Pages

Friday, July 29, 2016

မဲဆောက်ဒေသအတွင်း မြန်မာရွှေ့ပြောင်းအလုပ်သမားများ ဖမ်းဆီးခံရမှု ရာချီရှိနေ



ဇူလိုင် ၂၉ရက်၊ ၂၀၁၆ခုနှစ်။

ထိုင်းစစ်တပ်ဦးဆောင်သည့် ပူးပေါင်းအဖွဲ့စုံမှ ထိုင်းနိုင်ငံ၊ တာ့ခ်ခရိုင်၊ မဲဆောက်ဒေသအတွင်း မြန်မာရွှေ့ပြောင်း အလုပ်သမားများကို ဇူလိုင် ၂၇ရက်နေ့မှစပြီး စီမံချက်(၅)ခုဖြင့် လိုက်လံဖမ်းဆီးရာ ယနေ့အချိန်အထိ လူဦးရေ ၃၀၀ နီးပါး ဖမ်းဆီးခံရမှုရှိသည်ဟု မြန်မာအလုပ်သမားအရေးဆောင်ရွက်နေသူများက ပြောသည်။

ကနဦးသတင်းအရ ဇူလိုင် ၂၉ရက်နေ့နောက်ပိုင်းမှစ၍ အထောက်အထား မရှိသူ၊ အလုပ်ရှင်အလုပ်သမား အထောက်အထားလွဲနေသူ၊ တရားမဝင် ဈေးရောင်းသူ၊ မူးယစ်ဆေးဝါး၊ ကြက်၊ ချဲ လောင်းကစား စသည့် ရာဇဝတ်မှုပြုသူ၊ တရားမဝင် အလုပ်သမားပွဲစားများစသည့် စီမံချက်(၅)ခုဖြင့် ထိုင်းအာဟာပိုင်များက ဖမ်းဆီးမည် ဖြစ်သော်လည်း ၂၇ရက်နေ့ညတွင် ထိုင်းစစ်တပ်က ဖမ်းဆီးနေခြင်းဖြစ်သည်ဟု မြန်မာပြည်သား များအရေး ပူးတွဲလှုပ်ရှားမှု ကော်မတီ-JACBA ဥက္ကဌ ဦးမိုးကြိုးက ကေအိုင်စီသို့ ပြောသည်။

“မနေ့ကဆိုရင် ခန့်မှန်းခြေ အယောက်ကိုးဆယ်လောက် ဖမ်းတယ်။ ဒီနေ့ဆိုရင် တစ်ရာနီးပါး လောက်ရှိပြီ။ ၂၇ရက်နေ့ကနေ ဒီနေဆိုရင် သုံးရာနီးပါလောက်ရှိနေပြီ၊ ဒီမဲဆောက်မှာ။ အဖမ်းခံရတဲ့နေရာတွေက မယ်တော်၊ လောဇုရပ်ကွက်တွေမှာ၊ ဟွေးမုတ်ကျေးရွာက လှေဂိတ်တွေမှာ ဖမ်းတယ်။ နောက် မယ်ကု တိုက်နယ်ဘက်က ရွာတွေမှာလည်း ကားတွေနဲ့ ဖမ်းတယ်״ဟု ဦးမိုးကြိုးက ပြောသည်။

ဖမ်းဆီးခံရသောအလုပ်သမားများကို ထိုင်းရဲအချုပ်ကားများဖြင့် မြန်မာဘက်ခြမ်းသို့ နာရီပိုင်းအတွင်း ပြန်လည် ပို့ဆောင်ပြီး ယခုဖမ်းဆီးမှုသည် ထိုင်းနိုင်ငံ၏ နိုင်ငံရေးကမောက်ကမာ့ အခြေအနေကြောင့်ဖြစ်သလို ဇူလိုင် ၂၉ရက်နေ့သည် ယာယီနေထိုင်အလုပ်လုပ်ကိုင်ခွင့်(ပန်းရောင်ကဒ်)ထုတ်ပေးမည့် နောက်ဆုံးနေ့ဖြစ်သည့် အတွက် ထိုင်းအလုပ်ရှင်များအား ဖိအားပေးသည့် သဘောလည်း ဖြစ်သည်ဟု ဦးမိုးကြိုးက ဆက်ပြောသည်။

ယခုဖမ်းဆီးမှုတွင် ထိုင်းစစ်တပ်မှ ဦးဆောင်ပြီး ထိုင်းနယ်ခြားစောင့်တပ်ဖွဲ့၊ ထိုင်းလူဝင်မှုကြီးကြပ်ရေးရဲ၊ ယာဉ်ထိန်းရဲ၊ မှုခင်းရဲ၊ ပြည်သူ့စစ်၊ ကျေးလက်နှင့် ဒေသန္တရဖွံ့ဖြိုးရေးအဖွဲ့နှင့် အလုပ်သမားဌာနမှ တာဝန်ရှိသူများ ပါဝင်သည့် ပူးပေါင်းအဖွဲ့စုံမှ ဖမ်းဆီးခြင်းဖြစ်ပြီး တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် ဖမ်းဆီးနေသည်ဟုလည်း JACBA က ဆိုသည်။

မဲဆောက်မြို့ ရွှေ့ပြောင်းအလုပ်သမားတစ်ဦးဖြစ်သူ မစိမ့်မိမ့်အေးက “မနေ့က ကျမတို့ (ဟွေးမုတ်)ရပ်ကွက်မှာ လာဖမ်းတယ်။ လက်မှတ်မရှိတဲ့သူ ၈၀ကျော်လောက် ပါသွားတယ်။ ထိုင်းအစိုးရက သတ်မှတ်ထားတဲ့ လုပ်ခ လစာလည်း အပြည့်မရကြတော့ ဝင်ငွေက နည်းတယ်။ မိသားစုစားဝတ်နေရေးအတွက်ပဲ ရုန်းကန်နေရတော့ ဒီအလုပ်သမားကဒ် မလုပ်နိုင်ကြဘူး။ အလုပ်ရှင်တွေဘက်ကလည်း တာဝန်ယူပေးတာမျိုး အားနည်းတော့ အရမ်းနစ်နာစေတယ်״ဟု ကေအိုင်စီသို့ ပြောသည်။

ထိုင်းနိုင်ငံတွင် မြန်မာရွှေ့ပြောင်းအလုပ်သမား ၃သန်းခန့်ရှိသည့်အနက် ပန်းရောင်ကဒ် ကိုင်ဆောင်သူဦးရေ ၆သိန်းကျော်ရှိသည်ဟု မြန်မာအလုပ်သမားအရေး ဆောင်ရွက်နေသူများက ပြောသည်။ မဲဆောက်မြို့တွင် မြန်မာနိုင်ငံမှ လာရောက်ရွှေ့ပြောင်းနေထိုင်အလုပ်လုပ်ကိုင်နေသည့် အလုပ်သမားစုစုပေါင်း တစ်သိန်းကျော်ခန့် တည်ရှိပြီး အများစုမှာ ဆောက်လုပ်ရေး၊ အထည်ချုပ်၊ ဈေးရောင်းဈေးဝယ်၊ ညစောင့်အလုပ်သမားများ ဖြစ်ကြသည်။

စအိုင်ဆူး
ကေအိုင်စီ

မြန်မာနိုင်ငံ၏ စီးပွားရေမူဝါဒများရှင်းလင်းပြောကြား


နေပြည်တော် ဇူလိုင် ၂၉

ပြည်ထောင်စုတစ်ဝန်းလုံး၌ တတ်နိုင်သမျှ ညီတူညီမျှဖွံ့ဖြိုးမှုရရှိရန် အမျိုးသား ပြန်လည်သင့်မြတ်ရေးနှင့် အမျိုးသားပြန်လည်ရင်ကြားစေ့ရေးကို အခြေခံသည့် စီးပွား ရေးမူဝါဒကို အကောင်အထည်ဖော်သွားမည်ဖြစ်ပြီး အလုပ်အကိုင်ဖန်တီးရေးကို စီးပွားရေးမူဝါဒ၏ အခြေခံဖြစ်ရမည်ဟု ဆုံးဖြတ်ထားကြောင်း နိုင်ငံတော်၏အတိုင်ပင်ခံ ပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က မြန်မာနိုင်ငံ၏ စီးပွားရေးမူဝါဒများ ရှင်းလင်းပြောကြား ခြင်း အခမ်းအနားတွင် ပြောကြားလိုက်သည်။

ထို့ပြင် နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်က မိမိတို့နိုင်ငံရေးအရ သွားနေသည့်လမ်း သည် စီးပွားရေးအရ သွားနေသည့်လမ်း နှင့်လိုက်လျောညီထွေရှိရမည်ဖြစ်ကြောင်း၊ စီးပွားရေးမူဝါဒကိုအခြေခံသည့် အခြေခံအုတ်မြစ်များထဲတွင် အရေးအကြီးဆုံးတစ်ခုမှာ အမျိုးသားပြန်လည်သင့်မြတ်ရေးကိစ္စဖြစ်ပါကြောင်း၊ အမျိုးသားပြန်လည်သင့်မြတ်ရေး၊ အမျိုးသားပြန်လည်ရင်ကြားစေ့ရေး မရရှိဘဲ ရှေ့ဆက်သွား၍မရနိုင်ပါကြောင်း၊ တစ်ချိန် က မိမိတို့နိုင်ငံသည် ဒေသတွင်းနိုင်ငံများထက် စီးပွားရေးအခြေအနေကောင်းမွန်ခဲ့ ကြောင်း၊ သို့သော် နိုင်ငံရေးကျဆင်းသွားသည့်အခါ စီးပွားရေးပါကျဆင်းသွားပါကြောင်း။

