းဝန်
ပညာရေးဝန်ကြီးဌာန အဖွဲ့ဝင်
(ထ) အမြဲတမ်းအတွင်းဝန်
ကျန်းမာရေးဝန်ကြီးဌာန အဖွဲ့ဝင်
(ဒ) အမြဲတမ်းအတွင်းဝန်
စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာန အဖွဲ့ဝင်
(ဓ) အမြဲတမ်းအတွင်းဝန်
ဆောက်လုပ်ရေးဝန်ကြီးဌာန အဖွဲ့ဝင်
(န) အမြဲတမ်းအတွင်းဝန်
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည် နေရာ ချထားရေးဝန်ကြီးဌာန အဖွဲ့ဝင်
(ပ) အမြဲတမ်းအတွင်းဝန်
ဟိုတယ်နှင့် ခရီးသွားလာရေးဝန်ကြီးဌာန အဖွဲ့ဝင်
(ဖ) အမြဲတမ်းအတွင်းဝန်
ပြည်ထောင်စုစာရင်းစစ်ချုပ်ရုံး အဖွဲ့ဝင်
(ဗ) ညွှန်ကြားရေးမှူးချုပ်
ဗဟိုစာရင်းအင်းအဖွဲ့
စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာန အတွင်းရေးမှူး

၂။ စာရင်းအင်း အချက်အလက်များ မှန်ကန်ရေးနှင့် အရည်အသွေး ပြည့်ဝရေး ကော်မတီ၏ လုပ်ငန်းတာဝန်များမှာ အောက်ပါအတိုင်း ဖြစ်ပါသည်-
(က) ခေတ်နှင့်လျော်ညီသည့် အမျိုးသား စာရင်းအင်းဥပဒေ အတည်ပြု ပြဋ္ဌာန်းနိုင်ရေးနှင့် ဥပဒေ သက်ရောက်မှုရှိရေးအတွက် လမ်းညွှန်ကြီးကြပ်ရန်။
(ခ) စာရင်းအင်း ကိန်းဂဏန်း အချက်အလက်များ တိကျ မှန်ကန်ရေး ဆောင်ရွက်ရန်။
(ဂ) အမျိုးသားစာရင်းအင်းစနစ်ကို တည်ထောင်ရာတွင် လိုအပ်သည့် အကြံဥာဏ် နှင့် လမ်းညွှန်မှုများ ပေးရန်။
(ဃ) လူမှုစီးပွား ဖွံ့ဖြိုးတိုးတက်ရေးအတွက် စစ်တမ်းနှင့် စာရင်းအင်းဆိုင်ရာ လုပ်ငန်းရပ်များ ဆောင်ရွက်မှုကို ကြီးကြပ်ကွပ်ကဲ လမ်းညွှန်ရန်။
(င) ပြည်ထောင်စုဝန်ကြီးဌာနအလိုက် တာဝန်ယူရသော ကဏ္ဍအသီးသီးတွင် ပြည့်စုံ ကောင်းမွန်သည့် စာရင်းအင်းနှင့် စစ်တမ်းတစ်ရပ် ပေါ်ပေါက်လာရေး ပေါင်းစပ် ညှိနှိုင်းရန်။
(စ) နိုင်ငံတကာ စာရင်းအင်းစနစ်များနှင့် လိုက်လျောညီထွေရှိစေရန် အမျိုးသား စာရင်းအင်းစနစ်အပေါ် အကဲဖြတ် သုံးသပ်ခြင်း၊ လိုအပ်ချက်များကို ကဏ္ဍ အလိုက် သုံးသပ်ခြင်းနှင့် လိုအပ်သည့် ပြင်ဆင်မှုများ ပြုလုပ်နိုင်ရန် ပြည်ထောင်စုအစိုးရအဖွဲ့သို့ အစီရင်ခံ တင်ပြရန်။
(ဆ) ပြည်ထောင်စုဝန်ကြီးဌာနများနှင့် တိုင်းဒေသကြီး/ပြည်နယ် အစိုးရအဖွဲ့များ စာရင်းအင်း ကောက်ယူသည့်စနစ်နှင့် စာရင်းအင်း ပြုစုခြင်းဆိုင်ရာ နည်းစနစ်များ တစ်ပြေးညီ ဖြစ်စေရေး ပေါင်းစပ်ညှိနှိုင်းခြင်းနှင့် သင်တန်း ပေးခြင်းများအား စီမံဆောင်ရွက်ရန်။
(ဇ) အမျိုးသား စာရင်းအင်းဆိုင်ရာ အဖွဲ့အစည်းများ၏ စာရင်းအင်းကဏ္ဍ ဖွံ့ဖြိုးမှု၊ အမျိုးသားအဆင့် မဟာဗျူဟာ အကောင်အထည်ဖော်ဆောင်ရေးနှင့် စီမံခန့်ခွဲမှု တို့ကို ကြီးကြပ်လမ်းညွှန်ရန်။

၃။ ကော်မတီ၏ လုပ်ငန်းဆောင်ရွက်ချက် အစီရင်ခံစာများကို အခါအားလျော်စွာ ပြည်ထောင်စုအစိုးရအဖွဲ့ရုံးသို့ တင်ပြ အစီရင်ခံရန်နှင့် လိုအပ်သည့် ကော်မတီနှင့် ဆပ်ကော်မတီများကို ဖွဲ့စည်း ဆောင်ရွက်သွားရန် ဖြစ်ပါသည်။

(ပုံ) ထင်ကျော်
နိုင်ငံတော်သမ္မတ
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်

Myanmar President Office

အစိုးရတပ်မှ မိုးမောက်မြို့နယ် KIA တပ် ကို လက်နက်ကြီးဖြင့် ပစ်ခတ်


အစိုးရတပ်မှ ကချင်ပြည်နယ် ဗန်းမော်ခရိုင် မိုးမောက်မြို့နယ် အတွင်း ကချင် လွတ်လပ်ရေး တပ်မတော် KIA တပ်ရင်း (၁၅) တပ်စခန်းများ ကို လက်နက်ကြီးဖြင့် မေ ၅ ယမန်နေ့ က ပစ်ခတ် တိုက်ခိုက်ခဲ့ကြောင်း သိရသည်။

KIA တပ်မဟာ (၃) လက်အောက် တပ်ရင်း ၁၅ ဂေါင်ရီကရုန် (Gauri Krung) ရှိ စခန်းများ ကို အစိုးရ ခမရ (၃၂၀) တပ်ဖွဲ့မှ အနည်းဆုံး လက်နက်ကြီး (၈) ကြိမ်ခန့် ပစ်ခတ်ခဲ့ကြောင်း သိရသည်။

ယခု ပစ်ခတ်မှုနှင့် ပတ်သက်ပြီး လိုင်ဇာ ဗဟိုဌာနချုပ်မှ တာဝန်ရှိသူ KIA ဒုဗိုလ်မှုးကြီး နော်ဘူ က “တပ်ရင်း ၁၅ ဘက် အစိုးရတပ်က လက်နက်ကြီးနဲ့ ပစ်ခတ်တာတော့ရှိတယ်။ ဒါပေမဲ့ ဒါက သူတို့ဘက်က စ ပစ်တာပါ။ ကျနော်တို့ ဘက်ကတော့ ပြန် မပစ်ခဲ့ဘူး” ဟု ကချင်သတင်းဌာန KNG ကို အတည်ပြု ပြောပါသည်။

အစိုးရတပ်သည် ယင်း KIA တပ်ရင်း (၁၅) အနီး KIA တပ်ရင်း ၁ သစ်စခန်း ၂ ခုကို ယခုလ ၁ ရက်နှင့် ၂ ရက်နေ့က တိုက်ခိုက်သိမ်းပိုက်ခဲ့ပါသည်။

Kachin News Group - Burmese
http://burmese.kachinnews.com

နိုင်ငံတော်သမ္မတ ဦးထင်ကျော်နှင့် နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်တို့၏ ပထမဆုံး ပြည်ပခရီးစဉ်ဖြစ်သည့် လာအိုနိုင်ငံမှ ပြန်လည်ရောက်ရှိ


(ဓာတ်ပုံ - မျိုးမင်းထက်)

နိုင်ငံတော်သမ္မတ ဦးထင်ကျော်နှင့် နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်တို့၏ ပထမဆုံး ပြည်ပခရီးစဉ်ဖြစ်သည့် လာအိုနိုင်ငံမှ ယနေ့ (မေ ၆ ရက်) ည ၆ နာရီခွဲခန့်တွင် နေပြည်တော်လေဆိပ်သို့ ပြန်လည်ရောက်ခဲ့သည်။

ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော် နိုင်ငံတော်သမ္မတ ဦးထင်ကျော်နှင့်ဇနီး ဒေါ်စုစုလွင်တို့သည် လာအိုပြည်သူ့ ဒီမိုကရက်တစ် သမ္မတနိုင်ငံ သမ္မတမစ္စတာဘွန်ညံဗိုရာချစ်နှင့် မစ္စစ်ခမ်မွမ်းဂ်ဗိုရာချစ်တို့၏ ဖိတ်ကြားချက်အရ ယနေ့ မေ ၆ရက် နံနက် ၇ နာရီတွင် နေပြည်တော်မှ လာအိုနိုင်ငံသို့ ချစ်ကြည်ရေးခရီး ထွက်ခွာခဲ့သည်။

နိုင်ငံတော်သမ္မတ ဦးထင်ကျော်၊ ဇနီးတို့နှင့်အတူ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်၊ နိုင်ငံခြားရေးဝန်ကြီးဌာန၊ သမ္မတရုံးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါ်အောင်ဆန်းစုကြည်၊ ပြန်ကြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာဖေမြင့်တို့လည်း လိုက်ပါသွားခဲ့ကြောင်း သတင်းရရှိသည်။

လာအိုနိုင်ငံမှ ပြန်လည်ရောက်ရှိသော နိုင်ငံတော်သမ္မတဦးထင်ကျော်၊ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်
 ဒေါ်အောင်ဆန်းစုကြည်တို့ အဖွဲ့အား ဒုတိယသမ္မတ ဦးမြင့်ဆွေနှင့် ဦးဟင်နရီ ဗန်ထီးယူ၊ တပ်မတော် ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်၊ နေပြည်တော် ကောင်စီဥက္ကဋ္ဌ ဒေါက်တာမျိုးအောင်နှင့် အခြားတာဝန်ရှိသူများက နေပြည်တော် လေဆိပ်သို့ လာရောက် ကြိုဆိုခဲ့ကြသည်။
 
Eleven Media Group

ဘတ်စ်ကားလိုင်းများ ရန်ပြုတိုက်ခိုက်ခံရမှုများလာသောကြောင့် ခရီးသွားပြည်သူများကြား စိုးရိမ်မှုမြင့်တက်လာ



ရန်ကုန်မြို့တော်၏ အစွန်အဖျား ဆင်ခြေဖုံးဒေသများတွင် ပြေးဆွဲနေသော မော်တော်ယာဉ်လိုင်းအချို့တွင် အုပ်စုဖွဲ့ရန်ပြုတိုက်ခိုက်၊ လုယက်မှုများ ဖြစ်ပွားမှုများလာသဖြင့် ခရီးသွားပြည်သူများကြား လုံခြုံမှုမရှိတော့ဘဲ စိုးရိမ်စိတ်များ မြင့်တက်လာကြောင်း သိရသည်။

လတ်တလော လူမှုကွန်ရက်စာမျက်နှာများတွင် ပျံ့နှံ့နေသည့် ၃၃ မီနီဘတ်စ်ယာဉ်လိုင်းပေါ်တွင် မိန်းကလေး တယောက်ကို ခါးပိုက်နှိုက် လေးယောက်ခန့်မှဝိုင်းပြီး ပိုက်ဆံအိတ်ကို ဓားဖြင့်ခွဲရာ ကားစပယ်ယာက မြင်တွေ့သွားပြီး သတိပေးလိုက်သဖြင့် ယာဉ်မောင်းနှင့် စပယ်ယာနှစ်ဦးကို ခါးပိုက်နှိုက်များက ဓားဖြင့်ထောက်၊ လက်သီးဖြင့် ၀ိုင်းဝန်းထိုးကြိတ်မှုဖြစ်ပွားခဲ့သည်။

''အဲဒီလို ဖြစ်စဉ်တွေရှိတယ်။ တလောက မြောက်ဒဂုံဘက်ကို ပြေးဆွဲနေတဲ့ မော်တော်ယာဉ်လိုင်းတခုက တိုင်စာတစောင် မထသ (ဗဟို) ကို တက်လာတယ်။ ဘယ်လိုတိုင်သလဲဆိုတော့ ခရီးသည် အမျိုးသမီးငယ်တဦးကို အဲဒီမော်တော်ယာဉ်လိုင်းက စပယ်ယာက ကားပေါ်ကနေ ရင်ဘတ်ကိုတွန်းပြီး အောက်ကိုဆင်းခိုင်းတယ်လို့ တိုင်လာတယ်။ အဲဒီဖြစ်စဉ်ကို စုံစမ်းကြည့်တဲ့အခါ ကောင်မလေးကို တွန်းချတာ အဲဒီယာဉ်လိုင်းက စပယ်ယာ မဟုတ်ဘူး။ အဲဒီမြောက်ဒဂုံတ၀ိုက်က လူခြောက်ယောက်၊ ခုနစ်ယောက်လောက် စုပြီး ကားပေါ်တက် ပိုက်ဆံတက်ကောက်တယ်။ ပြီးရင် နှစ်မှတ်တိုင်လောက်စီးပြီး ပြန်ဆင်းသွားတယ်။ လူအုပ်များတော့ စပယ်ယာနဲ့ ဒရိုင်ဘာကလည်း မပြောရဲဘူး။ အဲဒီလိုဖြစ်စဉ်တွေ အများကြီးရှိသေးတယ်။ ရဲကိုတိုင်မှ ရဲကသိမှာ။ ၂၀၁၅ နှစ်ကုန်ပိုင်းကဆို တောင်ပိုင်းခရိုင်၊ သန်လျင်ဂိတ်မှာ ဖြစ်တာ။ မထသဂိတ်ထဲက ဂိတ်မှူးကို ထွက်ခိုင်းပြီး လူအုပ်နဲ့ ခရီးသည်တင်ယာဉ်တွေဆီက ပိုက်ဆံခပ်တည်တည်နဲ့ ကောက်တယ်။ အဲဒီက ဖုန်းဆက်အကြောင်းကြားလာမှ ရဲတွေခေါ်သွားပြီး သွားဖမ်းခဲ့ရတဲ့ ဖြစ်စဉ်တွေရှိခဲ့တယ်။ ပြောရရင် ဒီလိုအုပ်စုဖွဲ့ မိုက်ကြေးခွဲရမ်းကားတာတွေကို မထသယာဉ်လိုင်းမှာပါ ဖြစ်နေတယ်ဆိုတာကိုပါ''ဟု မထသ(ဗဟို) ဥက္ကဋ္ဌ ဦးလှအောင်က News Watch သို့ ပြောသည်။

၂၀၁၅ ခုနှစ် နိုဝင်ဘာ ၂၁ ရက် ည ၉ နာရီခန့်အချိန်တွင် တာမွေအ၀ိုင်း မီးပွိုင့်ထိပ်၌ ၁၇၄ မော်တော်ယာဉ် လိုင်းမှ ဒရိုင်ဘာနှင့် စပယ်ယာတို့အား အိမ်စီးကားတစီးပေါ်မှ လူတစုက ဓာတ်ဆီဖြင့်လောင်း မီးရှို့တိုက်ခိုက်ခဲ့သည့်ဖြစ်စဉ်ကြောင့် ခရီးသည်တချို့ဒဏ်ရာရရှိမှုဖြစ်ပွားခဲ့ပြီး ပြစ်မှုကျူးလွန်သော တရားခံများကို ယနေ့ထိ ဖမ်းဆီးရမိခြင်းမရှိကြောင်း သိရသည်။

''ကျွန်မက သန်လျင်မှာနေတာ။ အလုပ်လုပ်တာက ပုဇွန်တောင်မှာ။ ပြန်ရင် ပန်းဆိုးတန်းကနေ သန်လျင် ကားစီးပြီး ပြန်ရတာ။ အဲဒီလို အုပ်စုဖွဲ့ပြီးလုပ်နေတာတွေကြားတော့ ညဥ့်နက်တဲ့အထိ မနေရဲဘူး။ မလုံခြုံသလိုပဲ''ဟု သန်လျင်မြို့၌ နေထိုင်သူ မသီတာထွေးက ပြောသည်။

အောင်သူရိန်
News Watch(စောင့်ကြည့်သတင်းဂျာနယ်)

တအာင်းတပ်နှင့် ရှမ်းတပ် တိုက်ပွဲကြောင့် ကျောက်မဲရွာသားများ ထွက်ပြေး

ရှမ်းပြည်မြောက်ပိုင်း ကျောက်မဲမြို့နယ်ထဲမှာ တီအန်အယ်လ်အေ တအာင်းတပ်နဲ့ အာရ်စီအက်စ်အက်စ် ရှမ်းတပ်တို့ကြား ဖြစ်ပွားတဲ့တိုက်ပွဲကြောင့် ဒေသခံရွာသားတွေ ထွက်ပြေးတိမ်းရှောင်နေကြပါတယ်။
ကျောက်မဲမြို့  အနောက်မြောက်ဘက်က ဟူးဆွန်ကျေးရွာအုပ်စုဘက်မှာ တိုက်ပွဲဖြစ်တာ ကြောင့် ဟူးဆွန်၊ ဟူးကွက်၊ ကိန်းလော၊ တွန့်ဟိုတ် စတဲ့ရွာက ရွာသားပေါင်း ၇၀ ကျော် ဒီကနေ့ မွန်းလွဲပိုင်းက ကျောက်မဲမြို့  တောင်နောဝ့် ကျောင်းတိုက်ကို ရောက်ရှိလာကြတယ်လို့ ကျောက်မဲ ရှမ်းတိုင်းရင်းသားများဒီမိုကရေစီအဖွဲ့ချုပ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးစိုင်းထွန်းအောင် က ဒီဗွီဘီကို ပြောပါတယ်။
“သူတို့ရွာဘက်မှာ တိုက်ပွဲဖြစ်လို့ မနေရဲတော့ဘူးဆိုပြီး ဖုန်းဆက်လာလို့  မြို့ထဲက ကား ပိုင်ရှင်တချို့တွေ အကူအညီတောင်းပြီး သွားကြိုလာခဲ့တယ်။ နေ့လယ် ၁၂ ခွဲ ၁ နာရီလောက်မှာ ကျောက်မဲဘိုးဘွားရိပ်သာနားက တောင်နောဝ့်ဘုန်းကြီးကျောင်းမှာ နေရာချထားပေးတယ်။  အကုန်လုံး လူ ၇၀ လောက်၊  ကလေးတွေရော၊ အဘိုးကြီးအဘွားကြီးတွေရော၊ အရွယ်စုံပေါ့။ ရှမ်းလူမျိုးလည်း ပါတယ်။ ပလောင်လူမျိုးလည်း ပါတယ်။ သူတို့ စားရေးသောက်ရေး အတွက်လည်း ကျောက်မဲမြို့ပေါ်က အလှူရှင်တွေကို ပြောထားပါတယ်။”
ဒါ့အပြင် ကျောက်မဲရဲ့ မြောက်ဘက် မိုင်းငေါ့မြို့နယ်ခွဲ ဘက်မှာလည်း တိုက်ပွဲတွေ ဖြစ်ပွားနေပြီး ပုန်းလုန်ကျေးရွာအုပ်စု မန့်ပေါက်ရွာသားပေါင်း ၇၀ – ၈၀ လောက်လည်း ထပ်မံရောက်လာဖို့ ရှိကြောင်း၊ လောလောဆယ် သူတို့ကို ကျောက်မဲကျားငါးကောင် ဆေးတိုက်ပိုင် ကားတွေနဲ့ သွားကြိုနေတယ်လို့  သူက ဆက်ပြောပါတယ်။
ငဲမ်းဆိုင်းကျေးရွာဘက်မှာတော့ ဒီကနေ့မနက် ၁၀ နာရီခွဲလောက်က စစ်ဘေးရှောင် မိန်းကလေး တဦး သေနတ်မှန်ပြီး သေဆုံးခဲ့တယ်လို့ ရွာသားတွေက ပြောကြောင်း၊  အတည်ပြုနိုင်ဖို့အတွက် ထပ်ပြီး စုံစမ်းမေးမြန်းနေဆဲပဲလို့ ဦးစိုင်းထွန်းအောင်က ပြောသွားပါတယ်။
အရင် ဦးသိန်းစိန်အစိုးရလက်ထက်က တနိုင်ငံလုံးအပစ်ခတ်ရပ် လက်မှတ်ထိုးထားတဲ့ အာရ်စီ အက်စ်အက်စ် ရှမ်းပြည်တပ်မတော်တောင်ပိုင်းအဖွဲ့နဲ့ အပစ်ခတ်ရပ်ရေး မဆွေးနွေးရသေးတဲ့ တီအန်အယ်လ်အေ တအာင်းတပ်တို့ဟာ ပြီးခဲ့တဲ့ ၂၀၁၅ နိုဝင်ဘာလကုန်ပိုင်းကစပြီး တိုက်ပွဲ တွေ ဖြစ်ပွားခဲ့ပါတယ်။
မနှစ် – နှစ်ကုန်ပိုင်းက တိုက်ပွဲကြောင့် ဒေသခံရွာသားပေါင်း တစ်သောင်းကျော် ကျောက်မဲမြို့ပေါ် နဲ့ အခြားဒေသကို ထွက်ပြေးခဲ့ရပြီး အခြေအနေအေးပြီအထင်နဲ့ ရွာဘက်ပြန်သွားကြပါတယ်။
သင်္ကြန်ကာလ တိုက်ပွဲတွေ ငြိမ်သက်နေရာက ဒီမေလဆန်းပိုင်းမှာ တိုက်ပွဲတွေ ခပ်စိပ်စိပ် ပြန်ဖြစ်နေတာပါ။
တိုက်ပွဲဖြစ်ရတာနဲ့ ပတ်သက်ပြီး ရှမ်းပြည်တပ်မတော်က  တီအန်အယ်လ်က သူတို့ကို စတိုက်လို့   သူတို့က ပြန်ပစ်တာဖြစ်ကြောင်း ထုတ်ပြန်ခဲ့သလို တီအန်အယ်လ်အေဘက်က လည်း   ရှမ်းပြည်တပ်မတော်ဟာ သူတို့ထိန်းချုပ်မြေထဲ ကျူးကျော်ဝင်ရောက်လာလို့ ပစ်ခတ်ရ တာဖြစ်ကြောင်း ထုတ်ပြန်ထားပါတယ်။
DVB

Thursday, May 5, 2016

နိုင်ငံတော် အတိုင်ပင်ခံ ပုဂ္ဂိုလ်ရုံး ဝန်ကြီးဌာန ဖွဲ့စည်းနိုင်ရေး ပြည်ထောင်စု လွှတ်တော်တွင် ဆွေးနွေးမည်


ဒုတိယ အကြိမ် ပြည်ထောင်စု လွှတ်တော်အစည်းအဝေး ကျင်းပနေစဉ် (ဆင်ဟွာ)
    နေပြည်တော်၊ မေ ၅ ရက် (ဆင်ဟွာ)

    ပြည်ထောင်စု သမ္မတ မြန်မာနိုင်ငံ၏ ၂၂ ခုမြောက် ဝန်ကြီးဌာန အဖြစ် နိုင်ငံတော် အတိုင်ပင်ခံ ပုဂ္ဂိုလ်ရုံး ဝန်ကြီးဌာန ဖွဲ့စည်းနိုင်ရေး ပြည်ထောင်စု လွှတ်တော်တွင် ဆွေးနွေးမည် ဖြစ်ကြောင်း ပြည်ထောင်စု လွှတ်တော် နာယက ဦးမန်းဝင်းခိုင်သန်းက ယနေ့ ကြေညာ လိုက်သည်။

အစိုးရသစ် ဖော်ဆောင်နေသော အမျိုးသား ရင်ကြားစေ့ရေး၊ ပြည်တွင်း ငြိမ်းချမ်းရေး၊ နိုင်ငံတော် ဖွံ့ဖြိုး တိုးတက်ရေးနှင့် တရားဥပဒေ စိုးမိုးရေး လုပ်ငန်းများ ပိုမိုအောင်မြင်စွာ ဆောင်ရွက်နိုင်ရေး အတွက် နိုင်ငံတော် အတိုင်ပင်ခံ ပုဂ္ဂိုလ်ရုံး ဝန်ကြီးဌာနကို ထပ်မံ ဖွဲ့စည်းရန် နိုင်ငံတော် သမ္မတ ဦးထင်ကျော်က သဘောထား ရယူပေးရန် ယနေ့ ပြည်ထောင်စု လွှတ်တော်တွင် သဝဏ်လွှာ ပေးပို့ခဲ့သည်။

လက်ရှိ အစိုးရသစ် လက်ထက်တွင် ဝန်ကြီးဌာန ၂၁ ခုကို ဖွဲ့စည်းထားပြီး ယခု နိုင်ငံတော် အတိုင်ပင်ခံ ပုဂ္ဂိုလ်ရုံး ဝန်ကြီးဌာန အမည်ဖြင့် ဝန်ကြီးဌာန အသစ်တစ်ခုကို ထပ်မံ ဖွဲ့စည်းမှုနှင့် ပတ်သက်ပြီး ဆွေးနွေးလိုသူများသည် မေလ ၉ ရက်၌ ပြည်ထောင်စု လွှတ်တော် ညွှန်ကြားရေးမှူးချုပ်ရုံးသို့  အမည်စာရင်း ပေးသွင်းရမည် ဖြစ်သည်။

လက်ရှိတွင် နိုင်ငံတော်၏ အတိုင်ပင်ခံ ဆိုင်ရာပုဂ္ဂိုလ် အဖြစ် ဒေါ်အောင်ဆန်းစုကြည်က တာဝန်ယူလျက် ရှိသည်။

ပြည်ထောင်စု လွှတ်တော် ဒုတိယအကြိမ် ပုံမှန်အစည်းအဝေး ၂၀ ရက်မြောက်နေ့ကို မေလ ၁၀ ရက်တွင် ပြန်လည် စတင်မည် ဖြစ်သည်။

(Xinhua)

ထိုင်း-မြန်မာနယ်စပ် ဒုက္ခသည်များ နေရပ်ပြန်ပို့ဖို့စီစဉ်နေ



ထိုင်း-မြန်မာနယ်စပ် ထိုင်းဘက်ခြမ်းမှာ တည်ရှိနေသော ဒုက္ခသည်စခန်းရှိ မြန်မာစစ်ပြေး ဒုက္ခသည်များကို နေရပ်ပြန်ပို့ဖို့  စီစဉ်နေပါပြီလို့ တတ်ခရိုင် ဒုအုပ်ချုပ်ရေးမှူးမစ်စတာစွတ်ဌာ ဆိုင်ဝါနစ်ကပြောသွားပါတယ်။

တတ်ခရိုင် ဖုတ်ဖရမြို့နယ် အွန်းပျန်းဒုက္ခသည်စခန်း၊ ထားဆောင်ယန်မြို့နယ် မယ်လဒုက္ခသည်စခန်းနှင့် အွန်းဖန်မြို့နယ် နုဖိုးဒုက္ခသည်စခန်း စသည့် နေထိုင်ကြသော စစ်ပြေးဒုက္ခသည်ပေါင်း ၁၀၀၀၀ နီးပါးရှိသည့်အနက် ၈၅ဦးမျှသာ တတိယနိုင်ငံသို့ ရွှေ့ပြောင်းနေထိုင်ဖို့ လျှောက်ထားအောင်မြင်သူများ နောက်ဆုံးအသုတ်ဖြစ်ပြီး ကျန်တဲ့အားလုံးကတော့ နေရပ်မြန်မာနိုင်ငံသို့ ပြန်လည်ပို့ဆောင်တော့မယ်လို့ ပြောသွားပါတယ်။

 လက်ရှိမြန်မာအစိုးရသစ်လည်း ဒုက္ခသည်ပြန်လည် နေရာချထားရေးပေါ်လစီချမှတ်ထားပြီဖြစ်ပြီး ဒုက္ခသည်ပြန်လာဖို့ လက်ကမ်းကြိုဆိုနေတယ်လို့ ထည့်သွင်းပြောသွားပါတယ်။

 မကြာမီမှာလည်း ထိုင်း မြန်မာနှင့် ကုလသမဂ္ဂဒုက္ခသည်ဆိုင်ရာ မဟာမင်းကြီးUNHCRအဖွဲ့တို့ သုံးပွင့်ဆိုင်ဆွေးနွေးပြီး ဒုက္ခသည်စခန်း ၃ခုရှိဒုက္ခသည်တွေကို နေရပ်ပြန်ပို့ရန် Road Map ရေးဆွဲထားမှာဖြစ်ပြီး ဒုက္ခသည်အားလုံး မြန်မာဘက်ခြမ်းသို့ ပြောင်းရွှေ့နေထိုင်ခဲ့သော်လည်းပဲ အစပိုင်းမှာ UNHCR မှ ဆက်လက်ကူညီစောင့်ရှောက်သွားရဦးမယ်လို့လည်း သိရပါတယ်ခင်ဗျား။ မြန်မာအစိုးရသစ်ဘက်ကတော့ ဒုက္ခသည်များပြန်လည်နေရာချထားရေးအတွက် နေရာတွေစီစဉ်ပေးနေပါပြီလို့ပြောပါတယ်။

MTF Channel

Wednesday, May 4, 2016

မလေးရှားသွားရန် ပွဲစားက အခကြေးငွေယူပြီး တောထဲပစ်ထားခံရသူ မြန်မာ ၈ ဦး ဖမ်းဆီးခံရ

ဓာတ်ပုံ - thairath.co.th

ထိုင်းတောင်ပိုင်း ဆုန်ခလာခရိုင်ရှိ တောအုပ်ထဲမှာ မလေးရှားသွားဖို့ ပွဲစားက အခကြေးငွေယူပြီး လာပစ်ထားတဲ့ မြန်မာနိုင်ငံသား ၈ ဦးကို ထိုင်းအာဏာပိုင်တွေက ဖမ်းဆီးလိုက်တယ်လို့ ထိုင်းရတ်သတင်းမှာ ဖော်ပြပါတယ်။
မလေးရှားနယ်စပ်နဲ့ ၁ ကီလိုသာကွာဝေးတဲ့ ဆဒေါဝ်းမြို့နယ် ဆမ်နတ်ခမ်ကျေးရွာ အုပ်စုထဲမှာ အထုတ်အပိုးတွေနဲ့ လူတစ်စု ပုန်းအောင်းနေကြောင်း ရာဘာခြစ်အလုပ်သမား တွေက လာရောက်အကြောင်းကြားတဲ့အတွက် ကျေးရွာအုပ်ချုပ်ရေးမှူး၊ နယ်မြေခံစစ်တပ်၊ နယ်ခြားစောင့်ရဲတပ်ဖွဲ့တွေနဲ့အတူ သွားရောက်စစ်ဆေးရာမှာ ထိုင်းနိုင်ငံတွင်း တရားမ၀င် ၀င်ရောက်လာတဲ့ မြန်မာ ၈ ဦးကို ဖမ်းဆီးခဲ့တာလို့ လက်ထောက်မြို့နယ်မှူး နိုင်းနဖွန်း ဖာဟုမန်တိုက သတင်းထောက်တွေကို ပြောပါတယ်။
အဆိုပါ ၈ ဦးမှာ အမျိုးသား ၆ ဦးနဲ့ အမျိုးသမီး ၂ ဦးတို့ဖြစ်ကြပြီး ကန်ချနဘူရီခရိုင် ဘုရားသုံးဆူဘက်ကနေ ပွဲစားနဲ့တဆင့် ၀င်ရောက်လာကြကာ ပွဲခအဖြစ် တဦးကို ဘတ် ၁၂၀၀၀ (တသောင်းနှစ်ေထာင်) ပေးခဲ့ရပြီး မလေးရှားကို ရောက်ရင် နောက်ထပ် ဘတ် ၅ ထောင်ပေးရမှာလို့ ဆိုပါတယ်။
သူတို့ဟာ အဲဒီနေရာကို မေလ ၂ ရက်နေ့ ညနေပိုင်းက ရောက်လာကြပြီး မလေးရှား ဆက်ပို့မယ့် ပွဲစားကိုစောင့်နေကြောင်း၊ ဒါပေမယ့် ပွဲစားက ပေါ်မလာဘဲ ခုလိုအဖမ်းခံရတာလို့  စကားပြန်မှတဆင့် တာဝန်ရှိသူတွေကို ပြောခဲ့ပါတယ်။
အဲဒီနေရာဟာ မလေးရှားနယ်စပ်နဲ့  သိပ်မဝေးတော့ပေမယ့်လည်း မလေးရှားအစိုးရက နယ်ခြားစည်းရိုးကို အခိုင်အမာကာရံထားတဲ့အပြင် မလေးရှားစစ်သားတွေနဲ့  ၂၄ နာရီ လုံခြုံရေး အစောင့်ချထားတဲ့အတွက် ၀င်ရောက်ဖို့ လုံးဝမလွယ်ကူကြောင်း၊ ပွဲစားက ငွေယူပြီး သူတို့ကို လာပစ်ထားတာဖြစ်နိုင်ကြောင်း ဒုမြို့နယ်မှူးက သုံးသပ်ပြောဆိုပါတယ်။
တရားမ၀င် ၀င်ရောက်လာသူ မြန်မာနိုင်ငံသား ၈ ဦးကို ဆဒေါဝ်းမြို့နယ်ရဲစခန်းသို့ ခေါ်ဆောင်ခဲ့ပြီး လ၀ကဥပဒေအရ အရေးယူပြီးရင် မိခင်နိုင်ငံပြန်ပို့မယ်လို့  မြို့နယ်အာဏာပိုင်က ပြော သွားပါတယ်။
DVB

နောက်ထပ်ဝန်ကြီးဌာန တစ်ခုတိုးမည်


မကွေးတိုင်းဒေသကြီး အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဦးပြူးလွင်ကို မတ်လ ၂ ရက်နေ့က တွေ့ရစဉ်။ Photo: Myo Thant Khaing/ RFA
နိုင်ငံတော်သမ္မတ ဦးထင်ကျော် က ဝန်ကြီးဌာနအသစ်တစ်ခု ထပ်တိုးဖွဲ့စည်းဖို့အတွက် မနက်ဖြန် မေလ ၅ ရက်နေ့မှာ ပြည်ထောင်စုလွှတ်တော်ထံ တင်ပြပြီး လွှတ်တော်ရဲ့အဆုံးအဖြတ်ကို တောင်းခံမှာဖြစ်ပါတယ်။