ထို့ကြောင့် အမျိုးသားပြန်လည်သင့်မြတ်ရေးကို အင်မတန်အလေးထားပါကြောင်း၊ ညီညီညွတ်ညွတ်ရှိမှသာ မိမိတို့လုပ်ကိုင်လိုသည့် အလုပ်များကို အောင်မြင်အောင် လုပ်ဆောင်နိုင်မည်ဖြစ်ကြောင်း၊ ညီညီညွတ်ညွတ် လုပ်ကိုင်နိုင်ရန်အတွက် အမျိုးသား ပြန်လည်ရင်ကြားစေ့ရေးသည် အင်မတန်အရေးကြီးကြောင်း၊ စီးပွားရေးအရ တစ်နိုင်ငံ လုံးအတိုင်းအတာဖြင့် ညီညီမျှမျှ ဖွံ့ဖြိုးတိုးတက်ရေးကို စဉ်းစားရမည်ဖြစ်ကြောင်း ဆက်လက်ပြောကြားသည်။


ထို့ပြင် မိမိတို့နိုင်ငံတွင် ၇၀ ရာခိုင်နှုန်းသော ပြည်သူများသည် လယ်ယာစိုက်ပျိုး ရေးကိုမှီတင်းနေထိုင်ကြသူများဖြစ်ကြောင်း၊ စက်မှုကဏ္ဍကို ဦးတည်ဆောင်ရွက် လိုသော်လည်း လယ်ယာစိုက်ပျိုးရေးကို လျစ်လျူရှုထား၍မရပါကြောင်း၊ ယနေ့ခေတ် ကမ္ဘာကြီး တွင် အစားအသောက်ဖူလုံရေး(Food Security)ကို ပြောဆိုကြသော်လည်း လက်တွေ့ ကျကျ ဆောင်ရွက်မှုနည်းပါးပါကြောင်း၊ ထို့ကြောင့် မိမိတို့၏အခြေအနေကို အားသာ ချက်ရရှိအောင် ဆောင်ရွက်ရမည်ဖြစ်ပြီး လယ်ယာကဏ္ဍ၊ မွေးမြူရေးကဏ္ဍနှင့် စက်မှု ကဏ္ဍများကို ဘက်ညီတိုးတက်စေရန် ဆောင်ရွက်သွားမည်ဖြစ်ပါကြောင်း။

ပတ်ဝန်းကျင်ထိန်းသိမ်းမှုနှင့်အတူ မြို့ပြဖွံ့ဖြိုးမှုရရှိစေရန်လည်း ဆောင်ရွက်သွား မည်ဖြစ်ကြောင်း၊ သယံဇာတများကို ထုတ်ယူသုံးစွဲရာတွင် ပတ်ဝန်းကျင်ထိန်းသိမ်းရေး၊ လူမှုရေး၊ နိုင်ငံရေးကိုပါ အားလုံးပူးတွဲဆောင်ရွက်မှသာ ရေရှည်တွင် အောင်မြင်မှုရရှိနိုင် မည်ဖြစ်ပါကြောင်း၊ ပတ်ဝန်းကျင်ထိန်းသိမ်းရေးနှင့် စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုရရှိရေးကို ညီမျှစွာ ဒေသခံပြည်သူများ လက်ခံနိုင်သည့် အခြေအနေဖြင့် ဆောင်ရွက်သွားမည်ဖြစ် ကြောင်း၊ စီးပွားရေးဖွံ့ဖြိုးတိုးတက်ရေးအတွက် ရင်းနှီးမြှုပ်နှံမှုအခန်းကဏ္ဍနှင့် အခြေခံ အဆောက်အုံ ဖွံ့ဖြိုးတိုးတက်ရေးအခန်းကဏ္ဍများသည် အရေးကြီးသည့်အတွက် မူဝါဒ သီးခြား ထုတ်ပြန်သွားမည်ဖြစ်ကြောင်း ထည့်သွင်းပြောကြားခဲ့သည်။

မြန်မာနိုင်ငံ၏ စီးပွားရေမူဝါဒများရှင်းလင်းပွဲကို ယနေ့မွန်းလွဲ ၁ နာရီတွင် နေပြည်တော်ရှိ မြန်မာအပြည်ပြည်ဆိုင်ရာကွန်ဗင်းရှင်းဗဟိုဌာန ၂ ၌ ကျင်းပရာ ပြည်ထောင်စုဝန်ကြီးများ၊ နိုင်ငံတကာသံရုံးများမှ သံအမတ်ကြီးများနှင့် သံရုံးတာ ၀န်ခံများ၊ ကုလသမဂ္ဂအဖွဲ့ အစည်းများ၊ အခွန်ထမ်းကြီးများ၊ ပုဂ္ဂလိကလုပ်ငန်း ရှင်များ၊ အပြည်ပြည်ဆိုင်ရာမိတ်ဖက် အဖွဲ့အစည်းများ တက်ရောက်ခဲ့ကြသည်။

ရှင်းလင်းပွဲ၌ စီမံကိန်းနှင်ဘဏ္ဍာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးကျော်ဝင်း က နိုင်ငံတော်၏စီးပွားရေးမူဝါဒတွင် အခြေခံမည့် မူဝါဒ ၁၂ ချက်အား ရှင်းလင်းခဲ့သည်။

အဆိုပါနိုင်ငံတော်၏ စီးပွားရေးမူဝါဒ ၁၂ ချက်မှာ-

■ ပွင့်လင်းမြင်သာပြီး ကောင်းမွန်တောင့်တင်းသည့် ပြည်သူ့ဘဏ္ဍာရေးစီမံခန့်ခွဲမှုစနစ်ဖြင့် ဘဏ္ဍာရေးအရင်း အမြစ်များ တိုးတက်ပွားများလာအောင် ဆောင်ရွက်ရန်။

■ နိုင်ငံပိုင်စီးပွားရေးလုပ်ငန်းများ ပိုမိုအောင်မြင်စေရန်ဆောင်ရွက်ခြင်း၊ ပြုပြင် ပြောင်းလဲလုပ်ကိုင်နိုင်ခြေရှိသော လုပ်ငန်းများကို ပုဂ္ဂလိကပိုင်အဖြစ် ပြောင်းလဲလုပ် ဆောင်ခြင်းတို့အပြင် အလုပ်အကိုင်ရရှိရေးနှင့် စီးပွားရေးတိုးတက်မှုကို အထောက် အကူပြုသည့် အသေးစားနှင့်အလတ်စားစီးပွားရေးလုပ်ငန်းများကို ပံ့ပိုးကူညီပေးရန်။

■ ခေတ်မီဖွံ့ဖြိုးသောစီးပွားကိုဖြစ်ထွန်းနိုင်စေသည့် လူ့အရင်းအမြစ်များ မွေးထုတ် ပေးနိုင်ရန်နှင့် ပညာရပ်ပိုင်းဆိုင်ရာ အသက်မွေးဝမ်းကျောင်းပညာရပ်များကို ဖွံ့ဖြိုးတိုး တက်အောင် ဆောင်ရွက်ရန်။

■ လျှပ်စစ်ဓာတ်အား၊ လမ်းများ၊ ဆိပ်ကမ်းများ စသည့်အခြေခံစီးပွားရေး အဆောက်အအုံများ လျင်မြန်စွာတိုးတက်လာစေရေးကို ဦးစားပေးဆောင်ရွက်ရန်နှင့် Data ID Card System၊ Digital Government Strategy နှင့် e-Government System တို့ကို ထူထောင်သွားရန်။

■ ပြည်တွင်းနေနိုင်ငံသားများနှင့် နိုင်ငံရပ်ခြားမှ ပြန်လည်ရောက်ရှိလာသော မြန်မာနိုင်ငံသားများ အားလုံးအတွက် အလုပ်အကိုင်အခွင့်အလမ်းများ ဖော်ထုတ်ပေး ရန်နှင့် အလုပ်အကိုင်အခွင့်အလမ်းမြင့်မားသော စီးပွားရေးလုပ်ငန်းများကို ကာလတို အတွင်းပိုမိုဦးစားပေးဆောင်ရွက်ရန်။

■ ဘက်စုံဖွံ့ဖြိုးတိုးတက်ရေး၊ စားနပ်ရိက္ခာဖူလုံစေရေးနှင့် ပို့ကုန်မြှင့်တင်နိုင်ရေးတို့ အတွက် လယ်ယာကဏ္ဍ၊ မွေးမြူရေးကဏ္ဍနှင့် စက်မှုကဏ္ဍများ ဘက်ညီစွာတိုးတက် လာစေရန်နှင့် လယ်ယာစက်မှုကဏ္ဍ ချိန်ခွင်လျှာညီသည့် စီးပွားရေးပုံစံဖော်ထုတ်ရန်။

■ ဈေးကွက်စီးပွားရေးစနစ်နှင့်အညီ ပုဂ္ဂလိကကဏ္ဍ တိုးတက်ရေးအတွက် နိုင်ငံသားတိုင်း မိမိတို့ လုပ်ကိုင်လိုသည့် စီးပွားရေးလုပ်ငန်းများကို လွတ်လပ်စွာ လုပ်ကိုင်ခွင့်ရရှိစေရန်နှင့် ပြည်ပရင်းနှီးမြှုပ်နှံမှုများ တိုးမြှင့်ရန်အတွက် မူဝါဒများ သီးခြား ရေးဆွဲဆောင်ရွက်ရန်၊ မူပိုင်ခွင့်များနှင့် တရားဥပဒေစိုးမိုးမှုရှိစေရေးအတွက် တိုးမြှင့် ဆောင်ရွက်ရန်။

■ အိမ်ထောင်စုများ၊ တောင်သူလယ်သမားများနှင့် စီးပွားရေးလုပ်ငန်းများကို ရေရှည်ဖွံ့ဖြိုးတိုးတက်စေရေး အထောက်အကူပြုနိုင်မည့် ငွေရေးကြေးရေးစနစ်ဖြင့် ဘဏ္ဍာရေးတည်ငြိမ်မှု ရရှိလာစေရေးဆောင်ရွက်ရန်။