လွှတ်တော်ကိုယ်စားလှယ်တွေကို ဖြန့်ဝေထားတဲ့ အစည်းအဝေးအစီအစဉ်မှာ ဝန်ကြီးဌာနအသစ် တစ်ခုဖွဲ့စည်းမယ်လို့သာပါရှိပြီး ဖွဲ့စည်းမယ့်ဝန်ကြီးဌာနရဲ့ အမည်ကိုဖော်ပြထားတာမရှိဘူးလို့ မကွေးတိုင်းဒေသကြီး အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဦးပြူးလွင်က ပြောပါတယ်။

အသစ်ထပ်တိုးဖွဲ့စည်းမယ့် ဝန်ကြီးဌာနဟာ ဒေါ်အောင်ဆန်းစုကြည် ဆောင်ရွက်နေတဲ့ နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ်တာဝန်အတွက် နိုင်ငံတော်အတိုင်ပင်ခံ ပုဂ္ဂိုလ်ရုံးဝန်ကြီးဌာနဖြစ်နိုင်တယ်ဆိုပြီးလည်း သတင်းတွေထွက်နေပါတယ်။

မနက်ဖြန်ကျင်းပမယ့် ပြည်ထောင်စုလွှတ်တော်မှာ ဝန်ကြီးဌာနအသစ်တစ်ခု ထပ်တိုးဖွဲ့စည်းတာအပြင် ခန့်အပ်ပြီးဖြစ်တဲ့ ရာထူးဝန်အဖွဲ့ဝင်တွေ၊ နေပြည်တော်ကောင်စီအဖွဲ့ဝင်တွေ၊ ဒုဝန်ကြီးတွေ၊ ကိုယ်ပိုင် အုပ်ချုပ်ခွင့်ရဒေသဥက္ကဌတွေရဲ့ အမည်စာရင်းတွေကို လွှတ်တော်ရဲ့ အတည်ပြုချက်ရယူသွားမှာ ဖြစ်ပါတယ်။

လက်ရှိမှာ နိုင်ငံတော်သမ္မတဦးထင်ကျော်ဟာ ဝန်ကြီးဌာန ၂၁ ခု အတွက် ဝန်ကြီး အယောက်၂၀ နဲ့ ဒုဝန်ကြီး ၅ ဦး ခန့်အပ်ထားပြီးဖြစ်ပါတယ်။

RFA Burmese

နိုင်ငံရေးအကြပ်အတည်းဖြစ်အောင် ပုံဖေါ်နေကြောင်းပြော

ဒုတိယဗိုလ်ချုပ်ကြီးစိန်ဝင်း အမျိုးသားလွှတ်တော်မှာ မေလ ၄ ရက်နေ့က အရေးကြီးအဆို တင်သွင်းနေစဉ်။ Photo: RFA
AA လက်နက်ကိုင်အဖွဲ့ဟာ ၂၀၁၅ ခုနှစ်က စတင်တိုက်ခိုက်ခဲ့တာဖြစ်ပြီး အခုသမ္မတကြီး ဦးထင်ကျော် လက်ထက်မှာ ဆန္ဒဖေါ်ထုတ်ခြင်း ၊ အရေးကြီးအဆိုတင်သွင်းခြင်းတို့ဟာ နိုင်ငံရေး အကြပ်အတည်း ဖြစ်ပေါ်အောင် ပုံဖေါ်ဖန်တီးရာ ရောက်နေကြောင်း ကာကွယ်ရေးဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီး စိန်ဝင်းက ပြောပါတယ်။

အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဦးဝေစိန်အောင်က AA အဖွဲ့နဲ့ အစိုးရ တပ်မတော်တို့ ဖြစ်နေတဲ့ တိုက်ပွဲတွေ အမြန်ဆုံးရပ်စဲပြီး နိုင်ငံရေးဆွေးနွေးပွဲကို ဖိတ်ခေါ်ဖို့ အမျိုးသားလွှတ်တော်မှာ အရေးကြီး အဆိုတင်ထားတဲ့အပေါ် ဒီကနေ့ ဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီးစိန်ဝင်းက ဆွေးနွေးခဲ့တာဖြစ်ပါတယ်။

ဒီမိုကရေစီစနစ်ကို လစ်လျူရှုပြီး နိုင်ငံတော်ကို လက်နက်ကိုင်တိုက်နေတဲ့ အဖွဲ့အစည်းမျိုးကို လွှတ်တော်ကိုယ်စားလှယ်တွေ အနေနဲ့ အသိအမှတ် ပြုနေမယ် ဆိုရင် ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်ရဲ့ အနာဂတ်အရေးဟာ ရင်လေးဖွယ်ရာ အခြေအနေ ဖြစ်လာနိုင်ပါတယ်လို့လည်း ကာကွယ်ရေး ၀န်ကြီးက ပြောပါတယ်။

တပ်မတော်သားကိုယ်စားလှယ်တွေကလည်း ရခိုင်ပြည်နယ်မှာ တကြော့ပြန် ဖြစ်နေတဲ့ တိုက်ပွဲတွေဟာ အစိုးရတပ်မတော်က စတင်တိုက်ခိုက်တာ မဟုတ်ကြောင်းနဲ့ တိုက်ပွဲတွေ ရပ်စဲရေးဟာ တပ်မတော်အပေါ်မှာ မူတည်တာ မဟုတ်ဘဲ AA အဖွဲ့အပေါ်မှာ မူတည်ကြောင်း ဆွေးနွေးကြပါတယ်။

အဲဒီအရေးကြီးအဆိုကို တပ်မတော်သားကိုယ်စားလှယ် ၃ ဦးနဲ့ အန်အယ်လ်ဒီပါတီ ကိုယ်စားလှယ် ၁ ဦးက ဆွေးနွေးခဲ့ကြပြီး အဆိုကို မှတ်တမ်းတင်ဖို့ သင့်၊ မသင့်ကို လျှို့ဝှက်မဲခွဲဆုံးဖြတ်ရာ ထောက်ခံသူများတာကြောင့် အဆိုကို မှတ်တမ်းတင်လိုက်ပါတယ်။

RFA Burmese

ရန်ကုန်ပြည်သူ့ဆေးရုံအနီးရှိ ကျန်းမာရေးဝန်ကြီးဌာနပိုင်မြေပေါ်တွင် နိုင်ငံခြားမှ ပုဂ္ဂလိကဆေးရုံဆောက်ခြင်း လုပ်ငန်း ရပ်ဆိုင်းပေးရန် အစိုးရအား တိုက်တွန်း



နေပြည်တော်၊ မေ ၎

ရန်ကုန်မြို့၊ ဗိုလ်ချုပ်အောင်ဆန်းလမ်းနှင့် ပြည်လမ်းထောင့်ရှိ ကျန်းမာရေးဝန်ကြီးဌာန ပိုင်မြေပေါ်တွင် ပုဂ္ဂလိက ဆေးရုံတည်ဆောက်ခြင်းလုပ်ငန်း ရပ်ဆိုင်းပေးရန် ပြည်ထောင်စု အစိုးရအား တိုက်တွန်းကြောင်းအဆို တစ်ရပ်ကို ရေကြည်မြို့နယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဒေါက်တာစံရွှေဝင်းက တင်သွင်းခဲ့သည်။

“ယင်းမြေနေအား ပုဂ္ဂလိကဆေးရုံတည်ဆောက်ရန် ခွင့်ပြုဌားရမ်းခဲ့ခြင်းနှင့် ရင်းနှီးမြှပ်နှံမှုကို ခွင့်ပြုခဲ့သော ပြည်ထောင်စုအစိုးရနှင့် မြန်မာနှိုင်ငံ ရင်းနှီးမြှပ်နှံမှုကော်မရှင် တို့၏ ဆောင်ရွက်ချက်များဟာ ပွင့်လင်းမြင်သာမှု အား နည်းခြင်း၊ ကျိုးကြောင်းစီလျှော်မှု မရှိခြင်း၊ အများပြည်သူအကျိုး ဖော်ဆောင်ခြင်းမရှိတဲ့အတွက် ရပ်ဆိုင်းသင့်ပါ ကြောင်း တင်ပြအပ်ပါတယ်” ဟု အဆိုရှင်က ပြည်သူ့လွှတ်တော်သို့ တင်ပြသည်။

မြေဧရိယာ ၄ ဒသမ ၃ ဧကရှိသည့် ယင်းမြေနေရာသည် ကျန်းမာရေးဝန်ကြီး ဌာနပိုင် မြေဖြစ်ပြီး ရန်ကုန်ပြည်သူ့ ဆေးရုံကြီးနှင့် သူနာပြု သင်တန်းကျောင်းအနီးတွင် တည်ရှိကာ ရန်ကုန်မြို့၏ အချက်အခြာကျသည့် နေရာတစ်ခု အပါအဝင်ဖြစ်သည့်အတွက် ရင်းနှီးမြှပ်နှံလိုသည့် လုပ်ငန်းရှင်တို့ အကြိမ်ကြိမ်ဌားရမ်းခဲ့သော်လည်း ခေတ်အ ဆက်ဆက် အစိုးရများက ဌားရမ်းခွင့်မရှိသည့် မြေအမျိုးအစားဖြစ် သတ်မှတ်ထားသော နေရာ ဖြစ်ကြောင်း လည်း အဆိုရှင်က ပြောသည်။

“ ၄ ဒသမ ၃ ဧကရှိတဲ့မြေနေရာဟာကျန်းမာရေးဝန်ကြီးဌာနပိုင်မြေဖြစ်ပြီး ရန်ကုန်ပြည်သူ့ဆေးရုံကြီး အနီး မှာတည်ရှိတာဖြစ်ပါတယ်၊ ရန်ကုန်ဆေးရုံကြီး တိုးချဲ့လျှင်လည်း လျာထားမြေနေရာဖြစ်ပါတယ်”ဟု ၄င်းကဆို သည်။

ယခင်အစိုးရလက်ထက်တွင် ရန်ကုန်ပြည်သူ့ဆေးရုံကြီးအား ကျန်းမာရေးဝန်ထမ်း ၁၇၇၆ ဦး ကုတင် ၁၅၀၀ ဆံ့ နှင့် မလုံလောက်သည့်အတွက် ဝန်ထမ်း ၃၀၅၇ ဦး၊ ကုတင်၂၀၀၀ ဆံ့ဆေးရုံကြီး အဖြစ် တိုးမြှင့်ခဲ့သော်လည်း လုံလောက်ခြင်းမရှိ၍ အထပ်မြင့် အဆောက်အဦး တိုးချဲ့ဆောက်လုပ်ခဲ့သည်။

ယင်းမြေနေရာအား ယခင်အစိုးရလက်ထက် သက်တမ်းကုန်ခါနီး ရက်ပိုင်းအလိုတွင် ဌားရမ်းခဲ့ပြီး ထိုကဲ့သိှု့ဌား ရမ်းမှုအား ပွင့်လင်းမြင်သာမှုမရှိခြင်းကြောင့် ပုလဲ မဲဆန္ဒနယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဒေါ်ခင်စန်းလှိုင် က ပြည်သူ့လွှတ်တော်တွင် အရေးကြီးအဆိုတစ်ရပ် တင်သွင်းခဲ့သည်။

ရန်ကုန်မြို့၊ ဗိုလ်ချုပ်အောင်ဆန်းလမ်းနှင့် ပြည်လမ်းထောင့်ရှိ ကျန်းမာရေးဝန်ကြီးဌာနပိုင်မြေ ၄ ဒသမ ၃ ဧက ပေါ်တွင် ပုဂ္ဂလိကဆေးရုံတည်ဆောက်ခြင်းလုပ်ငန်း ရပ်ဆိုင်းရေး အဆို အား ပြည်သူ့လွှတ်တော်တွင် လက်ခံ ဆွေးနွေးရန်သင့် မသင့် လွှတ်တော်၏ သဘောထားရယူရာ ကန့်ကွက်သူမရှိသည့်အတွက် ယင်းအဆိုအား ဆွေးနွေးရန် ပြည်သူ့ လွှတ်တော် ဥက္ကဌ ဦးဝင်းမြင့်က အတည်ပြုခဲ့သည်။

ကိုပေါက်

The Ladies News

မုန်းဝန်း လူမျိုးအမည် အမျိုးမျိုး ကွဲပြားနေသော်လည်း တိုင်းရင်းသား လူမျိုး တစ်မျိုးအဖြစ် တရားဝင် အတည်ပြုပေးခဲ့ခြင်း မရှိကြောင်း အလုပ်သမား၊ လူဝင်မှု ကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား ၀န်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ပြောကြား



မုန်းဝန်း လူမျိုးအမည် အမျိုးမျိုး ကွဲပြားနေသဖြင့် တစ်ပြေးညီ ဖြစ်စေရန် ကာယကံရှင် တစ်ဦးချင်းက ဆန္ဒပြုလာပါက (မုန်းဝန်း) ဗမာဟု ရေးသွင်းပေးသွားရန် ခွင့်ပြုခဲ့ခြင်းသာဖြစ်ပြီး တိုင်းရင်းသားလူမျိုး တစ်မျိုးအဖြစ် တရားဝင် အတည်ပြုပေးခဲ့ခြင်း မရှိကြောင်း အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား ၀န်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးသိန်းဆွေက မေ ၄ ရက်တွင် ပြောကြားသည်။

ရှမ်းပြည်နယ် သီပေါမဲဆန္ဒနယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးစိုင်းသန့်ဇင်၏ ရှမ်းပြည်နယ်မြောက်ပိုင်း တာမိုးညဲဒေသနေ ပြည်သူအချို့အား သက်ဆိုင်ရာက မုန်းဝန်း (တရုတ်) လူမျိုးမှ မုန်းဝန်း (ဗမာ) တိုင်းရင်းသား လူမျိုးတစ်မျိုးအဖြစ် တရားဝင် အတည်ပြုပေးကြောင်း သိရပါသဖြင့် မည်သည့် အကြောင်းများကြောင့် တရားဝင် အတည်ပြုပေးခဲ့ပါသနည်း၊ မြန်မာနိုင်ငံတွင် နေထိုင်ကြသော လူမျိုး တစ်မျိုးမျိုးက တိုင်းရင်းသား လူမျိုးတစ်မျိုးအဖြစ် အမည်ပြောင်းလဲ သတ်မှတ်လိုပါက ဆောင်ရွက်ပေးနိုင်ခြင်း၊ ရှိ၊ မရှိ၊ ရှိပါက မည်သည့် အကြောင်းချက်များဖြင့် သတ်မှတ်ဆောင်ရွက် အတည်ပြုပေးနိုင် ပါမည်နည်း၊ လူမျိုးအမည် သတ်မှတ်ခြင်းနှင့် ပတ်သက်၍ နိုင်ငံတော် အစိုးရက မည်ကဲ့သို့ မူဝါဒချမှတ် ဆောင်ရွက်ထားပါသနည်း၊ မည်သည့် ဥပဒေ၊ လုပ်ထုံးလုပ်နည်းများဖြင့် သတ်မှတ်ဆောင်ရွက် ပေးနိုင်သည်တို့ကို သိလိုကြောင်း ပြည်သူ့လွှတ်တော်တွင် မေးခွန်း မေးမြန်းမှုအပေါ် ပြည်ထောင်စုဝန်ကြီးက ထိုသို့ဖြေကြားခြင်းဖြစ်သည်။

မုန်းဝန်း လူမျိုးများသည် မြန်မာနိုင်ငံတွင် အစဉ်အဆက် အခြေစိုက် နေထိုင်ခဲ့ကြသူများ ဖြစ်သည်နှင့်အညီ ၁၉၄၉ ခုနှစ် ပြည်ထောင်စု မြန်မာနိုင်ငံအတွင်း နေထိုင်သူများ မှတ်ပုံတင်ရေး အက်ဥပဒေနှင့် ၁၉၅၁ ခုနှစ် ပြည်ထောင်စု မြန်မာနိုင်ငံအတွင်း နေထိုင်သူများ မှတ်ပုံတင်ရေး နည်းဥပဒေများအရ အမျိုးသား မှတ်ပုံတင် ကိုင်ဆောင်ခဲ့ကြသူများ ဖြစ်ကြောင်း၊ ၁၉၈၉ ခုနှစ်မှစ၍ မုန်းဝန်း လူမျိုးများအား မြန်မာနိုင်ငံသား ဥပဒေနှင့် အညီ စိစစ်၍ နိုင်ငံသား စိစစ်ရေး ကတ်ပြားများ စတင် ဆောင်ရွက်ပေးခဲ့ရာ နိုင်ငံသား စိစစ်ရေး ကတ်ပြားတွင် လူမျိုးအမည် ရေးသား ဖော်ပြရာ၌ လုပ်ထုံးလုပ်နည်းအရ ကာယကံရှင်၏ တရားဝင် ပြောဆိုချက်ကိုသာ အခြေခံ၍ ရေးခဲ့ရကြောင်း ပြည်ထောင်စုဝန်ကြီး ဦးသိန်းဆွေက ပြောကြားသည်။

ထို့ပြင် ထိုစဉ်က ကာယကံရှင် တစ်ဦးချင်း၏ အသီးသီး ပြောဆိုချက်အရ နိုင်ငံသား စိစစ်ရေး ကတ်ပြားပေါ်တွင် လူမျိုးအမည် ရေးသွင်းရာ၌ တရုတ်မုန်းဝန်း၊ မုန်းဝန်းတရုတ်၊ မုန်းဝန်းဗမာ၊ မုန်းဝန်း၊ ဗမာ (မုန်းဝန်း)၊ မုန်းဝန်း+တရုတ်၊ မုန်းဝန်း+ကိုးကန့်၊ မုန်းဝန်း+(တိုင်းရင်းသား)ဟူ၍ ရေးသွင်းခဲ့သည်ကို တွေ့ရှိရကြောင်း ၎င်းက ပြောကြားသည်။

မုန်းဝန်း လူမျိုးများ၏ ခေတ်အဆက်ဆက်တွင် နိုင်ငံတော်၏ အကျိုးအတွက် ပါဝင် ပူးပေါင်း ဆောင်ရွက်ခဲ့မှုများအား အသိအမှတ်ပြုသည့် အနေဖြင့် လည်းကောင်း၊ မုန်းဝန်းလူမျိုးများ ကိုင်ဆောင်ထားသော နိုင်ငံသား စိစစ်ရေး ကတ်ပြားများတွင် လူမျိုးအမည်အား အမျိုးမျိုးရေးသွင်း ဖော်ပြထားမှုအပေါ် တစ်ပြေးညီ ဖြစ်စေရန် အတွက် လည်းကောင်း၊ ရှမ်းပြည်နယ် (မြောက်ပိုင်း)၊ တာမိုးညဲဒေသ (မုန်းဝန်း) ဗမာတိုင်းရင်းသား ယဉ်ကျေးမှု အဖွဲ့က ဒေသခံပြည်သူများ၏ ကိုယ်စား တင်ပြလာမှု အပေါ်တွင် မုန်းဝန်းလူမျိုးများအား (မုန်းဝန်း) ဗမာဟု သတ်မှတ်ပေးရန်နှင့် ကွဲပြားနေသော နိုင်ငံသား စိစစ်ရေး ကတ်ပြားများကို ကာယကံရှင်၏ တင်ပြချက်အရ ပြန်လည် အစားထိုး လဲလှယ်ခွင့်ပြုရန် ဥပဒေနှင့်အညီ ပြည်ထောင်စုအစိုးရအဖွဲ့၏ ဆုံးဖြတ်ချက်များအရ မိမိ ၀န်ကြီးဌာနမှ နိုင်ငံသား စိစစ်ရေး ကတ်ပြားများပေါ်တွင် (မုန်းဝန်း)ဗမာဟု ပြင်ဆင်ရေးသွင်းပေးရန် ဆောင်ရွက်ခြင်းဖြစ်ကြောင်း ပြည်ထောင်စုဝန်ကြီး ဦးသိန်းဆွေက ပြောကြားသည်။

“နိုင်ငံသား စိစစ်ရေး ကတ်ပြားပေါ်တွင် ရေးသွင်းပေးရသည့် အချက်အလက်များသည် ကာယကံရှင်အတွက် ခိုင်မာသည့် အထောက်အထား ဖြစ်စေရန် လူမျိုးရေးသွင်းနည်းဆိုင်ရာ လုပ်ထုံးလုပ်နည်းများနှင့် ညွှန်ကြားချက်အရ ရေးသွင်းခံရသူ ကာယကံရှင်၏ တရားဝင် ပြောဆိုချက်ကိုသာ အခြေခံ ရေးသွင်းရခြင်း ဖြစ်ပါတယ်။ နိုင်ငံသား စိစစ်ရေး ကတ်ပြားတွင် ရေးသွင်းချက်များသည် ဆောင်ရွက်ခဲ့ရသည့် ကာလ၊ ဒေသ၊ အခြေအနေအရ အထက်ပါအတိုင်း အမျိုးမျိုး ကွဲပြားနေသဖြင့် တစ်ပြေးညီ အဆင်ပြေစေရန်အတွက် ကာယကံရှင် တစ်ဦးချင်းစီက ဆန္ဒပြုလာပါက (မုန်းဝန်း) ဗမာဟု ရေးသွင်းပေးသွားရန် ခွင့်ပြုခဲ့ခြင်းသာဖြစ်ပြီး တိုင်းရင်းသား လူမျိုး တစ်မျိုးအဖြစ် တရားဝင် အတည်ပြုပေးခဲ့ခြင်း မရှိကြောင်း ဖြေကြားအပ်ပါတယ်” ဟု ပြည်ထောင်စုဝန်ကြီး ဦးသိန်းဆွေက ပြောကြားသည်။

ထို့ပြင် မြန်မာနိုင်ငံအတွင်း နေထိုင်ကြသော လူမျိုး တစ်မျိုးမျိုးက တိုင်းရင်းသား လူမျိုး တစ်မျိုးမျိုးအဖြစ် အမည်ပြောင်းလဲ သတ်မှတ်လိုပါက ဆောင်ရွက်ပေးနိုင်ခြင်း ရှိ၊ မရှိနှင့် ပတ်သက်၍ မြန်မာနိုင်ငံအတွင်း နေထိုင်ကြသော လူမျိုး တစ်မျိုးမျိုးက တိုင်းရင်းသား လူမျိုး တစ်မျိုးမျိုးအဖြစ် အမည်ပြောင်းလဲ သတ်မှတ်ခြင်းကို တည်ဆဲဥပဒေအရ မိမိဝန်ကြီးဌာန တစ်ခုတည်း၏ ဆုံးဖြတ်ချက်ဖြင့် ဆောင်ရွက်ပေးနိုင်ခြင်း မရှိကြောင်းနှင့် လူမျိုးအမည် သတ်မှတ်ခြင်းနှင့် ပတ်သက်၍ ၁၉၈၂ ခုနှစ်၊ မြန်မာနိုင်ငံသား ဥပဒေ အခန်း (၂) နိုင်ငံသားဖြစ်ခြင်း ခေါင်းစဉ်ပါ ပုဒ်မများတွင် ဖော်ပြထားသည့်အတိုင်း ဥပဒေနှင့် အညီသာ ဆောင်ရွက်လျက်ရှိကြောင်း ပြည်ထောင်စုဝန်ကြီး ဦးသိန်းဆွေက ပြောကြားသည်။

ကျော်ဇင်ဝင်း၊ မျိုးမင်းထက်
EMG

ခရစ်ယာန်ဘုရားကျောင်းအတွင်း စေတီတည်မှု ပြည်နယ်အစိုးရ စစ်ဆေး


ကွမ်းတောကျေးရွာတွင် တည်ထားသောစေတီ (Photo- မြိုင်ကြီးငူ ဆရာတော် သာသနာပြုလုပ်ငန်း Facebook)
ကရင်ပြည်နယ် လှိုင်းဘွဲ့မြို့နယ် ကွမ်းတောကျေးရွာရှိ အင်္ဂလိကန် ခရစ်ယာန်ဘုရားကျောင်းဝင်းအတွင်းမှာ မြိုင်ကြီးငူဆရာတော်က ဒီရက်ပိုင်းအတွင်း ဒုတိယမြောက်စေတဆူကို ထပ်မံတည်ထားလိုက်ပြီး သိမ်ကျောင်းဆောက်လုပ်ဖို့အတွက်လည်း ပြင်ဆင်နေပါတယ်။ လောလောဆည်မှာ ကရင်ပြည်နယ်ဝန်ကြီးချုပ်က အခြေအနေတွေကို သွားရောက်စစ်ဆေး စုံစမ်းနေပြီး သာသနာရေးနဲ့ ယဉ်ကျေးမှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးကတော့ အချိန်ယူဖြေရှင်းဖို့ ပြောဆိုထားပါတယ်။ ဒီသတင်းကိုတော့ ဗွီအိုအေမြန်မာပိုင်းရဲ့သတင်းထောက် ကိုမိုးဇော်က တင်ပြထားပါတယ်။

လှိုင်းဘွဲ့မြို့နယ်၊ ကွမ်းတောကျေးရွာရှိ ဘုရားကျောင်းမှာ ပြီးခဲ့တဲ့ ဧပြီလနောက်ဆုံးပတ်အတွင်းက စေတီတဆူကို မြိုင်ကြီးငူဆရာတော်က တည်ခဲ့ပြီး အင်္ဂါနေ့ကတော့ နောက်ထပ်စေတီတဆူ ထပ်မံ တည်ထားခဲ့တာဖြစ်ပါတယ်။

လက်ရှိကွမ်းတောရွာက အခြေအနေကို အင်္ဂလိကန်အသင်းတော် ဖားအံသာသနာပိုင်နယ်ရဲ့ အထွေထွေအတွင်းရေးမှုး နော်ဆာဝါးက အခုလို ပြောပါတယ်။

“စေတီကတော့ မနေ့ညနေ ၃ နာရီခွဲက တည်ပြီးသွားပါပြီ။ ဒါပေမယ့် ထီးတော့ မတည်ရသေးပါဘူးရှင့်။ အင်္ဂလိကန်ဘုရားကျောင်းပါ၊ ဘုရားကြောင်းနာမည်က ရှင်မာကု။”

ပထမ စေတီတဆူ တည်ပြီးတဲ့နောက်မှာ သက်ဆိုင်ရာကို အသိပေး တင်ပြထားတယ်လို့လည်း နော်ဆာဝါးက ပြောပါတယ်။

“ကျမတို့က သက်ဆိုင်ရာ မြို့နယ်ပြည်နယ်၊ အုပ်ချုပ်ရေးမှူးရော၊ သာသနာ ရေးဘက်မှာရော ၊ နောက်ပြီးတော့ သံဃာ့နာယက ဘက်မှာရော အဲဒါကို ကျမတို့ စာတင်ထားတာရှိပါတယ်။ နောက်တခုကတော့ ကျမတို့ ပြည်ထောင်စု ၀န်ကြီးအထိကို ကျမတို့ စာတင်ထားတာလည်းရှိတယ်ပေါ့နော်။ နောက်တခုကတော့ သာသနာမူရုံးဆိုတာ ရန်ကုန်မြို့မှာရှိတယ်ပေါ့နော်။ သာသနာမှုရုံးက သာသနာပိုင်ကြီးများအနေပြီးတော့လည်းပဲ မေတ္တာရပ်ခံစာနဲ့ ဒီအခြေအနေတွေမှာ တင်ပြတဲ့စာတဆောင်လည်းပဲ သမ္မတရုံးကို ကျမတို့ စာတင်ထားတာလည်းရှိပါတယ်။”

ဒီလို တင်ပြပြီးတဲ့နောက်မှာ ပြည်နယ်အစိုးရက တာဝန်ရှိသူတွေ ကွမ်းတောရွာကို လာရောက်ကြည့်ရှုစစ်ဆေးခဲ့ သလို ဒီကနေ့ နေ့ခင်း မှာလည်း ပြည်နယ်ဝန်ကြီးချုပ်ကိုယ်တိုင်လာရောက်ခဲ့ပါတယ်။

ကရင်ပြည်နယ်ဝန်ကြီးချုပ်သွားရောက်ကြည့်ရှုစစ်ဆေးခဲ့တဲ့အခြေအနေကိုတော့ နော်ဆာဝါးက အခုလို ပြောပါတယ်။

“ထွေထွေထူးထူးတော့မရှိဘူးရှင့်။ သူကလာပြီးတော့ မြိုင်ကြီးငူဆရာနဲ့တော့ မတွေ့လိုက်ဘူးပေါ့ရှင်။ အဲဒီစေတီတည်တဲ့နေရာတွေမှာ တာဝန်ခံ ထိုင်နေတဲ့ ဆရာတော်တပါးတော့ရှိတယ်။ သူတို့ ၀င်ဖူးပြီးတော့ စကားပြောတာပေါ့နော်။ ပြောတာကတော့ ဒီ ၀န်ကြီးချုပ်အနေနဲ့ ကရင်ပြည်နယ်မှာနေတာ နှစ်ပေါင်းဘယ်လောက်ကြာပြီဆိုတဲ့အကြောင်း ၊ ဒီလိုမျိုးနှစ်ပေါင်းကြာပြီဖြစ်တဲ့အတွက်ကြောင့် သူကနေပြီးတော့ ကူညီလုပ်ဆောင်ချင်တဲ့အတွက်ကြောင့် အဲဒါကို သူက မေတ္တာရပ်ခံပါတယ် ဆိုပြီးပြောတယ်။ တခြားထွေထွေထူးထူးတော့မရှိဘူးရှင့်။”

ပြီးခဲ့တဲ့ လပိုင်းအတွင်းက ခရစ်ယာန်ဘုရားကျောင်း ၂ကျောင်းရဲ့ ၀င်းအတွင်း မှာစေတီ ၂ဆူတည်ထားခဲ့သလို အစ္စလာမ် ဘာသာဝင်တွေရဲ့ ဗလီအဆောက်အဦးဝင်းအတွင်းမှာ စေတီတည်ထားခဲ့တာတွေ ရှိပါတယ်။

မြိုင်ကြီးငူဆရာတော်က ဒီလို ဆောင်ရွက်နေတဲ့အပေါ်မှာတော့ သာသနာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး သူရဦးအောင်ကိုက သံဃကိစ္စကို သံဃတော်တွေက ဖြေရှင်းဖို့ ဂိုဏ်းပေါင်းစုံသံဃနာယက အဖွဲ့အစည်းအဝေးကဆုံးဖြတ်ထားကြောင်းနဲ့ ဒီအရေးကိစ္စကို ကရင်ပြည်နယ် သံဃနာယက အဖွဲ့က ဖြေရှင်းမှာဖြစ်ကြောင်း ပြောဆိုထားသလို ဒီအရေးကိစ္စကို အချိန်ယူဆောင်ရွက်ဖို့ လိုကြောင်းလည်းသတင်းမီဒီယာတွေကို အခုလို ပြောဆိုထားပါတယ်။

“မြေပိုင်ဆိုင်မှုနဲ့ ပတ်သက်ပြီးတော့မှာ နည်းနည်းလေး အငြင်းပွားမှုတွေလည်း အသံထွက်နေပါတယ်။ နောက်ပြီးတော့လည်း လက်တလောဒါသည် အပူတပြင်းဖြေရှင်းလိုက်ရင် ၂ ဘက်လက်နက်ကိုင်အဖွဲ့ကလည်း အဲဒီမှာ နည်းနည်းလေးပေါ့ ပါဝင်ပတ်သက်နေတဲ့အခါကျတော့ ရှေ့ဆက်ရမယ့် အမျိုးသားပြန်လည်သင့်မြတ်ရေးနဲ့ ပြည်တွင်းငြိမ်းချမ်းရေးကို အတိုင်းအတာတခုအထိ အထိအခိုက် အနှောက်အယှက်ဖြစ်ပေါ်နိုင်ပါတယ်။ ဒါကြောင့် ဒါကိုလောလောဆယ် သီးခံဆိုင်းငံပြီးတော့မှ အချိန်တခုစောင့်ဆိုင်းပြီးတော့မှ ဖြေရှင်းသွားဖို့အတွက်ကို အဆင့်ဆင့်လိုအပ်ပါတယ်။”

လက်ရှိ ဘုရားတည် သိမ်ဆောက်နေတဲ့ ကွမ်းတောရွာမှာ အိမ်ခြေ ၃၀၀ကျော်လောက်ရှိပြီး ခရစ်ယာန်ဘာသာဝင်မိသားစုက ၁၀စုလောက်ရှိတာဖြစ်ပါတယ်။ ဒီလို ဘုရားတည်ကျောင်းဆောက် ရာမှာ ဒေသခံရွာသားအနည်းငယ်လောက်သာ ပါဝင်ဆောင်ရွက်တာမျိုးရှိပေမဲ့ အများစုက တခြားဒေသကနေ လာရောက်ကြတာဖြစ်ပါတယ်။

ကိုမိုးဇော် / ဗွီအိုအေ (မြန်မာပိုင်း)

မိုးစပါး စိုက်စရိတ်ချေးငွေ တစ်ဧက ကျပ် ၁ သိန်းခွဲနှုန်း ချေးမည်


|Dawei Watch| ထားဝယ်၊ မေ ၎
၂၀၁၆ခုနှစ် မိုးစပါးစရိတ်ချေးငွေအား လယ်တစ်ဧကလျှင် ငွေကျပ်တစ်သိန်းခွဲနှုန်းဖြင့် ထုတ်ချေးပေးသွားမည် ဖြစ်ကြောင်း တနင်္သာရီတိုင်းဒေသကြီး မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်မှ သိရသည်။
ပြီးခဲ့သည့်နှစ်က လယ်တစ်ဧကလျှင် ငွေကျပ်တစ်သိန်းနှုန်းဖြင့် လယ်ဧက ၁၁၇၄၄၉ ဧက ထုတ်ချေးခဲ့ကာ ယခုနှစ်တွင်  တစ်ဧက ငွေကျပ် တစ်သိန်းခွဲနှုန်းဖြင့် လယ်ဧက ၁၂၈၆၀၀ ဧကအား ထုတ်ချေးနိုင်ရန် လျာထားကြောင်း တနင်္သာရီတိုင်းဒေသကြီး မြန်မာ့ လယ်ယာဖွံ့ဖြိုးရေးဘဏ်မှ တိုင်းမန်နေဂျာ ဦးဝင်းနိုင်က ပြောသည်။
“တောင်သူတွေက ချေးယူထားတဲ့ အကြွေးဟောင်းတွေကို အမြန်ဆုံး လာဆပ်စေချင်တယ်၊ ဒါမှ ဒီနှစ် မိုးချေးငွေကို စောစော ထုတ်ချေးနိုင်မှာဖြစ်တယ်”ဟု တိုင်းမန်နေဂျာ ဦးဝင်းနိုင်က ဆိုသည်။
မိုးစပါးချေးငွေအား မေလအတွင်း ထုတ်ချေးသွားမည်ဖြစ်ပြီး ယခင်နှစ် မိုးစပါးချေးငွေအား အကျေဆပ်ပြီးသည့် တောင်သူများကို ဦးစားပေး ထုတ်ချေးသွားမည်ဖြစ်ကာ လယ်သမားတစ်ဦးလျှင် ၁၀ဧကအထိ ထုတ်ချေး ပေးသွားမည်ဖြစ်ကြောင်း ၎င်းက ရှင်းပြသည်။
၂၀၁၆ ခုနှစ်အတွက် ထားဝယ်ခရိုင်တွင်  လယ်ယာ ၆၀၅၀၀ ဧက၊ မြိတ်ခရိုင်တွင် ၆၆၅၀၀ဧကနှင့် ကော့သောင်း ခရိုင်တွင် ၁၆၀၀ ဧက မိုးစပါးစိုက်ပျိုးစရိတ် ချေးငွေများ ထုတ်ချေးနိုင်ရန် လျာထားကြောင်း တနင်္သာရီတိုင်းဒေသကြီး မြန်မာ့လယ်ယာ ဖွံ့ဖြိုးရေးဘဏ်မှ သိရသည်။