■ သဘာဝပတ်ဝန်းကျင်များကို ရေရှည်ထိန်းသိမ်းနိုင်ရန်အတွက် လိုက်လျောညီ ထွေဖြစ်စေမည့် မြို့ပြများ တည်ထောင်ရန်၊ ပြည်သူ့ဝန်ဆောင်မှုလုပ်ငန်းများ အဆင့် မြှင့်တင်ရန်တို့အပြင် အများပြည်သူနှင့် သက်ဆိုင်သည့် နေရာများ တိုးချဲ့ဖော်ထုတ်ရန် နှင့် ယဉ်ကျေးမှုအမွေအနှစ်များကို ပိုမိုစောင့်ရှောက်ထိန်းသိမ်းရေးတို့အတွက် ဆောင်ရွက်ရန်။

■ နိုင်ငံတော်၏ ဝင်ငွေတိုးတက်ရရှိရန် အကျိုးသက်ရောက်မှုရှိပြီး မျှတသော အခွန်စနစ် ထူထောင်၍ ပြည်သူများ၏ အခွင့်အရေးနှင့် ပစ္စည်းဥစ္စာပိုင်ဆိုင်ခွင့်ကို ဥပဒေများ၊ လုပ်ထုံးလုပ်နည်းများ ပြဋ္ဌာန်းလျက် အကာအကွယ်ပေးရန်။

■ တီထွင်ဖန်တီးမှုစွမ်းရည်များနှင့် အဆင့်မြင့်နည်းပညာ တိုးတက်မှုများကို အားထုတ်ကြိုးပမ်းဖြစ်ပေါ်နိုင်စေသည့် အသိဉာဏ်ပစ္စည်းပိုင်ဆိုင်မှုအတွက် အထောက် အပံ့ဖြစ်စေသော နည်းစနစ်များ၊ လုပ်ထုံးလုပ်နည်းများ ပြဋ္ဌာန်းဆောင်ရွက်ရန်။

■ စီးပွားရေးလုပ်ငန်းများကို ဆောင်ရွက်ရာတွင် အာဆီယံဒေသတွင်း သာကမ အခြားဒေသများ အတွင်း၌လည်း တိုးတက်ပြောင်းလဲလာနိုင်ဖွယ်ရှိသော အခြေအနေ များကို ဖော်ထုတ်၍ မိမိတို့၏ စီးပွားရေးလုပ်ငန်းများကို အမြော်အမြင်ကောင်းများဖြင့် အခြေတည်ထူထောင်ရန် တို့ဖြစ်သည်။

Myanmar State Counsellor Office

Wednesday, July 27, 2016

မောင်တောနယ်ခြားစောင့် ရဲကင်းစခန်းတွင် WYမူးယစ်ဆေးပြား ၃သိန်းခန့် ဖမ်းဆီးရမိပြီး ရဲ ၇ဦးကို ဖမ်းဆီးထား


ဇူလှိုင် ၂၇၊မောင်တော။

ရခိုင်ပြည်နယ်၊ မောင်တောမြို့ရှိ အမှတ် (၁)နယ်ခြားစောင့်ရဲတပ်ဖွဲ့၏ လက်အောက်တွင်ရှိသော ကျောက်ပန္တု(နတလ)ကင်းစခန်းအတွင်းတွင် WYမူးယစ်ဆေးပြား ၃သိန်းခန့်ကို ဇူလှိုင်လ ၂၆ရက် နေ့လည်ပိုင်းက ရှာဖွေဖမ်းဆီးနိုင်ခဲ့ကြောင်းကို အမှတ် (၁)နယ်ခြားစောင့်ရဲကွပ်ကဲမှုအဖွဲ့ အလယ်သံကျော်စခန်းမှ သိရသည်။

"ဒေသခံတစ်ဦးက သတင်းပေးလို့ ဝင်ရောက်ရှာဖွေဖမ်းဆီးတာမှာ ကင်းစခန်းမီးဖိုခန်းက
 မြေအောက်ထဲမှာ ဖွက်ထားတာ။ အခုလောလောဆယ်တော့ တပ်ဖွဲ့ဝင် ၇ဦးကို စစ်ဆေးနေပြီးတော့ ရဲလုပ်ငန်းဥပဒေတွေအရ အမှုဖွင့်အရေးယူသွားဖို့ ဆောင်ရွက်နေပါတယ်" ဟု အလယ်သံကျော်စခန်းမှ တာဝန်ကျ ရဲအရာရှိတဦးမှ ပြောသည်။

ရခိုင်ပြည်နယ်၊ မောင်တောမြို့၊ အမှတ် (၁)နယ်ခြားစောင့်ရဲတပ်ဖွဲ့၏ လက်အောက်ရှိ ကျောက်ပန္တု (နတလ)ကင်းစခန်းအတွင်း WYမူးယစ်ဆေးပြား၆သိန်း သိုလှောင်ထားကြောင်းကို သတင်းရရှိသဖြင့် အမှတ်(၂)နယ်ခြားစောင့်ရဲတပ်ဖွဲ့ခွဲမှူး ယာယီဒုတိယရဲမှူးကြီးတင့်ဇော်ဦးနှင့်အဖွဲ့မှ သွားရောက်ရှာဖွေရာ ကင်းစခန်းမီးဖိုခန်းတွင် မြေတူးကာ ဖွက်ထားသော WYမူးယစ်ဆေး ၃သိန်းခန့် (၂၉၂၅၀၀)ကို ရှာဖွေဖမ်းဆီးနိုင်ခဲ့ပြီး ရဲတပ်ဖွဲ့ဝင် ၇ဦးကို ဖမ်းဆီးထိမ်းသိမ်းကာ တရားဥပဒေအရ အရေးယူသွားရန် စီစဉ်နေကြောင်း သိရသည်။

မြင့်မြတ်ဖြူ
Central News Myanmar

သခင် မယ်တော်ကြီး နောက်ဆုံး အကြိမ်ချဲနံပါတ်ပေး


27July2016

ထိုင်းနိုင်ငံ ဆူကိုထိုင်း ပြည်နယ်အတွင်းက Ban Dan Lan Hoi District ဘန့် ဒင်လန်ခရိုင် အတွင်းမှာ ရှိတဲ့ ရှေးဟောင်း သစ်တုံး ကြီး နန်ကွန်း ကိုစောင့် ရှောက်နေတဲ့ သခင်မယ်တော်ကြီးဟာ လူတယောက်ကို ၀င်ပူးပြီး ချဲနံပါတ် ပေးခဲ့တာကို ယုံကြည်ပြီး ထိုးကြ တဲ့သူတွေ ပြည်နယ်တခုလုံး ချဲပေါက်ခဲ့ တာ နှစ်ပါတ်ရှိပြီဖြစ်ပါတယ်။


ယခုအပါတ်မှာ တော့ ချဲနံပါတ် နောက်ဆုံးပေးမယ့်ပွဲဖြစ်တာကြောင့် တနိုင်ငံလုံး လာရောက် နံပါတ်ယူကြသူတွေ လမ်းမကြီး တလျောက်ပြည့်နေလို့  ကားတွေဆက် မသွားနိုင်တော ဘဲ လမ်းလျောက်ပြီး နတ်နန်းကို သွားခဲ့ကြ ရပါတယ်။

ယခုအပတ် အတွက် သုံးလုံး 213 -နှစ်လုံး 70 ဖြစ်ပါတယ် နတ်ဝင်ပူးစဉ် လက်ချောင်းတွေနဲ့  နံပါတ်ကိုပြသွားတာဖြစ်ပြီး ဒီအပါတ်မှာ ၂၁၃-၇၀ ကိုဒိုင်တွေကြောက်ပြီး ဒိုင်စားချန်ထားလို့  ၀ယ်လို့ မရတောကြောင်း သိရပါတယ်။

(SAW)
Khaosod

နယ်စပ်ရှိ ထိုင်း စီမံကိန်းမြေနေရာ မြန်မာကလည်း ပိုင်ဆိုင်တယ်လို့ တင်ပြ


ထိုင်းနယ်စပ်က ခရာချန် အမျိုးသားသစ်တောဥယျာဉ်ကို တွေ့ရစဉ်။ Photo: wikipeadia
ထိုင်းနိုင်ငံက ကမ္ဘာ့သမိုင်း အမွေအနှစ်နေရာအဖြစ် သတ်မှတ်ဖို့ ကုလသမဂ္ဂ ယူနက်စကိုအဖွဲ့ကို တင်ပြထား တဲ့  နေရာအ၀န်းအ၀ိုင်းမှာ မြန်မာ့ပိုင်နက် ပါဝင်နေတာကြောင့်၊ မြန်မာနိုင်ငံကလည်း ကိုယ့်ပိုင်နက် ပါဝင်နေတဲ့ အပိုင်းကို ကမ္ဘာ့သမိုင်းအမွေအနှစ်နေရာအဖြစ် သီးခြားတင်ပြမယ်လို့ သိရပါတယ်။

ထိုင်း မြန်မာနယ်စပ်မှာရှိတဲ့ ခရာချန် အမျိုးသား သစ်တောအ၀န်းအ၀ိုင်းကို ကမ္ဘာ့သမိုင်း အမွေအနှစ်နေရာအဖြစ် အသိအမှတ်ပြုခံရဖို့ ကြိုးပမ်းနေပါတယ်။

ဒါပေမဲ့ ထိုင်းက တင်ပြထားတဲ့မြေပုံထဲမှာ မြန်မာပိုင်နက် သုံးပုံတစ်ပုံပါဝင်နေတယ်လို့ ကမ္ဘာ့သမိုင်းအမွေ အနှစ် နေရာကော်မတီ မြန်မာနိုင်ငံဆိုင်ရာ ညွှန်ကြားရေးမှူး ဦးသန်းဇော်ဦး က ပြောပါတယ်။

အဲ့ဒီ ထိုင်း မြေပုံထဲမှာ ပါဝင်နေတဲ့ လေညာ သဘာဝသစ်တောဟာ မြန်မာနိုင်ငံ တနင်္သာရီ ကမ်းမြှောင်ဒေသ တလျှောက်မှာ ရှိနေကြောင်း၊ ဒါကြောင့် မြန်မာနိုင်ငံအနေနဲ့ အဲ့ဒီ လေညာသစ်တောကို ကမ္ဘာ့သမိုင်းအမွေ အနှစ်နေရာအဖြစ် သတ်မှတ်ဖို့ ယူနက်စကိုအဖွဲ့ကို မြေပုံတင်ပြမှာဖြစ်တဲ့အပြင်၊ အဲ့ဒီ နယ်စပ်တလျှောက် ကို ခြံစည်းရိုးခတ်ဖို့လည်း တောင်းဆိုမယ်လို့လည်း ပြောပါတယ်။

ဒီကိစ္စနဲ့ပတ်သက်ပြီး မြန်မာနဲ့ ထိုင်း ကိုယ်စားလှယ်တွေ တူရကီနိုင်ငံမှာရှိတဲ့ ကမ္ဘာ့သမိုင်းအမွေအနှစ် ညီလာခံမှာ ဆွေးနွေးခဲ့ကြပေမဲ့၊ တူရကီမှာ မအောင်မြင်တဲ့ အာဏာသိမ်းပွဲ ဖြစ်ပွားခဲ့တာကြောင့် ဆွေးနွေးမှု မပြီးပြတ်ခဲ့ပါဘူး။ ဒါကြောင့် ဒီကိစ္စကို လာမယ့် အောက်တိုဘာလ ပြင်သစ်နိုင်ငံ ပဲရစ်မြို့မှာ ဆက်လက်ဆွေးနွေးဖို့ စီစဉ်ထားပါတယ်။

ဒီပြဿနာနဲ့ ပတ်သက်ပြီး ဦးသန်းဇော်ဦးက ထိုင်းအနေနဲ့ မြန်မာ့စိုးရိမ်မှုအပေါ် နားလည်ပါတယ်၊ ထိုင်းရဲ့ အမျိုးသား သစ်တောကိစ္စကို မြန်မာက ကန့်ကွက်နေတာမဟုတ်ဘဲ၊ အဲ့ဒီသစ်တောရဲ့ နယ်ပယ်အ၀န်းအ၀ိုင်းကို ပြန်သုံး သပ်ဖို့ကိုသာ တောင်းဆိုနေတာဖြစ်ပါတယ်လို့ ပြောပါတယ်။

ထိုင်းနဲ့ မြန်မာကြားက လက်ရှိ နယ်စပ်မျဉ်းကို ၁၈၆၈ ခုနှစ်က ရေးဆွဲသတ်မှတ်ခဲ့တာဖြစ်ပြီး၊ အခုအခါ ပြန်လည် စစ်ဆေးသင့်ပြီလို့လည်း ပြောပါတယ်။