Tuesday, May 3, 2016

တပ်မတော်၏ စည်းလုံးညီညွတ်မှု ပျက်ပြားအောင် လုပ်ဆောင်လာနိုင်သဖြင့် သတိရှိကြရန် တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်ဆို


တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် က ရန်ကုန် တပ်နယ်မှ အရာရှိ၊ စစ်သည်၊ မိသားစုများနှင့် တွေ့ဆုံ အမှာစကားပြောကြားစဉ် (ဓာတ်ပုံ-တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်ရုံး)
    ရန်ကုန်၊ မေ ၃ ရက် (ဆင်ဟွာ)

    တပ်မတော်၏ စည်းလုံးညီညွတ်မှု ပျက်ပြားအောင် လုပ်ဆောင်လာနိုင်သဖြင့် သတိတရား ရှိကြရန် တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ရန်ကုန်တိုင်း စစ်ဌာနချုပ် အနော်ရထာ ခန်းမတွင် ရန်ကုန် တပ်နယ်မှ အရာရှိ၊ စစ်သည်၊ မိသားစုများအား တွေ့ဆုံစဉ် ပြောကြားသည်။

တပ်မတော်၏ စည်းလုံးညီညွတ်မှု ပျက်ပြားအောင် နှင့် အားပျော့အောင် လုပ်ဆောင်လာနိုင်သဖြင့် တပ်တွင်း စည်းလုံး ညီညွတ်မှုကို အလေးထား လုပ်ဆောင်ကြရမည် ဖြစ်ကြောင်း ၎င်းက ဆိုသည်။

လက်ရှိ လျှောက်လှမ်းနေသည့် နိုင်ငံရေး စနစ် မှန်မှန်ကန်ကန်၊ ခိုင်ခိုင်မာမာ ရှိစေရန် နည်းလမ်းတကျ ပူးပေါင်း ဆောင်ရွက်နေသည့် တပ်မတော်၏ ရပ်တည်ချက်၊ လုပ်ဆောင်ချက်များ အပေါ် အထင်အမြင်လွဲမှား သုံးသပ်သူ တစ်ချို့သည် တပ်မတော် ပြိုကွဲအောင် ခွဲထုတ် ဖြိုဖျက်ခြင်းများ နည်းလမ်း မျိုးစုံဖြင့် လုပ်ဆောင်နေကြောင်း တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ပြောသည်။

တပ်မတော် အနေဖြင့်လည်း ပြည်သူ ရွေးချယ်သော လမ်းကြောင်းကို အနှောင့်အယှက် မရှိစေရန် တည်ငြိမ် အေးချမ်းစွာ လျှောက်လှမ်း ဖြတ်သန်းနိုင်ရန် တတ်စွမ်းသရွေ့ ပါဝင် ဆောင်ရွက်ခဲ့ကြောင်း၊ ၂ဝ၁၅ ခုနှစ် ဒုတိယအကြိမ် ရွေးကောက်ပွဲတွင် ရွေးကောက်ပွဲ အကြို၊ ရွေးကောက်ပွဲနှင့် ရွေးကောက်ပွဲအလွန် ကာလများတွင် မိမိတို့၏ အခြေခံ သဘောထား ရပ်တည်ချက်များကို ထုတ်ဖော် ပြောကြား၍ လွတ်လပ်ပြီး တရားမျှတမှုကို ဖော်ဆောင် ပြသနိုင်ခြင်းမှာ တပ်မတော်၏ ဂုဏ်ပင် ဖြစ်ကြောင်း ၎င်းက ဆိုသည်။

လက်ရှိ အခြေအနေတွင် တည်ငြိမ် အေးချမ်းရေးနှင့် တရားဥပဒေ စိုးမိုးရေးဆိုင်ရာ လုပ်ဆောင်ရန် များစွာ ရှိနေကြောင်း၊ ဒီမိုကရေစီ စနစ်ကို လက်ခံပါက၊ ခိုင်မြဲစေလိုပါက လက်နက်ကိုင် ပဋိပက္ခများ ချုပ်ငြိမ်းရေး၊ တရားဥပဒေ လေးစား လိုက်နာရေး၊ လုပ်ထုံး လုပ်နည်းများနှင့်အညီ လုပ်ကိုင်ရေးများ အလေးထားရမည် ဖြစ်ကြောင်း တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ပြောသည်။

တိုင်းရင်းသား စည်းလုံး ညီညွတ်ရေးနှင့် ပတ်သက်၍ တစ်ချို့ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းများသည် တိုင်းရင်းသားများ၏ အခွင့်အရေး တောင်းဆိုမှုအပေါ် မူတည် ဖြစ်ပေါ်လာသော်လည်း တစ်ချို့ အဖွဲ့အစည်းများမှာ ဥပဒေတွင် ပြဋ္ဌာန်းပေးထားပြီး ဖြစ်သည့် အချက်အလက်များအား မျက်ကွယ်ပြု၍ အတင်းတောင်းဆိုမှုများလည်း ရှိကြောင်း မိန့်ခွန်းတွင် ထည့်သွင်း ပြောကြားသည်။
ယင်းအပေါ်တွင် တစ်ချို့သော အဖွဲ့အစည်းများက သွေးထိုးရန် တိုက်၍ အမုန်းတရား ကြီးမားအောင် လုပ်ဆောင်နေခြင်းသည် တိုင်းရင်းသား စည်းလုံး ညီညွတ်မှုကို မခိုင်မြဲအောင် လုပ်ဆောင်ခြင်း ဖြစ်၍ များစွာ အန္တရာယ် ကြီးမားကြောင်း၊ တိုင်းရင်းသား စည်းလုံး ညီညွတ်မှုကို ထိခိုက်စေမည့် ပြုမူ ပြောဆို ရေးသား လုပ်ဆောင်မှုများ မဖြစ်စေရေး ကြပ်မတ် ထိန်းသိမ်းရန် လိုကြောင်း၊ မိမိတို့ တပ်မတော်သား စစ်မှုထမ်းများ အနေဖြင့်လည်း တစ်ဦးချင်း ကိုယ်ရေး ကိုယ်တာ ကိစ္စရပ်များ အပါအဝင် ပြောဆို နေထိုင်လုပ်ကိုင်မှု အားလုံးကို စဉ်းစားဆင်ခြင် ထိန်းသိမ်း လုပ်ဆောင်ခြင်းဖြင့် ပြည်သူနှင့် စည်းလုံး ညီညွတ်မှု ခိုင်မာအောင် တည်ဆောက်ရန် တိုက်တွန်း ပြောကြားသည်။

 အဆိုပါ တွေ့ဆုံပွဲသို့ တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်၏ ဇနီး ဒေါ်ကြူကြူလှ၊ ညှိနှိုင်း ကွပ်ကဲရေးမှူး (ကြည်း၊ရေ၊လေ) ပူးတွဲတာဝန် ကာကွယ်ရေး ဦးစီးချုပ်(လေ) ဗိုလ်ချုပ်ကြီး ခင်အောင်မြင့်၊ ကာကွယ်ရေး ဦးစီးချုပ် (ရေ) ဗိုလ်ချုပ်ကြီး တင်အောင်စန်း၊ ကာကွယ်ရေး ဦးစီးချုပ်ရုံး (ကြည်း) မှ တပ်မတော် အရာရှိကြီးများ၊ ရန်ကုန်တိုင်း စစ်ဌာနချုပ် တိုင်းမှူးနှင့် ရန်ကုန် တပ်နယ်မှ အရာရှိ၊ စစ်သည်၊ မိသားစုများ တက်ရောက် ကြသည်။

(Xinhua)

ဦးသိန်းစိန်အကြောင်းကဗျာရေးသည့် မောင်ဆောင်းခကို စွဲချက်တင်

မောင်ဆောင်းခ

သမ္မတဟောင်း ဦးသိန်းစိန်ကို ထိခိုက်တဲ့ ကဗျာရေးသားပြီး ဖေ့စ်ဘွတ်ခ်မှာ တင်ခဲ့တာကြောင့် ကဗျာဆရာမောင်ဆောင်းခ (ခေါ်) ကိုအောင်စည်သူကို ဆက်သွယ်ရေး ဥပဒေပုဒ်မ ၆၆ (ဃ) နဲ့ ဒီကနေ့ ရွှေပြည်သာမြို့နယ်တရားရုံးမှာ စွဲဈက်တင်စစ်ဆေးနေပါတယ်။
မောင်ဆောင်းခဟာ ပြီးခဲ့တဲ့နှစ် အောက်တိုဘာ ၅ ရက်မှာ ဖမ်းဆီးခံခဲ့ရတာဖြစ်ပြီး   လက်ရှိ အင်းစိန်အကျဉ်းထောင်မှာ ထိန်းသိမ်းထားကာ လာမယ့်မေ၅ ရက်ဆိုရင် ၆ လပြည့်ပြီဖြစ်လို့ အမှုကို အမြန်စစ်ပြီး အမြန်မိန့်ချစေချင်တယ်လို့  မောင်ဆောင်းခရဲ့မိခင် ဒေါ်မြင့်မြင့်နိုင်က  ပြောပါတယ်။
“သားကို ချမှာဆိုရင်လည်းချ။ မချဘူးဆိုရင်လည်း လွှတ်မယ်ဆိုရင်လွှတ်။ အခုက အဲလိုလည်း မဟုတ်ဘူး။ ကြားထဲမှာလည်း ရုံးချိန်းတွေကို ရုံးချိန်းအတိုင်းလည်း မစစ်ဘူး။ တရားလိုပြ သက်သေတွေလည်း ပုံမှန်မလားဘူး။ ဒါနဲ့ပဲရက်တွေ ကြာနေတယ်။ ”
ကဗျာဆရာ မောင်ဆောင်းခဟာ ဆက်သွယ်ရေး ဥပဒေပုဒ်မ ၆၆ (ဃ)နဲ့ နိုင်ငံတော် အကြည်ညိုပျက်စေမှု ပုဒ်မ ၅၀၅ (ခ)တို့နဲ့ တရားစွဲဆိုခံထားရတာဖြစ်ပေမယ့်  ပုဒ်မ ၅၀၅ (ခ) ကိုတော့ ဧပြီ ၈ ရက်က ရုပ်သိမ်းပေးခဲ့တာပါ။
ကဗျာဆရာမောင်ဆောင်းခကတော့ သူဟာကဗျာတစ်ပုဒ်သာ ရေးသားခဲ့တာဖြစ်ပြီး ကဗျာထဲက သမ္မတဆိုတာ ဘယ်နိုင်ငံကသမ္မတရယ်လို့ ရည်ညွှန်းခဲ့တာ မဟုတ်ကြောင်း ဘယ်သူကို ရည်ညွှန်းတယ်ဆိုတာ ဖတ်တဲ့လူနဲ့သာ သက်ဆိုင်တဲ့အတွက် အပြစ်မရှိကြောင်းတရားရုံးကို ပြန်လည်ချေပခဲ့ပါတယ်။
ဒီအမူအတွက် မြန်မာနိုင်ငံ ကဗျာဆရာသမဂ္ဂက အတွင်းရေးမှူးအပါအဝင်ကဗျာ ဆရာနှစ်ဦးက သက်သေအဖြစ် ပြန်လည်ထွက်ဆိုချေပသွားမှာ ဖြစ်ပါတယ်။
DVB

ငါးပါးသီလစောင့်တည်ပါက ပိုမိုပြည့်စုံကောင်းမွန်ကြောင်း တပ်ချုပ်မှ တပ်မတော်သားမိသားစုများအား ပြောဆို



မြန်မာနိုင်ငံတွင် မည်သည့်ဘာသာကိုမဆို လွတ်လပ်စွာ ကိုးကွယ်ပိုင်ခွင့်ရှိသော်လည်း ဗုဒ္ဓဘာသာကို ကိုးကွယ်သူ ၈၅ ရာခိုင်နှုန်းကျော်ရှိပြီး ဗုဒ္ဓဘာသာဝင် တစ်ဦးအနေဖြင့် အနည်းဆုံးငါးပါးသီလကို ထိန်းသိမ်းပါက ပိုမိုပြည့်စုံကောင်းမွန်ကြောင်း တပ်မတော် ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က မေလ ၃ ရက်တွင် ရန်ကုန်တပ်နယ်မှ အရာရှိ၊ စစ်သည်၊ မိသားစုများအား တွေ့ဆုံအမှာစကား ပြောကြားရာတွင် ထည့်သွင်းပြောဆိုခဲ့သည်။

ဗုဒ္ဓ၏အဆုံးအမတွင် ငါးပါးသီလ တရားရှိကြောင်း၊ တစ်ပါးသီလ၊ နှစ်ပါးသီလ စသည်ဖြင့် သူ့ကဏ္ဍနှင့်သူ ရှိကြကြောင်း ထို့အတူ လူတိုင်းတွင် သစ္စာထားကြသကဲ့သို့ မိမိတို့သည် တပ်မတော်သားများ ဖြစ်သည်နှင့်အညီ ''သစ္စာ'' ရှိကြရမည်ဖြစ်ပြီး၊ နေ့စဉ်ရွတ်ဆိုနေသည့် သစ္စာလေးချက်လုံးကို စောင့်ထိန်းနိုင်ပါက ပိုမိုခိုင်မာ ကောင်းမွန်ကြောင်း၊ စစ်မှုထမ်းများ သာမက ကောင်းမွန်စွာ စစ်မှုထမ်းဆောင်ပြီး အငြိမ်းစားယူသွားသည့် စစ်မှုထမ်းဟောင်းများကိုပါ စောင့်ထိန်း လိုက်နာစေလိုသည်ဟု ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က ပြောဆိုခဲ့သည်။

နိုင်ငံတွင် ဗုဒ္ဓဘာသာဝင် အများစုဖြစ်သော်လည်း ၄င်းအနေဖြင့် အခြားဘာသာ ကိုးကွယ်မှုများကိုလည်း အသိမှတ်ပြုကြောင်း တပ်မတော် ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ပြောသည်ဟု ယနေ့ မေလ ၃ ရက်နေ့ထုတ် နိုင်ငံပိုင်သတင်းစာတွင် ဖော်ပြသည်။

ထို့အတူ လက်ရှိလျှောက်လှမ်းနေသည့် နိုင်ငံရေးစနစ် မှန်မှန်ကန်ကန်၊ ခိုင်ခိုင်မာမာရှိစေရန် နည်းလမ်းတကျ ပူးပေါင်းဆောင်ရွက်နေသည့် တပ်မတော်၏ ရပ်တည်ချက်၊ လုပ်ဆောင်ချက်များအပေါ် အထင်အမြင်လွဲမှား သုံးသပ်သူတချို့သည် တပ်မတော်ပြိုကွဲအောင် ခွဲထုတ်ဖြိုဖျက်ခြင်းများ နည်းလမ်းမျိုးစုံဖြင့် လုပ်ဆောင်ပြီး တပ်မတော်၏ စည်းလုံးညီညွတ်မှု ပျက်ပြားအောင်၊ တပ်မတော် ''အား''ပျော့သွားအောင် လုပ်ဆောင်လာနိုင်သဖြင့် သတိတရားရှိကြရန်နှင့် တပ်တွင်းစည်းလုံးညီညွတ်မှုကို အလေးထား လုပ်ဆောင်ကြရမည်ဟုလည်း ထည့်သွင်းပြောဆိုကြောင်း သိရသည်။

The Ladies News

အိန္ဒိယနိုင်ငံ၏ ပထမဆုံး ရေငုပ်သင်္ဘော ရေချ


အိန္ဒိယနိုင်ငံမှ ပထမဆုံး တီထွင် ထုတ်လုပ်ခဲ့သည့် ကိုယ်ပျောက် ရေငုပ်သင်္ဘောအား ရေချနေစဉ် (ဆင်ဟွာ)
    နယူးဒေလီ ၊ မေ ၃ ရက် (ဆင်ဟွာ)

    အကြောင်းအမျိုးမျိုးကြောင့် နှောင့်နှေးနေပြီး အချိန်အတန်ကြာ စောင့်ဆိုင်းခဲ့ရသည့် အိန္ဒိယနိုင်ငံသည် ၄င်းတို့ လျှို့ ဝှက်ထားသော နိုင်ငံ၏ ပထမဆုံး ကိုယ်ပျောက် ရေငုပ်သင်္ဘောကို ရေချလိုက်ပြီး ဖြစ်ကြောင်း ကာကွယ်ရေး ဝန်ကြီးဌာန သတင်းအရင်းအမြစ်က မေလ ၂ ရက်တွင် ပြောကြားလိုက်သည်။