RFA Burmese

မြစ်ဆုံကိစ္စ ညှိနေတဲ့အခါမှာ အဖြေကောင်းကြားရမယ့်သဘော ကြားနေရတယ်- ဦးဝင်းမျိုးသူ

U Win Myo Thu
နိုင်ငံတော်အေးချမ်းသာယာရေးနဲ့ ဖွံ့ဖြိုးရေးကောင်စီလက်ထက် ၀န်ကြီးချုပ်ဦးသိန်းစိန် အစိုးရက တရုတ်ကုမ္ပဏီကို ဧရာဝတီမြစ်ပေါ်မှာ မြစ်ဆုံရေကာတာ ဆောက်လုပ်ရေးကို သဘောတူ အကောင်အထည်ဖော်မှုကို သမ္မတဦးသိန်းစိန်က သူ့အစိုးရသက်တမ်းအတွင်း ရပ်နားထားမယ်လို့ ကြေညာခဲ့ပါတယ်။
လက်ရှိအမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် အစိုးရက ဒီစီမံကိန်းကို ဆက်လုပ်မလား၊ နားထားမလား၊ ဖျက်သိမ်းမလား တစုံတရာ ထုတ်ပြန်ခြင်းမရှိသေးပါဘူး။
ဇူလိုင်လ ၂၄ ရက်နေ့ထုတ် ကြေးမုံသတင်းစာအာဘော်မှာ ‘မြစ်ဆုံစီမံကိန်းနဲ့ပတ်သက်လို့ ရွေးချယ်ရမယ့် စတုတ္ထနည်းလမ်း’ အမည်ခေါင်းစဉ်နဲ့ ဖော်ပြခဲ့ပါတယ်။ မြန်မာနှင့်တရုတ် နှစ်နိုင်ငံစလုံးက လက်ခံနိုင်သော ရေအားလျှပ်စစ်စီမံကိန်းများကို System Scale Planning သုံးပြီး လက်တွဲညှိနှိုင်းပူးပေါင်းဆောင်ရွက်တဲ့နည်းလမ်းဖြစ်တယ်လို့ ဖော်ပြခဲ့ပါတယ်။
မြစ်ဆုံရေကာတာစီမံကိန်းရဲ့ နောက်ဆုံးဖြစ်ထွန်းမှု အခြေအနေနဲ့ပတ်သက်လို့ စိမ်းလန်းအမိမြေအသင်းဥက္ကဋ္ဌ ဦးဝင်းမျိုးသူကို ဒီဗွီဘီက ဆက်သွယ်မေးမြန်းခဲ့ပါတယ်။
မြစ်ဆုံရေကာတာနဲ့ပတ်သက်လို့ ပြီးခဲ့တဲ့လပိုင်းက မြန်မာဘက်က ရွေးချယ်စရာနည်းလမ်း ၃ ခုထဲက တခုကို ရွေးရမယ်ဆိုတာနဲ့ပတ်သက်လို့ ကြားခဲ့ကြတယ်။ အခုဆိုရင် တရုတ်ဘက်က မြစ်ဆုံရေကာတာနဲ့ပတ်သက်လို့ စီမံကိန်းဖျက်မယ်ဆိုလည်း နစ်နာကြေးတွေ မယူတော့ဘဲနဲ့ လျှော်ပစ်မယ်ဆိုတာမျိုးကြားနေရတယ်။ ဆရာတို့အနေနဲ့ရော ဒီမြစ်ဆုံနဲ့ပတ်သက်လို့ နောက်ဆုံးဖြစ်ထွန်းမှုတွေ ဘာတွေ သိထားသလဲခင်ဗျ။
“ကျနော်တို့လည်းဘာမှတော့ မကြားဘူးပေါ့ဗျာ။ စောစောကပြောတဲ့ ကြေးမုံသတင်းစာထဲမှာ ရေးတဲ့ဟာရယ်။ နောက်တခုက ဒေါ်အောင်ဆန်းစုကြည်နဲ့ တရုတ်နိုင်ငံခြားရေးဝန်ကြီး လာအိုမှာ တွေ့တဲ့အချိန်မှာ မြစ်ဆုံနဲ့ပတ်သက်ပြီးတော့ တရုတ်-မြန်မာချစ်ကြည်ရေးတော့ မပျက်စေရဘူး လို့ပြောတဲ့ သတင်းတွေလည်း ဖတ်နေရတာပေါ့ဗျာ။ အဲဒါဆိုရင်တော့ တရုတ်ဘက်က အဲဒီသတင်းကို ကိုယ့်ဟာကို အဓိပ္ပာယ်ပြန်ရမယ်ဆိုရင်တော့ စောစောကပြောသလို ပေါ့နော် မြန်မာလူထုမကြိုက်ဘူးဆိုတာ တရုတ်ကသိတယ်။ ဒီပေါ်မှာ အထိခိုက်မခံဘူးဆိုတဲ့ သဘောမျိုးပေါ့နော်။ တရုတ်-မြန်မာ ချစ်ကြည်ရေးကို အထိခိုက်မခံဘူးဆိုတဲ့သဘောလို့ ကျနော်တို့ ကောက်ယူရင်တော့ ဒါအပြုသဘောဆောင်တယ်လို့ မြင်ပါတယ်။”
ဦးသိန်စိန်လက်ထက်တုန်းက သူ့သမ္မတသက်တမ်းကာလမှာ ဆိုင်းငံ့မယ်ဆိုတော့ အခု အန်အယ်လ်ဒီဦးဆောင်တဲ့ အစိုးရတက်တာကလည်း လနဲ့ချီရှိလာပြီဆိုတော့ တကယ့်လုပ်ငန်း စည်းကမ်းအရဆိုရင် ဘယ်အချိန်မှာ သတ်မှတ်ချိန်ပြည့်သလဲ၊ အန်အယ်လ်ဒီအစိုးရအနေနဲ့ ဘယ်အချိန်မှာ အကြောင်းပြန်ဖို့လိုပြီလဲ။
“အင်း အဲဒါကတော့ နှစ်ဘက်လုံးနဲ့ ဆိုင်လိမ့်မယ်ထင်တယ်။ ဆိုင်းငံ့တယ်ဆိုတာကလည်း ကျနော်တို့က ဦးသိန်းစိန်အစိုးရက တဖက်သတ် ဆိုင်းငံ့တယ်လို့ ပြောတာပေါ့ဗျာ။ သို့သော်လည်းပဲ တဖက်သတ်ဆိုင်းငံ့တာတော့မဟုတ်ဘူး၊ အဲဒီအခြေအနေတုန်းက ဖြစ်ပေါ်တိုးတက်မှု အခြေအနေက နှစ်ဦးနှစ်ဖက် အကျိုးစီးပွားအတွက်ကို ဒါစဉ်းစားပြီးတော့ ဒါက လိုအပ်တဲ့ဆုံးဖြတ်ချက်တခုကို လုပ်တယ်လို့ပဲ ဆရာတို့က အဲလိုပဲမြင်တယ်ပေါ့နော်။ ဘာဖြစ်လို့လဲဆိုတော့ အဲဒီအချိန်မှာ နိုင်ငံရေးဖြစ်ပေါ်တိုးတက်မှုအရ ဒီကောင်ကိုဆက်သွားရင် နိုင်ငံရေးအရ အုံကြွမှုတွေဖြစ်နိုင်တယ်။ ဥပမာ လက်ပံတောင်းပဲကြည့်လေ ဟုတ်လား၊ လက်ပံတောင်းဆိုတာ မြစ်ဆုံနဲ့ကြည့်ရင် ဘာမှမပြောပလောက်တဲ့ကိစ္စလေးပဲ။ ဆိုတော့ ဒါတောင်မှ လက်ပံတောင်းမှာ ကျနော်တို့က အကြိတ်အခဲတွေဖြစ်လာတယ်၊ နောက်တခုက ရပ်ဆိုင်းတဲ့ကာလမှာတင် ကျနော်တို့ ဒေသတွင်းမှာ စစ်မက်တွေပြန်ပြီးဖြစ်ပွားတယ်။ ကချင်တပ်ဖွဲ့တွေနဲ့ မြန်မာတပ်ဖွဲ့တွေနဲ့ လက်နက်ကိုင် ပြန်ပြီးတော့ တိုက်ပွဲတွေဖြစ်တယ်။ နောက်တခုက စီပီအိုင်ရဲ့ ရုံးဝင်းထဲမှာတင် ဗုံးတွေမိတာတို့၊ ပေါက်ကွဲမှုတွေဖြစ်တယ်ဆိုတာ မှတ်မိမယ်ထင်ပါတယ်။ ဆိုတော့ ဒါတွေက အခြေအနေအရကို ဒါ ရေရှည်အကျိုးကို ကြည့်ပြီးတော့ ဆိုင်းငံ့ပေးလိုက်ရတဲ့သဘောလို့ ကျနော်က ကောက်ယူစေချင်တယ်။ ဒါက တဖက်သတ်ကြီးပေါ့နော် ဆိုင်းငံ့တယ်လို့တော့ မတွက်စေချင်ဘူးပေါ့နော်။ ဘာလို့လည်းဆိုတော့ ဒါနောက်ပိုင်းမှာ ဒါကို အကောက်အယူလုပ်တဲ့အခါမှာ အရေးကြီးတဲ့ ကိစ္စရပ်လေးတရပ်ဖြစ်တဲ့ အတွက်ပေါ့နော်။ အဲဒါတခုပေါ့။ အဲဒီတော့ ပြန်စချင်တယ်ဆိုရင် ဒေါ်အောင်ဆန်းစုကြည်တို့ကပဲ ကမ်းလှမ်းရမှာလား၊ တရုတ်ကပဲ ကမ်းလှမ်းရမှာလားဆိုတဲ့ မေးခွန်းဖြစ်လာတာပေါ့နော်။ ပထမဆုံး တရုတ်နိုင်ငံခြားရေးဝန်ကြီးလာတုန်းကတော့ ဒီကိစ္စကို မေးမြန်းတဲ့အချိန်မှာ ဒေါ်အောင်ဆန်းစုကြည်က ဒီဥစ္စာကို မဖတ်ရသေးဘူးလို့ သူတို့ပြောတယ်ပေါ့နော်။ သို့သော်လည်းပဲ အဲဒါကိုတရုတ်တွေက တရားဝင် အဖြေတောင်းပြီလားဆိုတာလေးကို ကျနော်တို့က မသိဘူးဖြစ်နေတာပေါ့။ အစိုးရချင်းဆောင်ရွက်တာဖြစ်တဲ့အတွက်။ မြန်မာနိုင်ငံဘက်က ရှင်းတာကတော့ ဒါကြီးကို အချိန်ဆွဲထားလိုတဲ့ဆန္ဒမရှိဘူး။ အစိုးရအနေနဲ့ကလည်း အချိန်ဆွဲချင်တဲ့ဆန်ဒရှိမှာမဟုတ်ဘူး။ ဒါပေမယ့် ဘယ်သူကစပြီး ဒီ Issue အရေးကိစ္စကို ဖြေရှင်းဖို့တောင်းဆိုမလဲဆိုတာကတော့ စဉ်းစားစရာတွေအများကြီးပေါ့၊ မြန်မာဘက်ကပဲ တောင်းဆိုမှာလား၊ သူတို့ဘက်ကပဲတောင်းဆိုမှာလား။ ကျနော်မြင်တာကတော့ ဥစ္စာရင်လို ဥစ္စာရင်ခဲဆိုတော့ တရုတ်တွေအနေနဲ့ကတော့ ဒါကိုတရားဝင် တင်ပြတောင်းဆိုဖို့လိုမယ်။ နော် ဒါကို လူကြီးချင်းတွေ့ပြီးတော့ ပြောယုံသက်သက်တင်မကဘဲနဲ့ တရုတ်ကုမ္ပဏီတွေက တင်ပြတောင်းဆိုဖို့လိုမယ်လို့ ကျနော် အဲလိုပဲ သုံးသပ်တယ်။ အဲဒီတော့ တောင်းဆိုပြီးပြီလား၊ မတောင်းဆိုပြီးပြီလားတော့ ကျနော်မသိဘူးပေါ့ဗျာ။”
ရွေးကောက်ပွဲမတိုင်ခင်တုန်းက ဒေါ်အောင်ဆန်းစုကြည်က ကချင်ပြည်နယ်ဘက်မှာ မဲဆွယ်စည်းရုံးပွဲတခုမှာ အန်အယ်လ်ဒီအစိုးရဖြစ်တဲ့အခါ မြစ်ဆုံရေကာတာနဲ့ပတ်သက်လို့ ပြည်သူတွေကိုချပြမယ်ဆိုပြီး ကတိတခုပေးခဲ့တယ်။ အခု အစိုးရလည်းဖွဲ့ပြီးပြီဆိုတော့ ချပြဖို့ အခက်အခဲဘာရှိမလဲ ဒါမှမဟုတ် တရုတ်အစိုးရနဲ့ ကြိတ်ညှိနေတဲ့သဘောလား၊ ဆရာတို့ ဘယ်လိုကောက်ယူလဲ။
“စောစောကပြောသလိုပေါ့ဗျာ တစ်အချက် ပြည်သူတွေ မနှစ်သက်ဘူးဆိုတာကို ဒေါ်စုတို့အစိုးရက သတိထားမိတယ်ပေါ့ဗျာ။ ဒါကတော့ ရှင်းတယ်။ အဲဒီတော့သူတို့က အဖြေကောင်းပေါ့ ပြည်သူတွေမျှော်လင့်ချင်တယ်။ နောက်တခုက မြစ်ကြီးနားခရီးစဉ်မှာ ပြောတဲ့ဟာကလည်း ပြည်သူတွေမကြိုက်တဲ့စီမံကိန်းတွေတော့ မလုပ်ဘူးပေါ့ဗျာ။ ဒါကြောင့်မို့လို့ နော် ပြည်သူမကြိုက်ရင် မလုပ်ဘူး၊ ပွင့်လင်းမြင်သာမှုရှိအောင်လုပ်မယ် သူပြောခဲ့တယ်လေ။ ဆိုတော့ အဲဒီကိစ္စမှာ သူက အဖြေကောင်းသယ်ဆောင်ပေးချင်တဲ့အတွက် လိုအပ်သလို ညှိနေတယ်၊ ညှိနေတဲ့အခါမှာ အဖြေကောင်းကြားရမယ့်သဘောတွေပေါ့ဗျာ၊ ကျနော်အခုကြားနေ ရတယ်ပေါ့ဗျာ။ အဲဒီတော့ ဒါတွေမထွက်သေးလို့ သူတို့ အနေနဲ့ ချမပြသေးတဲ့သဘောလားပေါ့ဗျာ ဒါလည်းကျနော်တို့ က စဉ်းစားတယ်။