“ Kalvari (ကျားငမန်း) လို့ အမည်ပေးထားတဲ့ ရေငုပ်သင်္ဘောကို အိန္ဒိယနိုင်ငံ ရေတပ်အတွက် ပြင်သစ် အခြေစိုက် Mazagon Dock သင်္ဘောကုမ္ပဏီက တည်ဆောက် ပေးခဲ့ပါတယ်။ ဒါဟာ ပြင်သစ် Scorpene-class ခြောက်စင်းထဲက ပထမဆုံး တည်ဆောက်ပြီးသွားတဲ့ ရေငုပ်သင်္ဘော တစ်စင်းပါ။ ကျားငမန်းကို မွန်ဘိုင်းကမ်းခြေမှာ မေလ ၁ ရက်က ပထမဆုံး ရေချခဲ့ပါတယ်” ဟု အဆိုပါ သတင်း အရင်းအမြစ်က ဆိုသည်။

အမှန်စင်စစ် ရေငုပ်သင်္ဘောကို ထိုနေ့ နံနက်ပိုင်းတွင် ရေချ ခဲ့ခြင်း ဖြစ်ပြီး ၄င်းဆိုက်ကပ်ရာ ဆိပ်ကမ်းသို့  ပြန်မရောက်မီ တွန်းအားပေး စနစ် ၊ အရံအသုံးအဆောင်နှင့် နည်းစနစ်များ ၊ ဆက်သွယ်ရေး စနစ်များနှင့် မောင်းနှင် ထိန်းချုပ်သည့် ဂီယာ များနှင့် သက်ဆိုင်သော စမ်းသပ်မှု အမျိုးမျိုးကို ပြုလုပ်ခဲ့ကြောင်း သတင်းအရင်း အမြစ်က ပြောသည်။

ပင်လယ် ရေအောက်ရှိ အတားအဆီးများကို ဖြတ်ကျော် မောင်းနှင်ခြင်း ၊ ရေပြင်ပေါ် မောင်းနှင်ခြင်း ၊ ရေငုပ်ခြင်း ၊ စစ်လက်နက်များ အသုံးပြုခြင်း ၊ အသံလှိုင်း စစ်ဆေးခြင်း စသည့် လုပ်ဆောင်ချက် အမျိုးမျိုးကို အိန္ဒိယ ရေတပ်က ပြုလုပ်ခဲ့ပြီးနောက်တွင် အိန္ဒိယနိုင်ငံ၏ စွန့် ဦး တီထွင်မှု အပိုင်း၌ ရည်မှန်းချက် ကြီးမားသည့် ဝန်ကြီးချုပ် မိုဒီအတွက် အဓိက တွန်းအားတစ်ရပ် ဖြစ်လာခဲ့သည်။

နိုင်ငံ ၏ အနုသုခုမဟု တင်စားထားသည့် ရေငုပ် သင်္ဘောကြီးသည် တော်ပီဒိုများ ၊ ရေငုပ်သင်္ဘော တန်ပြန်ပစ် ဒုံးကျည်များ အပါအဝင် သေချာသော လမ်းညွှန်ချက် ပေးနိုင်သည့် စစ်လက်နက်များ ဖြင့်တွဲစပ်၍ ရန်သူကို တိတိကျကျ ပစ်ခတ်နိုင်စွမ်း ရှိသည်။ ထို့ ပြင် ၄င်း၏ အသုံးအဆောင်များသည် ဧရိယာ အားလုံးတွင် အသုံးပြုနိုင်စွမ်းရှိပြီး မြေပြင်တန်ပြန် စစ်ဆင်ရေး နှင့် ရေငုပ်သင်္ဘော တန်ပြန် စစ်ဆင်ရေးများ အတွက်ပါ အသုံးပြုနိုင်ကြောင်း သိရသည်။

(Xinhua)

မြန်မာနိုင်ငံ၏ ဖွံ့ဖြိုးတိုးတက်မှု ဖြစ်စဉ်တွင် ဂျပန်နိုင်ငံက ဖွံ့ဖြိုးမှု မိတ်ဘက်အဖြစ် ဆက်လက်ဆောင်ရွက်မည်



နေပြည်တော် မေ ၃

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် နိုင်ငံတော်သမ္မတ ဦးထင်ကျော်သည် ဂျပန်နိုင်ငံ၊ နိုင်ငံခြားရေးဝန်ကြီး မစ္စတာ ဖူမီအို ခီရှိဒ ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့အား ယနေ့ နံနက် ၁၁ နာရီတွင် နေပြည်တော်ရှိ နိုင်ငံတော်သမ္မတအိမ်တော် သံတမန်ဆောင် ဧည့်ခန်းမ လက်ခံတွေ့ဆုံသည်။


ထိုသို့ တွေ့ဆုံစဉ် နိုင်ငံတော်သမ္မတက မိမိတို့ အစိုးရသစ် စတင် တာဝန်ယူချိန်တွင် ဂျပန်အစိုးရက ကြိုဆိုမှု၊ ဂုဏ်ပြုမှုတို့အတွက် ကျေးဇူးတင်ဝမ်းမြောက်ပါကြောင်း၊ ကူမာတိုမို ငလျင်ကိစ္စဖြစ်ပွားမှုအတွက် ဝမ်းနည်းပါကြောင်း၊ သံတမန်သက်တမ်း နှစ် (၆၀) ကျော် ကာလအတွင်း အကူအညီများစွာ ပေးအပ်ခဲ့ခြင်းအတွက် များစွာ ကျေးဇူး တင်ရှိသကဲ့သို့ ဆက်လက်ကူညီပေးသွားနိုင်ရန်လည်း မျှော်လင့်ပါကြောင်း၊ တစ်လ သက်တမ်းသာရှိသေးသည့် အစိုးရ၏ ဆောင်ရွက်မှုများကို အသိအမှတ်ပြုခြင်း အတွက် ကျေးဇူးတင်ရှိပါကြောင်း၊ ပြည်သူတို့၏ ဆန္ဒကို တတ်နိုင်သမျှ ဖြည့်ဆည်းပေးသွားမည် ဖြစ်ကြောင်းဖြင့် ပြောကြားသည်။


အလားတူ ဂျပန်နိုင်ငံခြားရေးဝန်ကြီးက မြန်မာနိုင်ငံ၏ အမျိုးသားရင်ကြားစေ့ရေး လုပ်ငန်းစဉ် ဆောင်ရွက်ချက်များအား ဆက်လက်စောင့်မျှော်လျက် ရှိပါကြောင်း၊ ဂျပန် နိုင်ငံအနေဖြင့် အာဆီယံနှင့်တကွ အာဆီယံနှင့် ဆက်စပ်နေသည့် အဖွဲ့အစည်း များနှင့်အတူ ပူးပေါင်းဆောင်ရွက်သွားမည်ဖြစ်ပါကြောင်း၊ ဂျပန်နိုင်ငံတွင် ဖြစ်ပွားခဲ့သည့် ကူမာမိုတို ငလျင်ဒဏ်သင့်ခဲ့မှုအပေါ် မြန်မာအစိုးရက ဝမ်းနည်းကြောင်း သဝဏ်လွှာ ပေးပို့ခဲ့ခြင်းအတွက် ကျေးဇူးတင်ပါကြောင်း ပြန်လည်ပြောကြားခဲ့သည်။


ထို့နောက် နိုင်ငံတော်သမ္မတနှင့် ဧည့်သည်တော် ဝန်ကြီးတို့သည် -

■ မြန်မာနိုင်ငံ၏ ဒီမိုကရေစီ ပြုပြင်ပြောင်းလဲရေး လုပ်ငန်းစဉ်များ၊ တရားဥပဒေ စိုးမိုးရေး ကိစ္စရပ်များနှင့် စပ်လျဉ်း၍ အကူအညီပေးရေး၊

■ မြန်မာနိုင်ငံ၏ ဖွံ့ဖြိုးတိုးတက်မှု ဖြစ်စဉ်တွင် ဂျပန်နိုင်ငံမှ ဖွံ့ဖြိုးမှု မိတ်ဘက်အဖြစ် ဆက်လက်ဆောင်ရွက်သွားရေး၊

■ မြန်မာနိုင်ငံ၏ ငွေကြေး ဈေးကွက်၊ ဘဏ္ဍာရေးဈေးကွက်နှင့် အလုပ်အကိုင် အခွင့်အလမ်းများ ဖြစ်ထွန်း လာစေရေး၊

■ သီလဝါအထူးစီးပွားရေးဇုန်တွင် ဂျပန်လုပ်ငန်းရှင်များ ဆက်လက် ရင်းနှီးမြှုပ်နှံရေး၊

■ လူ့စွမ်းအား အရင်းအမြစ် ဖွံ့ဖြိုးရေးဆိုင်ရာ ကိစ္စရပ်များတွင် အကူအညီပေးရေး၊

■ ဒုတိယကမ္ဘာစစ်အတွင်း ကျဆုံးခဲ့သည့် ဂျပန်စစ်သည်များ၏ အရိုးရှာဖွေ ကောက်ယူခြင်း လုပ်ငန်းများတွင် ပူးပေါင်းဆောင်ရွက်ရေး၊

■ နှစ်နိုင်ငံ ပြည်သူများအကြား အကျိုးစီးပွား မြှင့်တင်နိုင်ရေးအတွက် Japan-Myanmar Joint Initiative ဖွဲ့စည်းဆောင်ရွက်ရေး ကိစ္စရပ်များအပေါ် ရင်းနှီးပွင့်လင်းစွာ ဆွေးနွေး ကြသည်။

တွေ့ဆုံရာတွင် နိုင်ငံတော်သမ္မတနှင့်အတူ ပြည်ထောင်စုဝန်ကြီး ဦးသန့်စင်မောင်၊ ဒေါက်တာမျိုးသိမ်းကြီး၊ ဒုတိယဝန်ကြီး ဦးကျော်တင်နှင့် တာဝန်ရှိသူများ တက်ရောက် ကြပြီး ဧည့်သည်တော် ဂျပန်နိုင်ငံခြားရေးဝန်ကြီးနှင့်အတူ မြန်မာနိုင်ငံဆိုင်ရာ ဂျပန် သံအမတ်ကြီး မစ္စတာ တာတဲရှိ ဟိဂုချိလည်း တက်ရောက်သည်။

Myanmar President Office

အမေရိကန်ဦးဆောင်သော ညွန့်ပေါင်းတပ်ဖွဲ့အတွက် သူလျှိုလုပ်မှုဖြင့် လူငယ်လေးဦးကို ISIS အဖွဲ့ခေါင်းဖြတ်ကွပ်မျက်


စမတ်စကတ် ၊ ၃-၅-၂၀၁၆

ISIS စစ်သွေးကြွ အဖွဲ့သည် ဆီးရီးယားနိုင်ငံရှိ ၄င်းတို့ခံတပ် တစ်ခုဖြစ်သည့် ရတ်ကာမြို့ ၌ လူငယ်လေးဦးကို အမေရိကန် ဦးဆောင်သော ညွန့်ပေါင်း တပ်ဖွဲ့အတွက် သူလျှိုလုပ်မှုဖြင့် ခေါင်းဖြတ် ကွပ်မျက် ခဲ့ကြောင်း လန်ဒန် အခြေစိုက် လေ့လာ စောင့်ကြည့်ရေး အဖွဲ့က ပြောကြားသည်။

ISIS စစ်သွေးကြွ အဖွဲ့သည် အဆိုပါ လူငယ်လေးဦးကို အမေရိကန် ဦးဆောင်သော ညွန့်ပေါင်းတပ်ဖွဲ့ ထံသို့ သတင်း အချက်အလက်များ ပေးပို့မှုနှင့် ၄င်းတို့ တည်နေရာ များအား ဓာတ်ပုံ ရိုက်ကူးမှုအတွက် သတ်ဖြတ်ခဲ့ခြင်း ဖြစ်ကြောင်း ဆီးရီးယား လူ့အခွင့်အရေး ဆိုင်ရာ လေ့လာ စောင့်ကြည့်ရေး အဖွဲ့က မေ ၁ ရက်တွင် ပြောကြားသည်။

ISIS စစ်သွေးကြွ အဖွဲ့သည် ၄င်းတို့ ထိန်းချုပ်ထားသော နယ်မြေများကို ကာလီဖိတ် ဟု အမည်ပေးခဲ့သည့် ၂ဝ၁၄ ခုနှစ် ဇူလိုင်လမှ စ၍ အရပ်သား အများစု အပါအဝင် လူ ၄၁၄၄ ဦးကို ကွပ်မျက် ခဲ့ကြောင်း လေ့လာ စောင့်ကြည့်ရေး အဖွဲ့က ပြောကြားသည်။

အဆိုပါ ကွပ်မျက်ခံရမှုတွင် ဆီးရီးယား အစိုးရနှင့် အစိုးရကို ထောက်ခံသော တပ်ဖွဲ့များ ၊ ISIS စစ်သွေးကြွ အဖွဲ့ဝင်များ၊ ကာ့ဒ်တိုက်ခိုက်ရေး သမားများ နှင့် အယ်နျူဆရာ တပ်ဦးကဲ့သို့သော အဖွဲ့မှ တက်ဖီရီ စစ်သွေးကြွ များလည်း ပါဝင်ကြောင်း ထုတ်ပြန်ချက် အရ သိရသည်။

PyiChitThar

ရန်ကုန်-မန္တလေး အမြန်လမ်းတွင် ယာဉ်တိမ်းမှောက် မီးလောင် သေဆုံးသူ အမျိုးသားနှင့် အမျိုးသမီး အမည်၊ နေရပ် မသိရ



နေပြည်တော် မေ ၃

ရန်ကုန်- မန္တလေး အမြန်လမ်း မိုင်တိုင်အမှတ် ၁၂၂/၆ နှင့် ၁၂၂/၇ အကြား ၌ နေပြည်တော်မှ ရန်ကုန်သို့ ယာဉ်မောင်း (စုံစမ်းဆဲ) မောင်းနှင် လာသော ယာဉ်အမှတ် 7J / 4232 (အဖြူရောင်) မော်တော်ယာဉ် (လိုင်စင် စိစစ်ဆဲ)သည် မေ ၂ ရက် ည ၁၂ နာရီ မိနစ် ၂၀ တွင် အရှိန်မထိန်းနိုင်ဘဲ လမ်းလယ် ဘာရီယာတုံးအားတိုက်ပြီးနောက် လမ်းမပေါ်၌ တိမ်းမှောက် ကာ မီးလောင်ကျွမ်းခဲ့သည်။


အဆိုပါယာဉ်တိမ်းမှောက်မှုအား သိလျှင်သိချင်း ဗောဓိကုန်းအမြန်လမ်းမကြီး ရဲစခန်း၊ ဖြူး အမြန်လမ်းမကြီးရဲစခန်းနှင့် အမြန်လမ်းမီးသတ်တပ်ဖွဲ့တို့မှ တာဝန်ရှိသူများက အခင်းဖြစ် ရာ နေရာသို့ ရောက်ရှိကြပြီး မီးဝိုင်းဝန်းငြိမ်းသတ် ခဲ့ကြသည်။ အဆိုပါယာဉ် အတွင်း၌ အမျိုးသားတစ်ဦးနှင့် အမျိုးသမီးတစ်ဦးတို့မှာ မီးလောင်ကျွမ်းသေဆုံးနေသည်ကို တွေ့ရပြီး တပ်ဖွဲ့ပိုင်ယာဉ်ဖြင့် အုတ်တွင်းပြည်သူ့ဆေးရုံသို့ ပို့ဆောင်ပေးခဲ့သည်။


ယာဉ်တိမ်းမှောက်မှုနှင့် ပတ်သက်၍ အခင်းဖြစ်ရပ်အား စစ်ဆေးခြင်း၊ သေဆုံး သူ နှစ်ဦးတို့၏ အမည်၊ နေရပ်တို့အား စုံစမ်းဖော်ထုတ်ခြင်းတို့ကို ဗောဓိကုန်း အမြန်လမ်းမ ကြီးရဲစခန်းမှ တာဝန်ရှိသူများက ဆက်လက်ဆောင်ရွက်လျှက်ရှိသည်။

အမြန်လမ်းတွင် ခရီးသွားယာဉ်မောင်းများအနေဖြင့် မိမိတို့မောင်းနှင်မည့်ယာဉ်အား ကြံ့ခိုင်မှု စစ်ဆေးပြီးမှသာ ထွက်ခွာရန် သတ်မှတ်နှုန်းထား အတိုင်းမောင်းနှင်ရန်၊ အမြန်လမ်း တစ်လျှောက် သတိပေးဆိုင်းဘုတ်များအား ဂရုပြုကြည့်ရှုမောင်းနှင်ရန်နှင့် အိပ်မငိုက်စေရန် အထူးသတိထားရမည်ဖြစ်သည်။

ရန်ကုန်-မန္တလေး အမြန်လမ်းမကြီးတွင် ယာဉ်သွားလာမှုစတင်ခွင့်ပြုချိန်မှ (၇)နှစ် အတွင်း ယာဉ်မတော်တဆမှုကြောင့် ခရီးသွားပြည်သူ (၆၀၀) ဦးကျော် သေဆုံးခဲ့ပြီး ဒဏ်ရာရရှိသူ (၃၀၀၀) ကျော် ရှိကြောင်းသိရသည်။

သို့ပါ၍ အမြန်လမ်းမကြီးတွင် မောင်းနှင့်သွားလာနေကြသော ယာဉ်များ အနေဖြင့် တစ်နေ့တာ မိမိတို့လိုရာခရီးအား အဆင်ပြေချောမွေ့စွာ သွားရောက်နိုင်ရေးအတွက် သတိ၊ အသိဖြင့်ယှဉ်၍ စိတ်ရှည် သီးခံမောင်းနှင်ကြ ပါရန် တိုက်တွန်းအပ်ပါသည်။