နောက်တခုက ရက် ၁၀၀ ဆိုတာ ရက် ၁၀၀ ပဲဗျာ။ အစိုးရအနေနဲ့က ပင်ပန်းကြီးစွာနဲ့ ဖြတ်သန်းနေရတယ်။ နောက်တခုက နိုင်ငံရေးဆွေးနွေးပွဲကလည်း အရေးကြီးတဲ့ကိစ္စ ဦးစားပေးဆောင်ရွက်တာ ဒါ မြန်တယ်လို့ ကျနော်မြင်တယ်လေ။ အဲဒီတော့ ကျန်တဲ့ကိစ္စတွေမှာ မလိုလားအပ်တဲ့ ရှုပ်ထွေးမှုတွေ မဖြစ်ဖို့ကတော့နော် ထိန်းထိန်းသိမ်းသိမ်းနဲ့၊ သိုသိုဝှက်ဝှက်လေးလုပ်ရမယ့်အနေအထားပဲလို့ သုံးသပ်တယ်။ အဲဒီတော့ ဆိုလိုတာက ဦးသိန်းစိန်တကယ်ရပ်ခဲ့တာ စက်တင်ဘာ ၃၀ ရက်နေ့မှာ ရပ်ခဲ့တာလေ။ အဲဒီတော့ ဒေါ်စုတို့ရဲ့ Time Table (အချိန်ဇယား) ကြည့်ရင် အခုသြဂုတ်လထဲမှာ ကျနော်ထင်တယ် သူတို့နိုင်ငံရေးဆွေးနွေးပွဲတွေလုပ်မယ်။ အနည်းဆုံးတော့လည်း အဖြေလေးတခု ရလာမယ်လို့ ကျနော်ထင်တယ်။ ဒီအချိန်တပြိုင်တည်းမှာပဲ သူတို့ ဟိုဘက်ကနဲ့ လိုအပ်သလို ပြောဆိုညှိနှိုင်းနေတာတွေ ရှိမယ်လို့ ကျနော်တို့ ခန့်မှန်းတယ်။ ဒါကြောင့်မို့လို့ အခု တရုတ်အစိုးရဘက်ကထွက်လာတဲ့ အသံတွေကြည့်ရတာ ဒီ ညှိနှိုင်းဆွေးနွေးမှုတွေရဲ့ အရိပ်အယောင်ပေါ့ဗျာ၊ ဖြစ်နိုင်ခြေရှိတဲ့ အဖြေအရိပ်အယောင်တွေ ထွက်တယ်လို့ ကျနော်တို့ ခန့်မှန်းတယ်။ အဲဒီတော့ ဒီအစိုးရအနေနဲ့ ဘာမှမလုပ်ဘဲ ဒီအတိုင်းထားတာတော့ မဟုတ်ဘူးလို့တော့ ကျနော်တို့က အဲလို ကောက်ယူလို့ရတယ်တော့ထင်တာပဲ။ အချိန်မကျသေးလို့ မထုတ်ပြန်သေးတာပေါ့ဗျာ။”
မြစ်ဆုံရေကာတာကနေထွက်လာမယ့် လျှပ်စစ်တွေက မြစ်ဆုံရေကာတာရပ်ရင် (လက်ရှိ လူဦးရေရဲ့ သုံးပုံတပုံသာ လျှပ်စစ်မီးရရှိသေး) မြန်မာပြည်က လျှပ်စစ်မီးရရှိရေး မျှော်လင့်ချက်တွေ ပျက်သုဉ်းသွားတော့မလား။ တခြားနည်းလမ်းတွေရှိမလား။ ရပ်ဆိုင်းရင်းရော မြန်မာတွေအတွက် ကိုယ်ခံအားကောင်းကောင်းနဲ့ ရင်ဆိုင်နိုင်မလား။
“မြစ်ဆုံရေကာတာမဆောက်တဲ့အတွက် မြန်မာနိုင်ငံ လျှပ်စစ်မီးမရဘူးဆိုတဲ့ အကောက်အယူ တော့ ဒါ မှားတယ်လို့ထင်တယ်။ လျှပ်စစ်ရနိုင်တဲ့နည်းလမ်းတွေ အများအပြားရှိတာပဲ၊ ဒါလည်း နိုင်ငံတော်က ကြံဆပြီးတော့ ကြိုးစားနေတယ်။ လောလောလတ်လတ်ကို ရန်ကုန်မြို့ လျှပ်စစ်မီးပြတ်တဲ့ကိစ္စနဲ့ပတ်သက်ပြီး ဘယ်လို အဆောတလျင်ဆောင်ရွက်လို့ရမလဲ ဆိုတဲ့ နည်းလမ်းတွေပေါ့ နိုင်ငံတကာအဖွဲ့တွေနဲ့ ဒီအစိုးရက ဆောင်ရွက်နေတယ်လို့ ကျနော်တို့ သတိထားမိတယ်ပေါ့နော်။ ကျနော်ကိုယ်တိုင်လည်း လွှတ်တော်အထူး ရေးရာကော်မတီ တွေရဲ့ဆွေးနွေးပွဲမှာ ပါဝင်တော့ ဒီဟာလေးကို ကျနော်တို့ ရိပ်မိတယ်ပေါ့ဗျာ။ ဒါက နိုင်ငံတော်က ဆောင်ရွက်နိုင်မယ့် နည်းလမ်းတွေကို သုံးသပ်ပြီးတော့ အကောင်းဆုံးဖြစ်အောင် ဆောင်ရွက်နေတယ်နော်။ အဲဒီတော့ ပုံစံပြောရရင် လောလောလတ်လတ် ကျနော်တို့ သဘာဝဓာတ်ငွေ့ကကို ကျနော်တို့က ကုဗပေ သန်း ၁၀၀ လောက်ရနိုင်တဲ့အလားအလာရှိတယ်။ ဒါကို တကယ်ထုတ်မယ်ဆိုရင် မီဂါဝပ် ၆၀၀။ ဒါမှမဟုတ် ၄၀၀ လောက်ပေါ့ဗျာ။ ရမယ်ဆိုရင်လည်း ဒါ ရန်ကုန်မြို့ရဲ့လိုအပ်ချက်ကို ၂ နှစ်အတွင်း ဖြည့်ဆည်းနိုင်တယ်။ တချိန်တည်းမှာပဲ ကျနော်တို့ ကျေးလက်မီးရရေးကလည်း စောစောကပြောတဲ့ ဒေါ်လာသန်း ၄၀၀ ပေါ့ ကမ္ဘာ့ဘဏ်က ထုတ်ချေးပြီးသား။ ဒါတွေက ဆက်အကောင်အထည်ဖော်ဖို့တွေရှိတယ်။ ဒီကြားထဲမှာလည်း ကျန်တဲ့ ဆည် စီမံကိန်းလေးတွေ၊ အလယ်အလတ်ဆည်လေးတွေပေါ့ဗျာ ရှိတာဖြစ်တဲ့အတွက် ဖြစ်နိုင်ခြေအကုန်လုံးတော့ လုပ်နေတယ်လို့ ပြောလို့ရပါတယ်။ ဒါ အရင်အစိုးရကလည်း စီမံခဲ့တဲ့ဟာကို လက်ရှိအစိုးရက ဆက်လက်ဆောင်ရွက်နေတဲ့ သဘောပေါ့။ အဲဒီတော့ သူတို့ လောလောဆယ် ဦးစားပေးတာက ရန်ကုန်မြို့နဲ့ စက်မှုဇုန်ဒေသတွေမှာ လိုအပ်တဲ့လျှပ်စစ်ဓာတ်အားကို အမြန်ဆုံးဖြည့်ဆည်းပေးရေး လာဦးတိုက်နေတာ။ ကျန်တာတွေကတော့ ပုံမှန်အတိုင်းပေါ့ဗျာ။ စီမံချက်ဆွဲထားတာတွေကို ဆက်လုပ်နေတယ်လို့ ပြောလို့ရပါတယ်။”
မြစ်ဆုံရေကာတာ ပြန်လည်လုပ်ဆောင်ရေးနဲပတ်သက်လို့ မြစ်ကြီးနားကို တရုတ်ကုမ္ပဏီနဲ့ တရုတ်နိုင်ငံတကာစီးပွားရေးဌာနညွှန်မှူးလိုပုဂ္ဂိုလ်တွေ လာရောက်တယ်။ အဲဒီမှာ ရွေးချယ်စရာ နည်းလမ်းသုံးခုကို မြန်မာဘက်က ရွေးချယ်ဖို့အဆိုပြုတယ်၊ မြစ်ဆုံစီမံကိန်း ဖျက်သိမ်းရင် ဒေါ်လာသန်း ၈၀၀ လျော်ကြေးပေးခြင်း၊ စတင်မယ်ဆိုင်ရင် စတင်လည်ပတ်ရင် တနှစ်ကို ဒေါ်လာသန်း ၅၀၀ ရယူခြင်း၊ ဆက်လက်ဆိုင်းငံ့ခြင်းအားဖြင့် တနှစ်ကို ဒေါ်လာသန်း ၅၀ အတိုးပေးခြင်းဆိုပြီးပေါ့။ အဲဒီကမ်းလှမ်းချက်က ခိုင်မာလား၊ ဆရာတို့ ဘာတွေကြားထားတာရှိလဲ။
“သူကတော့ သူ့ဘက်ကတရားဝင်ပြောတာဖြစ်တဲ့အတွက် ရပ်မလား၊ ဆိုင်းထားမှာလား၊ လုပ်မှာလား ဒါပဲမေးတာလေ။ အဲဒီတော့ ကျနော်က စောစောကပြောတာလေ။ ဆိုင်းထားစရာတော့အကြောင်းမရှိဘူးပေါ့ဗျာ။ ကစားမလား၊ နားမလား နှစ်ခုပဲရှိတယ်ပေါ့၊ ဆက်လုပ်မလား၊ ရပ်မလားပေါ့။ အဲဒီတော့ ဆက်လုပ်မယ်ဆိုရင်တော့လည်း ဒီစီမံကိန်းဟာ မြန်မာပြည်အတွက် အကျိုးရှိကြောင်း၊ ပတ်ဝန်းကျင်မထိခိုက်တဲ့အကြောင်း တရုတ်တွေ ပိုပြီးတော့ ပြည့်စုံအောင် လေ့လာဖို့လိုတယ်။ ပြီးရင်တော့ ပြည်သူတွေ ယုံကြည်အောင် ချပြဖို့လိုတယ်၊ ပြည်သူလက်ခံအောင်ပေါ့နော်။ လက်ရှိပတ်ဝန်းကျင်ဥပဒေအရကို ဒါက ဒီတွေ့ရှိချက်တွေကို လူထုကြားနာပွဲတွေ လုပ်ဖို့လိုတယ်ပေါ့ဗျာ။ လူထုကြားနာပွဲလုပ်ဖို့ဆို စဉ်းစားစရာရှိတာက ဒီမြစ်ကြီးက ကျယ်တယ်၊ ရှည်တယ်ဆိုတော့နော် ဘယ်လောက်ထိ လူထုကြားနာပွဲကိုလုပ်မလဲဆိုတာတော့ လွှတ်တော်မှာတော့ မေးမြန်းပြီးတော့ ပိုပြီး ကျယ်ကျယ်ပြန့်ပြန့်လုပ်ရမယ်။ ဒီကြားနာပွဲတွေဟာ လူထုလက်မခံဘူးဆိုရင်တော့ ဒါဟာ ဒီစီမံကိန်းဆောင်ရွက်တဲ့လူတွေအနေနဲ့ကတော့ သူတို့ဟာ အရည်အချင်းမပြည့်မီဘူးလို့ပဲ၊ ပြည်သူကိုယုံကြည်အောင် မလုပ်နိုင်တဲ့အတွက်၊ အရည်အချင်းမပြည့်မီတဲ့အတွက် ရပ်နားဖို့ လိုတယ်ပေါ့ဗျာ ကျနော်ဒီလိုပဲ ကောက်ယူတယ်။ သူတို့ကောင်းပါတယ် ဘယ်လောက်ပြောပြော ပြည်သူက ယုံဖို့လိုသေးတာကိုး။ ဆိုတော့ အဲဒါကို သူတို့သွားမလားပေါ့။ အဲဒါဆိုရင်တော့ တရုတ်အစိုးရအနေနဲ့ တရုတ်ကုမ္ပဏီတွေအနေနဲ့ပိုပြီး အဆင်ပြေမှာပေါ့ဗျာ။ ထပ်ပြီးတော့ study တွေလုပ်၊ ပြီးတော့မှ ပြည်သူက မရွေးဘူးဆိုရင်တော့လည်း သူတို့ ဘာနစ်နာကြေးမှလည်း ရစရာမရှိဘူးပေါ့။ သူတို့ ဒါစီမံကိန်းကိုအကောင်အထည်ဖော်နိုင်ခွင့်မရှိဘူးလို့ပဲ သတ်မှတ်ရ မှာပေါ့။ ဆိုတော့ ဒီလမ်းကိုသွားမလား၊ ဒါမှမဟုတ် ရပ်မယ်၊ ရပ်မယ်ဆိုရင်လည်း စောစောကပြောသလို သူတို့ နစ်နာသွားတာတွေရှိတယ်၊ ရှိတော့ သူတို့က စောစောကပြော သလိုပေါ့ တဖက်သတ်ရပ်တဲ့အတွက် နစ်နာတယ်လို့ ပြောရင် ကျနော်တို့ကပြောရမှာက တဖက်သတ်ရပ်တာမဟုတ်ဘူး၊ နှစ်ဦးအကျိုးစီးပွားအတွက် အနေအထားအရ လိုအပ်လို့ ရပ်လိုက်တာလို့ အရင်ဆုံးကျနော်တို့က ပြောရမှာပေါ့နော်။ အဲဒီအပေါ်မှာမှ နစ်နာကြေးကို သူတို့က ဆက်ပြီးတော့ လုပ်မယ်လို့ပြောရင်တော့ ဟုတ်ပြီ၊ သူတို့ကိုယ်တိုင်တွေ ရေးတဲ့ စာတွေထဲမှာ တရုတ်အစိုးရက သူတို့ ဒီအစိုးရက မလုပ်ချင်ပါဘူး ဗမာအစိုးရက အတင်းတောင်းဆိုတယ်၊ တရုတ်အစိုးရကလည်း နိုင်ငံရေးအရ ဒါ အားပေးအားမြှောက် လုပ်တဲ့အနေနဲ့ သူတို့ကိုလုပ်ခိုင်းလို့ ဆုံးရှုံးတယ်ဆိုရင် အရင်ဆုံး သူတို့ တရုတ်အစိုးရဆီမှာပဲ သူတို့ရဲ့လျော်ကြေး သူတို့ဖာသာသူတို့ ပြန်တောင်းပေါ့ဗျာ။ သူတို့နစ်နာတဲ့ဟာကို သူတို့ပြန်တောင်းပေါ့။ အဲဒါဆိုရင်လည်း ပြီးသွားမှာပေါ့။”
“အဲဒီဘက်ကို သူတို့က မတောင်းနိုင်ဘူးပေါ့နော်၊ ဗမာအစိုးရပဲ လျော်ရမယ်လို့ သူတို့က ဒါကို ပြောလာရင်တော့ အရင်ဆုံး ကျနော်တို့က ‘အိုခေ ဒီကိစ္စရပ်ကို လက်ခံစဉ်းစားဖို့လိုတာပေါ့။ လက်ခံစဉ်းစားမယ်ဆိုရင် အရင်ဆုံး ဒီစီမံကိန်းရဲ့ တရားဝင်မှု Legitimacy ကို အရင်ဆုံး ဆန်းစစ်ရမှာပေါ့ဗျာ။ ဆန်းစစ်တဲ့အခါကျတော့ စစ်အစိုးရကလုပ်ခဲ့တဲ့ စီမံကိန်းက တရားဝင်လား၊ မ၀င်လား ဒါတွေ စိစစ်ရမယ်။ ၂ အချက်က ခုနပြောတဲ့ ဒီစီမံကိန်းက တရားဥပဒေအတိုင်းလုပ်ရဲ့လား၊ တည်ဆဲဥပဒေအတိုင်း။ အဲဒါက တရုတ်ဥပဒေ၊ မြန်မာဥပဒေ ဒီနှစ်ခုအတိုင်းရော ဘောင်ပြည့်မီအောင် လုပ်ရဲ့လား။ ဥပမာ ဆိုပါတော့ဗျာ စီမံကိန်းတခုဆိုတာ EIA (သဘာဝပတ်ဝန်းကျင်ထိခိုက်မှုစစ်တမ်း)၊ SIA (လူမှုဝန်းကျင်ထိခိုက်မှုစစ်တမ်း) ပြီးမှလုပ်ရတဲ့သဘောရှိတယ်။ သူတို့က မပြီးသေးဘဲနဲ့ တောတွေရှင်း၊ ဆောက်လုပ်ရေး လုပ်ငန်းတွေလုပ်ဆိုတော့ လုပ်ပိုင်ခွင့်အပြည့်အ၀ မရသေးဘဲနဲ့ လုပ်နေတာတွေကရော ဘောင်ဝင်ရဲ့လားပေါ့။ တရားနည်းလမ်းကျရဲ့လား။ ဆိုတော့ ဒီဟာတွေကို ဆန်းစစ်ရမှာ ဖြစ်တယ်။ နောက်တခုက အဆိုးဝါးဆုံးက ဘာလဲဆိုတော့ နှစ်ခုပေါ့။ တခုက ဒီစီမံကိန်းကြီးမှာ လာဘ်ပေးလာဘ်ယူတွေရှိတယ်လို့ အကြီးအကျယ်စွပ်စွဲနေတာတွေရှိတယ်။ ဒါတွေကိုလည်း စစ်ဆေးရမှာဖြစ်တယ်။ နောက်တခုက ဒီစီမံကိန်းကြောင့် ခုနကပြောတဲ့ တရားဝင်မှု Legitimacy လို့ပြောတဲ့နေရာမှာ၊ ဒီစီမံကိန်းလုပ်တဲ့နေရာမှာ လာဘ်ပေးလာဘ်ယူ ရှိတယ်ပေါ့ဗျာ ၁၀ ရာခိုင်နှုန်းလားမသိဘူး သူတို့ပေးရတယ်ဆိုတာ ထုတ်ပြောထားတာရှိတာကိုး။ ဒါတွေကို သူတို့ဘယ်လိုတာဝန်ယူမလဲ။ နောက်တခု Human Rights Violation ပေါ့နော်၊ တိုင်းရင်းသားတွေက စွပ်စွဲတာက ဒါ လူ့အခွင့်အရေးချိုးဖောက်မှုတွေရှိတယ်ဆိုတာ။ ဒါတွေကို အရင်ဆုံးတာဝန်ယူဖြေရှင်းဖို့လိုတယ်။ အဲဒါပြီးတော့မှ အိုကေ အဲဒါတွေကို ဖြေရှင်းပြီးသွားပြီဆိုတော့မှ ကျန်နေတဲ့ ကုန်ကျစရိတ် Cost ကိုတွက်ရင်၊ အမှန်တကယ်ကုန်ကျစရိတ်၊ သက်ဆိုင်တဲ့ စီမံကိန်းနဲ့သက်ဆိုင်တဲ့စရိတ်၊ တချို့စရိတ်တွေက ခွင့်ပြုချက်မရှိဘဲ လုပ်တဲ့ကိစ္စတွေက မသက်ဆိုင်ဘူးလို့ယူဆရင် အဲလို စရိတ်ကိုခွဲရမယ်။ ပြီးတော့ သူတို့လုပ်သွားတဲ့အတွက် ကျနော်တို့တောတွေပျက်တာတွေ၊ မြေကြီးတွေ သယ်သွားတာတွေ၊ အစရှိသည်ဖြင့် ပတ်ဝန်းကျင်ရေးရာ နစ်နာတာတွေရှိတယ်။ ဇီဝမျိုးကွဲတွေ နစ်နာတာတွေရှိတယ်။ အဲဒီအတွက် လျော်ကြေးကို ပြန်သတ်မှတ်ပြီး ပြန်နှုတ်ပေါ့နော်၊ ဒီလိုဆင့်ကဲဆင့်ကဲသွားရမယ်ထင်တယ်။ အဲဒီတော့ အငြင်းပွားမှုဖြစ်လာပြီ သူတို့ သဘောမတူဘူးပေါ့၊ အဲဒါဆိုရင်တော့ ကျနော်တို့က တတိယကြားနေအဖွဲ့ကိုတော့ ခေါ်ဖို့လိုတာပေါ့နော်။ Third party arbitration (သည်ဟိဂ်အခြေစိုက် အနုညာတ တရားရုံး) ကိုသွားမယ်။ အဲဒီတော့ Third Party ကပဲ ဖြေရှင်းသွားရင်တော့ ကျနော်ကတော့ အခု South China Sea တောင်တရုတ်ပင်လယ်မှာ ဟိဂ်ကနေ ကမ္ဘာ့တရားရုံးကနေ ဆုံးဖြတ်သလိုမျိုး ဒါမျိုးကို ကျနော်တို့ သတ်မှတ်ပြီးတော့ သွားမလား။ (မှတ်ချက်။ ။ တောင်တရုတ်ပင်လယ်ပင် ဧရိယာတော်တော်များများကို တရုတ်နိုင်ငံက ပိုင်ဆိုင်ကြောင်း ကြေညာချက်အပေါ် ဖိလစ်ပိုင်နိုင်ငံက မကျေနပ်သဖြင့် ၂၀၁၃ ခုနှစ်တွင် ကုလသမဂ္ဂလက်အောက်ရှိ သည်ဟိတ်အခြေစိုက် အနုညာတ တရားရုံးသို့ တင်ပြတိုင်တန်းခဲ့ရာ၊ တရားရုံးက ပြီးခဲ့သည် ဇူလိုင် ၁၂ ရက်နေ့တွင် တရုတ်နိုင်ငံက ဆိုသည့်အတိုင်း ပိုင်ဆိုင်ခြင်းမရှိကြောင်း ဆုံးဖြတ်ခဲ့သည်) ဒီလိုတွေ ဆင့်ကဲဆင့်ကဲ ကိုယ့်ပိုက်ဆံနဲ့ကိုယ်လျော်ရမယ်၊ သွားရမယ်ဆိုတဲ့ message လေးတော့ ပေးဖို့လိုမယ်။ အဲဒီ message ကို ရတဲ့အခါကျတော့ ဒီ process ကို မသွားချင်ရင်တော့ သူ့ဟာသူ လျော်ပေါ့ဗျာ။ သူ့ဖာသာ ကောက်သိမ်းလိုက် ဒါပဲရှိတာပဲ။ ဒါက ကျနော်တို့က ဘေးကအမြင်နဲ့ပြောတာပေါ့။ ကြည့်ရတာကတော့ သူတို့လည်း သဘောပေါက်တဲ့အတွက် ကိုယ့်ဖာသာကိုယ်ပဲ လျော်ပြီးသွားမယ့်သဘောလားတော့ မသိပါဘူး။”
မြစ်ကြီးနားမှာ တရုတ်ကုမ္ပဏီကိုယ်စားလှယ်တွေရဲ့ ရွေးချယ်ခွင့်ပြောအပြီးစကားနဲ့ မနေ့တနေ့က ဒေါ်အောင်ဆန်းစုကြည်နဲ့ တရုတ်နိုင်ငံခြားရေးဝန်ကြီးတွေ့တုန်းက ပြောကြားတဲ့ တရုတ်အနေနဲ့ မြန်မာကို စံပြမိတ်ဖက်နိုင်ငံဖြစ်ချင်တယ်ဆိုတဲ့ ပြောစကားတွေအကြားမှာ နိုင်ငံရေးအရ ရွေ့နေတာတွေရှိနေတယ်လို့ ဆရာ သုံးသပ်နိုင်မလား။
“အဲလိုယူဆတယ်။ တရုတ်ဘက်က ကုမ္ပဏီဘက်က ကျတော့လည်း သူ့ဘက်က ဘယ်ကရရ၊ ဗမာပြည်ကရရ၊ တရုတ်အစိုးရဆီကရရ ရဖို့အတွက်ကတော့ သူက ဇာတ်နာအောင်ပြောရမယ့် အပိုင်းရှိတာပေါ့ဗျာ။ အဲဒီတော့ သူက တရုတ်အစိုးရက သူ လုပ်ခြင်းမလုပ်ခြင်းထက် သူတို့နစ်နာကြေးပြန်ရဖို့အတွက် အဓိကပြောနေတဲ့သဘောပဲလို့ ဖြစ်နိုင်တယ်။ အဲဒီတော့ နောက်ဆုံး ဒေါ်အောင်ဆန်းစုကြည်နဲ့ တရုတ်နိုင်ငံခြားရေးဝန်ကြီးထွက်တဲ့သဘောကတော့ ဒါကိုပဲ ပြေလည်အောင်ဆောင်ရွက်လိုက်မယ်ဆိုတဲ့သဘောဖြစ်တယ်လို့ ကျနော်ထင်တယ်။”
မြစ်ဆုံရေကာတာနဲ့ပတ်သက်လို့ တခြားဘာတွေပြောစရာရှိဦးမလဲ။ မှတ်ချက်ဖြစ်ဖြစ်ပေါ့။
“တကယ်လို့ သူရပ်မယ်ဆိုရင်လည်း ဒီအတိုင်းမရပ်ပါနဲ့၊ တရုတ်-မြန်မာ ဆက်ဆံရေးက အရေးကြီးပါတယ်။ ဒီအပေါ်မှာ တရုတ်တွေ ခရစ်ဒစ် နာမည်ကောင်း ယူဖို့လိုတယ်။ နော် ဒီအတိုင်းကြီးပိတ်သွားရင် သူတို့လည်း နစ်နာတာတော့ အမှန်ပဲလေ ကျနော်မြင်တာ၊ ဟုတ်တယ်နော်။ အဲဒီတော့ သူတို့က ဒီဟာကို မြန်မာနိုင်ငံရဲ့ ရေရှည်ချစ်ကြည်ရေးကို ကြည့်ပြီးတော့ လုပ်ပါတယ်ဆိုရင်လည်း ဒါကို ပြည်သူတရပ်လုံးသိအောင် သူတို့က မှန်မှန်ကန်ကန်လေးပြောပြီးတော့။ ဘာဖြစ်လို့လည်းဆို ကျနော်တို့နိုင်ငံထဲမှာလည်း လူမျိုးရေးပေါ့ဗျာ။ စောစောကလို တရုတ်လူမျိုးရေးကိစ္စတွေမှာ မြန်မာလူမျိုးတွေကနေပြီးတော့ စိတ်ခုနေတဲ့အပိုင်းလေးတွေရှိတော့ ဒါတွေကိုလည်း ပြေပျောက်အောင် လုပ်ဖို့လိုတယ်။ နို့မို့ဆိုရင် နှစ်နိုင်ငံ ချစ်ကြည်ရေးက မရနိုင်ဘူးလေ။ အဲဒီတော့ တရုတ်တွေက ဒီဟာကို အရှည်စဉ်းစားပြီးတော့ ဆောင်ရွက်ပေးတယ်ဆိုရင်လည်း ဒါလေးကို ပေါ်လွင်အောင် နှစ်နိုင်ငံအစိုးရက သေသေချာချာကြိုးစားအားထုတ်ပြီး နှစ်နိုင်ငံသော ပြည်သူတွေသိအောင်လုပ်ပေးဖို့လိုတယ်။ ဒီအတိုင်းလေးကွက်ပြီး ပြီးသွားတာမျိုး မဟုတ်ဘဲနဲ့လေ။ ဒါ တကယ်ကို ပေါ်လွင်အောင်လုပ်ခြင်းအားဖြင့် ကျနော်တို့ချစ်ကြည်မှု ပိုခိုင်မာအောင်ပေါ့ဗျာ ပြည်သူတွေကြားထဲမှာ ရှိနေတဲ့သံသယတွေ ပျောက်ပြီးနော်။ ဒါလေးလိုပါတယ်၊ ဒီလိုလေးဆောင်ရွက်ပေးပါလို့ ကျနော်တို့က တိုက်တွန်းနှိုးဆော်ချင်ပါတယ်။
DVB