(ညီညီသန်း)
MOI Webportal Myanmar

ဦးနေမျိုးဝေကို ဆက်သွယ်ရေးဥပဒေပုဒ်မ ၆၆(ဃ) နဲ့ အမှုဖွင့်


နိုင်ငံတော်သမ္မတအပါအ၀င် နိုင်ငံ့အကြီးအကဲတွေကို ဖေ့ဘွတ်စ်မှာ ပုတ်ခတ်ရေးသားခဲ့တဲ့အတွက် မတူကွဲပြားခြင်းနှင့် ငြိမ်းချမ်းရေးပါတီ ဥက္ကဌ ဦးနေမျိုးဝေ ကို ဆက်သွယ်ရေးဥပဒေပုဒ်မ ၆၆ (ဃ)နဲ့ မြန်မာနိုင်ငံလုံးဆိုင်ရာ ဆရာ၊ ဆရာမများသမဂ္ဂအဖွဲ့ချုပ် က ဦးဝေယံအောင်က ဧရာဝတီတိုင်း ဒေသကြီး ကန်ကြီးထောင့်မြို့နယ် ရဲစခန်းမှာ မနေ့က အမှုဖွင့်လိုက်ပါတယ်။

ဦးနေမျိုးဝေဟာ နိုင်ငံတော်သမ္မတ၊ ဒေါ်အောင်ဆန်းစုကြည်နဲ့ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်တို့ကို ဂုဏ်သိက္ခာကျဆင်းအောင် နဲ့ ပြည်ထောင်စုပြိုကွဲအောင် သွေးထိုးရေးသားမှုတွေ လုပ်နေတာကြောင့် အမှုဖွင့်တာဖြစ်တယ်လို့ ဦးဝေယံအောင်က ပြောပါတယ်။

ဦးနေမျိုးဝေ ကို ဖမ်းဆီးဖို့ပြင်ဆင်နေကြောင်း ကန်ကြီးထောင့်ရဲစခန်းက အမှုစစ်ရဲအုပ် သိန်းလွင် က ပြောပါတယ်။

ဦးနေမျိုးဝေ ဟာ သူ့ရဲ့ဖေ့ဘွတ်စ်စာမျက်နှာမှာ ပြီးခဲ့တဲ့ ဧပြီလ ၂၅ ရက်နေ့ကနေ ၃၀ရက်နေ့အထိ နိုင်ငံအကြီးအကဲတွေကို အသရေဖျက်တဲ့ စာသားတွေနဲ့ အန်အယ်လ်ဒီပါတီကို ပုတ်ခတ်တဲ့ စာသားတွေကို ၁၅ကြိမ်လောက် ရေးပြီးတင်ခဲ့တာဖြစ်တယ်လို့ ဦးဝေယံအောင်က ပြောပါတယ်။

RFA Burmese

ထားဝယ်မြို့နယ်စည်ပင် အရပ်ရပ် အခွင့်အရေးလိုင်စင်ကြေး ကျပ် သိန်း ၃၀၀၀ ကျော်ရ



|Dawei Watch| ထားဝယ်၊ မေ ၂

၂၀၁၆-၂၀၁၇ ဘဏ္ဍာရေးနှစ် အတွက် ထားဝယ်မြို့နယ်စည်ပင်သာ ယာရေးအဖွဲ့၏ အရပ်ရပ်အခွင့်အရေး လိုင်စင် ၂၅ခုအား လေလံတင်ရောင်းချရာ ငွေကျပ်သိန်းပေါင်း ၃၀၀၀ ကျော် ရရှိ ခဲ့ကြောင်း ထားဝယ်မြို့နယ် စည်ပင် သာယာရေးအဖွဲ့ထံမှ သိရသည်။

ထားဝယ်မြို့နယ်အတွင်းရှိ ဈေး ကောက်လိုင်စင် ၄ခု၊ ဘီးကောက် (မြို့ ဝင်ကြေး)လိုင်စင် ၃ခု ၊ သားသတ် လိုင်စင် ၄ခု၊ ဈေးအိမ်သာကောက်ခံခွင့် လိုင်စင် ၃ ခု၊ ယာဉ်ရပ်နားစခန်း ဝင်ခွင့် ကောက်ခံမှုလိုင်စင် ၂ခု၊ ဈေးများ စက် ဘီး/ဆိုင်ကယ် အပ်နှံခွင့်လိုင်စင် ၂ ခုနှင့် အပေါင်ဆိုင်လိုင်စင် ၇ခုအား လိုင်ကိုင် ခွင့်လိုင်စင် လေလံတင်ရာမှ ငွေကျပ် သိန်းပေါင်း ၃၂၀၀ သိန်း ရရှိ ခဲ့သည်ဟု ထားဝယ်မြို့နယ် စည်ပင် သာယာရေး အဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ဆိုသည်။

“သတ်မှတ် နှုန်းထားအတိုင်း ကောက်ခံတာကိုပဲ ခွင့်ပြုတာ၊ ကျော်လွန် ကောက်ခံရင် လိုင်စင်ပိတ်သိမ်းတဲ့အထိ အရေးယူသွားမယ်”ဟု အဆိုပါ တာဝန် ရှိသူက ပြောသည်။

လိုင်စင်ကြေးမြင့်တက်ကာ ကောက်ခံမှုနှုန်းထားများ မြင့်တက် လာပြီး ကုန်ဈေးနှုန်း မတည်မငြိမ်ဖြစ် လာမည်ကို စိုးရိမ် သောကြောင့် လေလံ အပြိုင်ခွင့်ပြုခြင်း နည်းပါးကာ တိုင်းအစိုးရခွင့်ပြုချက်ဖြင့် သက်တမ်းတိုး လုပ်ကိုင်သည်က ပိုများကြောင်း ယင်း တာဝန်ရှိသူက ပြောသည်။

၂၀၁၅-၂၀၁၆ဘဏ္ဍာရေးနှစ်တွင် ထားဝယ်မြို့ နယ်စည်ပင်သာယာရေး အဖွဲ့၏ အရပ်ရပ်အခွင့်အရေးလိုင်စင် လေလံ တင်ရောင်းချရာမှ ငွေကျပ် သိန်းပေါင်း ၃၁၉၀ သိန်းရရှိခဲ့ကြောင်း ထားဝယ်မြို့နယ် စည်ပင်သာယာရေး အဖွဲ့ထံမှ သိရသည်။

ယင်း အရပ်ရပ်အခွင့်အရေး လိုင် စင်မှ ရရှိငွေနှင့် စားသောက်ဆိုင်၊ စတိုးဆိုင်၊ စက်ရုံ အလုပ်ရုံ လိုင်စင် ကြေးနှင့် အဆောက်အဦး စစ်ဆေးခ အစရှိသည့် အခွန်အကောက်တို့မှ ရရှိ ငွေအား မြို့ဖွံ့ဖြိုးရေးလုပ်ငန်းများ ဆောင်ရွက်ရာတွင် အသုံးပြုသည်ဟု ထားဝယ်မြို့နယ် စည်ပင်သာယာ ရေးအဖွဲ့မှ သိရသည်။



Dawei Watch

အအေးခန်းစက်ရုံ အလုပ်သမား သေဆုံးခဲ့သည့် ကိစ္စတွင် တာဝန် ရှိသည့် တပ်ဖွဲ့ဝင်များအား ပြစ်ဒဏ် ချမှတ်ရန် ရဲဌာနချုပ်ထံ တင်ပြထား


|Dawei Watch| ထားဝယ်၊ မေ ၂
ရဲတပ်ဖွဲ့ဝင်တစ်ဦး၏ ရိုက်နှက်မှု ကြောင့် အအေးခန်းစက်ရုံ အလုပ် သမားတစ်ဦး သေဆုံးခဲ့သည့် ဖြစ်စဉ်တွင် ပါဝင်သည့် ရဲအရာရှိ နှစ်ဦးနှင့် တပ်သားတစ်ဦးတို့အား ပြစ်ဒဏ်ချမှတ်နိုင်ရန် ရဲတပ်ဖွဲ့ဌာနချုပ်ထံ တင်ပြထား ကြောင်း တနင်္သာရီတိုင်း ရဲတပ်ဖွဲ့မှူးရုံးမှ ဒုတိယရဲမှူးကြီးက ပြောကြားသည်။
အဆိုပါစက်ရုံတွင် မတ်လ ၇ရက် ညပိုင်းက အလုပ်ရှင်နှင့် အလုပ်သမား အချို့ စကားများရန်ဖြစ်ကြသည့်အပေါ် ရပ်ကွက် တာဝန်ရှိသူများမှ အကူအညီ တောင်းသဖြင့် ရဲတပ်ဖွဲ့မှ ဝင်ရောက်ဖျန် ဖြေစဉ် ရုန်းရင်းဆန်ခတ်ဖြစ်ပွားခဲ့ပြီး ရဲတပ်ဖွဲ့ဝင်တစ်ဦး၏ ရိုက်နှုက်မှုကြောင့် ယင်းစက်ရုံမှ အလုပ်သမားတစ်ဦး သေဆုံးခဲ့သည်။
စုံစမ်းစစ်ဆေးရေး ခုံရုံးဖွဲ့ကာ စစ်ဆေး ပေါ်ပေါက်ချက်အရ ဧပြီလ ၂၂ ရက်၌ ရဲတရားရုံးတွင် စတင်စစ်ဆေးပြီး ဧပြီလ၂၅ရက်က စစ်ဆေးခြင်းပြီးစီးခဲ့ကာ ရဲစည်းကမ်းထိန်းသိမ်းရေး ဥပဒေအရ အရေးယူရန် ရဲဌာနချုပ်ထံ တင်ပြထားကြောင်း တိုင်းရဲတပ်ဖွဲ့မှူးရုံးမှ ဒုတိယ ရဲမှူးကြီးတင်ဦးက ပြောသည်။
“ပြစ်ဒဏ်ကိုတော့ ပြောလို့ မရ သေးဘူး၊ ရဲဌာနချုပ်က အတည်ပြုပြီးမှ ပြောလို့ရမယ်”ဟု ၎င်းက ဆိုသည်။
ထားဝယ်မြို့နယ် ရဲတပ်ဖွဲ့မှူး၊ ထားဝယ်မြို့မရဲစခန်းမှူးနှင့် ရိုက်ခဲ့သည့် ရဲတပ်သားတို့အား ရဲစည်းကမ်းထိန်း သိမ်းရေး ဥပဒေအရ အရေးယူသည့်အပြင် ရိုက်နှက်သည့်ရဲတပ်သားအား အရပ် ဘက်တရားရုံးတွင် လူသတ်မှုဖြင့် ထပ် မံတရားစွဲဆိုထားကြောင်း ဒုတိယ ရဲမှူးကြီး တင်ဦးက ပြောသည်။
မတ်လ ၇ ရက်က ဖြစ်သည့် ဖြစ်စဉ်တွင် ပါဝင်သည့် ယင်းစက်ရုံမှ အလုပ်သမားတစ်ဦးအား တာဝန်ဝတ္တရား နှောင့်ယှက်မှု နှင့်ဆဲဆိုမှုတို့ဖြင့် ထားဝယ်မြို့မရဲစခန်းမှ ဒုရဲအုပ်တစ်ဦးက တရားလိုလုပ်ကာ ထားဝယ်မြို့နယ် တရားရုံးတွင် ပုဒ်မ ၃၅၃၊ ၂၉၄ တို့ဖြင့် အမှုဖွင့်ထားကြောင်း အမှုဖွင့်ခံရသည့် အလုပ်သမားဖြစ်သူ ကိုအောင်ဖြိုးလင်း က ပြောသည်။

Dawei Watch

Sunday, May 1, 2016

ရှမ်းမြောက် မန်တုံမှာ တိုက်ပွဲဖြစ်ပွား

 ရှမ်းပြည် မြောက်ပိုင်း မန်တုံမြို့နယ် ထဲမှာ တအာင်း အမျိုးသား လွတ်မြောက်ရေး တပ်မတော် TNLA နဲ့ ရှမ်းပြည် ပြန်လည် ထူထောင်ရေး ကောင်စီ RCSS တို့ မေလ ၁ ရက်က တနေကုန် တိုက်ပွဲတွေ ဖြစ်နေ ပါတယ်။

ပြီးခဲ့တဲ့ ရက်ကလည်း အစိုးရ တပ်မတော်နဲ့ တိုက်ပွဲ ဖြစ် ခဲ့ပါတယ်။

အစိုးရသစ်နဲ့ TNLA ကြား ငြိမ်းချမ်းရေး အတွက် တရားဝင် ကမ်းလှမ်းတာ မရှိသေးပေမယ့် TNLA ဘက်က ဆွေးနွေးလိုကြောင်း ထုတ်ပြန်ထားပါတယ်။

ဒုတိယ ပင်လုံညီလာခံ ခေါ်ဖို့ ဒေါ်အောင်ဆန်းစုကြည် ကမ်းလှမ်းချက်ကို TNLA ဘက်ကကြိုဆိုပေမယ့် တပ်ရဲ့ သဘောထားက အရေးကြီးတယ်လို့ TNLA ပြောခွင့်ရ ဗိုလ်မှူး မိုင်အိုက်ကျော် က ဆိုပါတယ်။

ကွတ်ခိုင် ဘက်မှာ အစိုးရ စစ်ကြောင်း ရှိနေလို့ စစ်ရှောင် ဒုက္ခသည် တွေ ၆ဝဝ လောက် ကျန်ရှိနေတယ်လို့ ဆိုပါတယ်။

တိုက်ပွဲတွေ ကြားမှာ ထောင်ခဲ့တဲ့ မြေမြုပ်မိုင်းတွေ ကြောင့် ပြီးတဲ့ ရက်က နိုင်ငံခြားသား တွေနဲ့ ဧည့်လမ်းညွန်တို့ ထိခိုက် ခဲ့တာဟာ TNLA က သူတို့ကြောင့် မဟုတ်ဘူးလို့ TNLA ပြောခွင့်ရ ဗိုလ်မှူး မိုင်အိုက်ကျော် က ငြင်းဆန် လိုက် ပါတယ်။

မြေမြှုပ်မိုင်း အသုံးပြုမှု မရှိဘူးလို့လည်း TNLA ဘက် က ငြင်းဆိုပါတယ်။
BBC

မန္တလေးတိုင်း လေပြင်းတိုက်မှု လူ ၃ ဦးသေ၊ အိမ် ၇ဝဝ ပျက်စီး


ဓါတ်ပုံ ။ ။ MOI 
မန္တလေးတိုင်းဒေသကြီး ရမည်းသင်းမြို့နယ်မှာ မနေ့ညနေက လေပြင်းတိုက်ခတ်ပြီး မိုးကြီးတာကြောင့် လူနေအိမ်ခြေ ၇ဝဝ ကျော် ပျက်စီးပြီး ဒေသခံ ၃ ဦး သေဆုံးခဲ့ပါတယ်။

မန္တလေးတိုင်းအတွင်းမှာ ရမည်းသင်းမြို့နယ်က လေဘေးဒဏ်ခံရပြီး ပျက်စီးဆုံးရှုံးမှု အဆိုးဝါးဆုံးဖြစ်တယ်လို့ မန္တလေးတိုင်း လျှပ်စစ်၊ စွမ်းအင်နဲ့ ဆောက်လုပ်ရေးဝန်ကြီး ဦးဇာနည်အောင် က ပြောပါတယ်။

"ရမည်းသင်း အဆိုးဆုံးဟုတ်တယ်၊ မနေ့က စဉ့်ကိုင်တို့ ဘာတို့လည်းပဲဖြစ်တယ်၊ သို့သော် ရမည်းသင်းလောက် မပြင်းထန်ဘူးပေါ့ဗျာ၊ ကျနော်တို့ ရမည်းသင်းမြို့နယ်တစ်ခုလုံးမှာ သေဆုံးတာက ၃ ဦးရှိပါတယ်၊ အုတ်တံတိုင်းပေါ့ နံရံပြိုကျပြီးပိလို့သေတာက ၁ ဦး၊ သစ်ပင်ပိလို့ သေတာက ၂ ဦးပေါ့ဗျာ၊ ၃ ဦး သေဆုံးတယ်"

ထိခိုက်ဒဏ်ရာရရှိသူ ၉ ဦးဟာ မန္တလေးဆေးရုံကြီးမှာ ဆေးကုသခံနေပြီး အခြေအနေစိုးရိမ်ရသူ တစ်ဦးကို နေပြည်တော် ကုတင်တစ်ထောင်ဆေးရုံကြီးကို ပို့ဆောင်ထားပါတယ်။ ဒါ့အပြင် ကျွဲ၊ နွားတိရစ္ဆာန် တစ်ထောင်နီးပါး သေဆုံးခဲ့ပါတယ်။

ကျောက်ဆည်မြို့နယ် အနောက်သာဂရရွာမှာလည်း နေအိမ် ၂ဝ ကျော် ပျက်စီးပြီး ဒေသခံတစ်ဦး မိုးကြိုးထိမှန်သေဆုံးခဲ့ပါတယ်။

မနေ့ညနေက လေပြင်းတိုက်ခတ်မှုကြောင့် မန္တလေးတိုင်းဒေသကြီး စဥ့်ကိုင်၊ ပျော်ဘွယ်၊ မိတ္ထီလာ၊ လယ်ဝေး စတဲ့မြို့နယ်တွေမှာ နေအိမ်ပျက်စီးဆုံးရှုံးမှုတွေ ရှိခဲ့သလို ပဲခူးတိုင်းဒေသကြီး ပန်းတောင်းမြို့နယ်မှာလည်း နေအိမ် ၄ဝဝ နီးပါး အမိုးအကာတွေ ပျက်စီးခဲ့ပါတယ်။

ပန်းတောင်းမြို့နယ်မှာ ပျက်စီးဆုံးရှုံးမှုတန်ဖိုး ကျပ်သိန်းပေါင်း ၂၅ဝ ကျော်ရှိတယ်လို့ ကျေးလက်ဒေသ ဖံွ့ဖြိုးတိုးတက်ရေးဦးစီးဌာန တာဝန်ရှိသူတွေက ပြောပါတယ်။

ဧပြီလ ၃ဝ ရက်နေ့ကနေ လာမယ့် မေလ ၅ ရက်နေ့အထိ စစ်ကိုင်း၊ ပဲခူး၊ တနင်္သာရီ၊ ကချင်၊ ရှမ်း၊ ချင်း၊ ရခိုင်၊ ကယား၊ ကရင်၊ မွန် စတဲ့တိုင်းနဲ့ ပြည်နယ်တွေမှာ မိုးထစ်ချုန်းရွာပြီး လေပြင်းတိုက်ခတ်တာ၊ မိုးသီးကြွေကျတာနဲ့ မိုးကြိုးပစ်တာ စတဲ့သဘာဝဘေးအန္တရာယ်တွေ ဖြစ်ပေါ်နိုင်တဲ့အတွက် သတိပြုနေထိုင်ကြဖို့ မိုးလေဝသနဲ့ ဇလဗေဒညွှန်ကြားမှုဦးစီးဌာနက သတိပေးထားပါတယ်။

RFA Burmese

ဝန်ကြီးများ စစ်ဆေးချိန်မို့ ကုမ္ပဏီ များ အလုပ်ရပ်နား


ဖားကန့်ကျောက်စိမ်းတွင်းဒေသမှာ မြေစာသယ်ကားတွေအသုံးပြုပြီး ကျောက်စိမ်းတူးဖော်လုပ်ကိုင်နေမှုကို ၂၀၁၄ ခုနှစ် နိုဝင်ဘာလ အတွင်းကတွေ့ရစဉ်။ Photo: Kyaw Myo Min/ RFA
သယံဇာတနဲ့ သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဋ္ဌာန ပြည်ထောင်စုဝန်ကြီးနဲ့ ကချင်ပြည်နယ် အစိုးရအဖွဲ့ဝင် တချို့ဖားကန့်ကျောက်စိမ်းတွင်းဒေသမှာ ကွင်းဆင်းစစ်ဆေးနေတဲ့အတွက် ကျောက်မျက်ကုမ္ပဏီတွေက စက်ယန္တရားတွေနဲ့ ကျောက်စိမ်းတူးဖော်လုပ်ကိုင်နေမှုတွေကို ယာယီရပ်နားထားတယ် လို့ ပြည်နယ်လွှတ်တော် ကိုယ်စားလှယ်တွေက ပြောပါတယ်။

ကုမ္ပဏီတွေဟာ မနေ့ကအထိ ယန္တရားတွေနဲ့ တူးဖော်လုပ်ကိုင်နေပေမယ့် ဒီကနေ့မှာ ရပ်နားထားတာ တွေ့ရတယ် လို့ ဖားကန့်မြို့နယ် မဲဆန္ဒနယ် အမှတ် ၂ ရဲ့ ပြည်နယ်လွှတ်တော် ကိုယ်စားလှယ် ဦးဒါရှီလဆိုင်းက ပြောပါတယ်။

"ကျနော်တို့ဝန်ကြီးအဖွဲ့တွေ လာရောက်မယ်လို့ကြားလိုက်တဲ့အချိန်မှာဝန်ကြီးအဖွဲ့များ လာရောက် ပြီးတော့ ဖြတ်သန်းသွားမယ့်လမ်းကြောမှာ ရှိနေတဲ့ ကျောက်မျက်လုပ်ငန်း လုပ်နေတဲ့ကုမ္ပဏီတွေကျတော့ နဂိုမူလသူတို့လုပ်နေတဲ့ပုံစံမဟုတ်ပဲနဲ့ ရပ်နားထားတဲ့ အနေအထားပေါ့နော်၊ အဲ့လိုမျိုး ကျနော်တို့တွေတွေ့ ရတယ်၊ လွန်ခဲ့တဲ့ ၂ ရက်ထဲက အဲ့လမ်းပေါ်မှာသူတို့တွေက မြေစာသယ်ယာဉ်တွေဖြတ်သန်းသွားလာနေ တာပေါ့နော်၊ ဒီနေ့ကတော့ ရှင်းလင်းနေတဲ့အနေအထားဆိုတော့ အများကြီးကွာဟနေတာတွေ့ရပါတယ်"

ပြည်ထောင်စုဝန်ကြီး ဦးအုန်းဝင်းနဲ့ ပြည်နယ်အစိုးရအဖွဲ့က သယံဇာတနဲ့ သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေး ဝန်ကြီး၊ ကျောက်မျက်လုပ်ငန်းရှင်များအသင်းက တာဝန်ရှိသူတွေအပါအဝင် ဋ္ဌာနဆိုင်ရာအရာရှိတွေက ဒီကနေ့ မနက်ပိုင်းမှာ လုံးခင်းကျောက်စိမ်းတူးဖော်ရေးရုံးမှာ ကုမ္ပဏီတာဝန်ရှိသူတွေ၊ ဝန်ထမ်းတွေနဲ့ တွေ့ဆုံခဲ့ပြီး ကျောက် စိမ်းလုပ်ကွက်တချို့ကို သွားရောက် စစ်ဆေးနေတာဖြစ်ပါတယ်။

ဝန်ကြီးနဲ့အဖွဲ့ကို ဆက်သွယ်လို့မရတဲ့အတွက် အသေးစိတ်ကိုတော့မသိရှိရသေးပါဘူး။

ဖားကန့်ကကျောက်စိမ်းတွင်းဒေသမှာ စက်န္တရားတွေနဲ့ တူးဖော်လုပ်ကိုင်နေတဲ့အတွက် မြေပြိုမှုတွေမကြာခဏဖြစ် ပွားပြီး လူသေဆုံးမှုတွေ၊ ရေကြီးမှုကြောင့် မြို့ရွာလူနေအိမ်ပျက်စီးမှုတွေစသဖြင့် သဘာဝပတ်ဝန်းကျင် ဆိုင်ရာ ပြဿနာတွေဖြစ်ပွားနေတယ်လို့ ဒေသခံတွေနဲ့ လွှတ်တော်ကိုယ်စားလှယ်တွေက ပြောပါတယ်။

အခုအစိုးရသစ်လက်ထက်မှာ သယံဇာတဲ့ သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဝန်ကြီး နဲ့အဖွဲ့ဟာ ဖားကန့်ဒေသကို ပထဆုံးအကြိမ်လာရောက်လေ့လာ တာဖြစ်ပါတယ်။

RFA Burmese

ကျောက်မျက်ကုမ္ပဏီတွေကို တိုင်ကြားရင် တင်းကြပ်ဖို့မှာကြား


ဖားကန့်မြို့နယ် လုံးခင်းကျေးရွာအုပ်စု ဆန်ခါကျေးရွာအနီးက မှော်ပုံ တောင်ကြောမှာ ကုမ္ပဏီတွေက ဝှက်ထားတဲ့ ကျောက်တူးဖော်ရေးလုပ်ငန်းမှာအသုံးပြုတဲ့ စက်ယန္တရားများကို တွေ့ရစဉ်။ Photo: Ko Tin Hlaing
ကျောက်မျက်တူးဖော်တဲ့ ကုမ္ပဏီတွေ စည်းကမ်းဖောက်ဖျက်ကြောင်း ပြည်သူတွေက သတင်းပေးတိုင်ကြားလာရင် အစိုးရဌာနဆိုင်ရာတွေအနေနဲ့ စည်းကမ်းပျက်တဲ့ ကုမ္ပဏီတွေကို ကြပ်မတ်ဆောင်ရွက်ဖို့ သယံဇာတနဲ့ သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဋ္ဌာန ပြည်ထောင်စုဝန်ကြီး ဦးအုန်းဝင်း က ပြည်နယ်အစိုးရအဖွဲ့ကို မှာကြားလိုက်ပါတယ်။

ပြည်ထောင်စုဝန်ကြီး ဦးအုန်းဝင်းဟာ ဒီကနေ့ညနေမှာ ကချင်ပြည်နယ်အစိုးရအဖွဲ့နဲ့ တွေ့ဆုံစဉ် ပြောကြားခဲ့တာလို့ အဲဒီတွေ့ဆုံပွဲကို တက်ရောက်ခဲ့တဲ့ ပြည်နယ် အစိုးရအဖွဲ့ ညွှန်ကြားရေးမှူး ဦးအေးမောင်ကြည် က ပြောပါတယ်။

ပြည်ထောင်စုဝန်ကြီး ဦးအုန်းဝင်းဟာ ဖားကန့်မြို့နယ်မှာ ကုမ္ပဏီတွေ ကျောက်စိမ်းတူးဖော်နေကြတဲ့ အခြေအနေတွေကို မနေ့ကသွားရောက်လေ့လာခဲ့ပြီး ပြည်နယ် ဝန်ကြီးချုပ်၊ လုံခြုံရေးနဲ့နယ်စပ်ရေးရာဝန်ကြီး စတဲ့ ကချင်ပြည်နယ်အစိုးရအဖွဲ့နဲ့ တွေ့ဆုံခဲ့တာဖြစ်ပါတယ်။

ဖားကန့်ကျောက်စိမ်းတူးဖော်ရေးလုပ်ငန်းတွေကို ပြည်ထောင်စုအစိုးရအဖွဲ့က တိုက်ရိုက် စီမံခန့်ခွဲနေတာဖြစ်ပြီး ကုမ္ပဏီတွေဟာ အင်အားကြီးစက်ယန္တရားတွေနဲ့ တူးဖော်လုပ်ကိုင်မှုကြောင့် သဘာဝပတ်ဝန်းကျင် ထိခိုက်ပျက်စီးနေတယ်ဆိုပြီး ဒေသခံတွေနဲ့ ပညာရှင်တွေက ပြောကြပါတယ်။

မေလကုန်မှာ မိုးရာသီရောက်ရှိလာပြီဖြစ်တဲ့အတွက် ကုမ္ပဏီတွေဟာ ကျောက်စိမ်းတူးဖော်ရေး လုပ်ငန်းတွေကို မကြာခင်ရပ်နားကြတော့မှာဖြစ်ပါတယ်။

RFA Burmese

ရခိုင်ပြည်နယ်ရှိ စစ်ဘေးရှောင် ဒုက္ခသည်များ ကူညီပံ့ပိုးရေး ပူးပေါင်းကော်မတီ (ယာယီ) ဖွဲ့စည်း


၊ ဧပြီ ၃၀
IMG20160430142026
ရခိုင်ပြည်နယ်တွင် အစိုးရတပ်မတော်နှင့် ရက္ခိုင့်တပ်မတော်တို့အကြား ဖြစ်ပွားသော စစ်ပွဲများကြောင့် ရပ်ရွာများကို စွန့်ခွာလာကြသော စစ်ဘေးရှောင် ဒုက္ခသည်များကို ကူညီရန်အတွက် ရန်ကုန်မြို့အခြေစိုက် ရခိုင်လူမှု အသင်း အဖွဲ့များစုပေါင်း၍ ရခိုင်ပြည်နယ် စစ်ဘေးရှောင် ဒုက္ခသည်များ ကူညီပံ့ပိုးရေး ပူပေါင်းကော်မတီ (ယာယီ) ကို ဧပြီလ ၃၀ ရက်နေ့က ဖွဲ့စည်းလိုက်သည်။
ရန်ကုန်မြို့ ရွှေတိဂုံအရှေ့ဘက်မုခ်အနီးရှိ ရခိုင်ပြည်နယ်ဓမ္မာရုံတွင် ရန်ကုန်အခြေစစ် ရခိုင်လူမှု အသင်း အဖွဲ့များက ဧပြီလ ၃၀ ရက်နေ့ မွန်းလွဲပိုင်းတွင် ပြုလုပ်သော အစည်းအဝေးက ယင်းကော်မတီကို ဖွဲ့စည်းလိုက်ခြင်းဖြစ်သည်။
အဆိုပါကော်မတီတွင် ဆရာတော် ဦးရက္ခ၀ံသ၊ ဦးဇော်အေးမောင်၊ ဒေါ်စောခင်တင့်၊ ဦးကျော်စိန်နှင့် ဒေါက်တာစံလှကျော် အပါအ၀င် နာယကကိုးဦး၊ ဦးတင်ထူးအောင်က ဥက္ကဋ္ဌနှင့် ဒုဥက္ကဋ္ဌ ၄ ဦး၊ အတွင်းရေးမှူးအဖွဲ့၊ ဘဏ္ဍာရေးအဖွဲ့နှင့် ပြန်ကြားရေးအဖွဲ့တို့ဖြင့် ဖွဲ့စည်းလိုက်သည်။
နာယကအဖွဲ့ဝင်တစ်ဦးဖြစ်သူ ဒေါ်စောခင်တင့်က “ရခိုင်ပြည်နယ်ဟာ မြန်မာနိုင်ငံထဲမှာ အဆင်းရဲဆုံး ဒေသတစ်ခုဖြစ်နေတယ်။ ဒီလို စစ်ပွဲတွေဖြစ်နေရင် ဒေသမတည်မငြိမ်ဖြစ်ပြီး ဖွံ့ဖြိုးတိုးတက်ရေးကို အဟန့်အတား ဖြစ်စေနိုင်တယ်။ ဒါကြောင့် ရခိုင်ပြည်နယ်မှာ ဖြစ်နေတဲ့ စစ်ပွဲကို အမြန်ဆုံး ရပ်စေချင်တယ်”ဟု အစည်းအဝေးတွင် ပြောကြားခဲ့သည်။

ယခုဖွဲ့စည်းလိုက်သော ကော်မတီသည် စစ်ကြောင့် ဒုက္ခရောက်နေသော စစ်ဘေးဒုက္ခသည်များကို ကူညီရန်အတွက်သာ ဖြစ်သည်ဟု သိရသည်။
“ဒီကော်မတီဟာ ဘယ်အဖွဲ့အစည်း၊ ဘယ်သူ့ရဲ့ လွှမ်းမိုးမှုကိုမှ မခံယူဘဲ လွတ်လပ်စွာ လုပ်ကိုင်သွားမယ်။ ဒီကိစ္စဟာ လုံခြုံရေးနဲ့ ပတ်သက်နေတဲ့အတွက် အထူးသတိထား ဆောင်ရွက်သွားရမယ်”ဟု နောက်နာယက တစ်ဦးဖြစ်သူ ဦးကျော်စိန်က ပြောသည်။
IMG20160430134953
ပံ့ပိုးကူညီရေးလုပ်ငန်းများအတွက် ယခင်ကလည်း ရန်ကုန်အခြေစိုက် လူမှုအဖွဲ့အစည်းများ ပူးပေါင်းပြီး လုပ်ကိုင်ခဲ့ကြသော်လည်း တာဝန်ရှိသူများကသာ တာဝန်ယူလုပ်ကိုင်ခဲ့ပြီး ပါဝင်ပတ်သက်သည့် အဖွဲ့အစည်းများကို အသိအမှတ်ပြုမှု အားနည်းခဲ့သည်ဟု တက်ရောက်လာသော လူမှု အဖွဲ့အစည်း ခေါင်းဆောင်များက ထောက်ပြဝေဖန်ခဲ့ကြသည်။
အဖွဲ့၏ ဥက္ကဋ္ဌအဖြစ် တာဝန်ယူဆောင်ရွက်မည့် ဦးတင်ထူးအောင်ကလည်း “ဘဏ္ဍာငွေရှင်းတမ်းတွေကို ထင်သာမြင်သာဖြစ်အောင် ပြုလုပ်သွားမယ်။ အရှင်းလင်းဆုံး၊ အပြတ်သားဆုံးနဲ့ လူထု ထောက်ခံမှု အများဆုံးရအောင် လုပ်သွားမယ်”ဟု ဂတိပေး ပြောကြားခဲ့သည်။
ယခုဖွဲ့စည်းလိုက်သော ရခိုင်ပြည်နယ် စစ်ဘေးရှောင် ဒုက္ခသည်များ ကူညီပံ့ပိုးရေး ပူပေါင်းကော်မတီ (ယာယီ) ကို ရှင်းရှင်းလင်းလင်း ဖြစ်စေရန်အတွက် ရန်ကုန်အခြေစိုက် ရခိုင်အသင်း အဖွဲ့များမှ တာဝန်ပိုင်းများကို မျှတအောင်ဖွဲ့စည်းထားပြီး အလှူငွေများကို သက်ဆိုင်ရာနယ်မြေအလိုက် တာဝန်ယူကောက်ခံသွားမည်ဟု သိရသည်။
 ၂၀၁၅ ခုနှစ်ကလည်း ရခိုင်စစ်ဘေးရှောင်များကို ကူညီနိုင်ရန် ရန်ကုန်အခြေစိုက် အသင်းအဖွဲ့များစုပေါင်း၍ ကော်မတီတစ်ရပ်ဖွဲ့စည်းကာ အကူအညီများ ပံ့ပိုးပေးခဲ့သေးသည်။
 စံမောင်သန်း - နိရဉ္စရာ