မိုင်ဂျာယန်ညီလာခံ ဒုတိယနေ့ ဖက်ဒရယ်မူ ညှိနှိုင်းဆွေးနွေးမည်


မိုင်ဂျာယန်တွင် ညီလာခံ ကျင်းပနေစဉ်။
ကချင်ပြည်နယ် ၊ မိုင်ဂျာယန်မှာ ကျင်းပနေတဲ့ တိုင်းရင်းသား လက်နက်ကိုင် တော်လှန်ရေးအဖွဲ့အစည်းများ၏ မျက်နှာစုံညီ အစည်းအဝေး ဒုတိယနေ့ဖြစ်တဲံ ဒီကနေ့မှာတော့ ၂၁ ရာစု ပင်လုံညီလာခံကျင်းပတဲ့အခါ တိုင်းရင်းသားတွေ လက်နက်ကိုင် အဖွဲ့အစည်းတွေရဲ့ ဘုံသဘောတူညီချက် တင်ပြနိုင်ရေးအတွက် နိုင်ငံရေးမူဘောင်ကိစ္စကို အဓိကထား ဆွေးနွေးသွားမယ်လို့ ညီလာခံရဲ့ ပြောရေးဆိုခွင့်ရှိသူတဦးဖြစ်တဲ့ ဗိုလ်မှူး စိုင်းလက ပြောပါတယ်။ ဗိုလ်မှူးစိုင်းလကို ၀ိုင်းတော်သား ကိုဇော်ဝင်းလှိုင်က ဆက်သွယ် မေးမြန်းတဲ့အခါ သူက အခုလို စပြောပါတယ်။
ဗိုလ်မှူး စိုင်းလ။ “ဒီနေ့ ဆွေးနွေးကြမှာကတော့ ၂၁ ရာစု ပင်လုံမှာ ထပ်မံ ကျင်းပမယ့်ပွဲမှာ ကျနော်တို့ EAO (Ethnic Armed Organizations) တွေ အနေနဲ့ ဒီ နိုင်ငံရေးကိစ္စရပ်ဖြစ်တဲ့ ဖက်ဒရယ်မူ အခြေခံပေါ့၊ အဲဒါတွေကို ကျနော်တို့ ညှိနှိုင်း ဆွေးနွေးကြမယ်။ ကျနော်တို့ ဘယ်လိုပုံ သဘောတူညီချက်တွေ ရနိုင်မလဲ၊ အဲဒါကို ညှိနှိုင်းဖို့ ဖြစ်ပါတယ်။ အဲဒီကိစ္စက အဓိကဖြစ်ပါတယ်။”
မေး။ ကျနော်တို့ ကြားတာက အဓိက ဆွေးနွေးကြမယ့် (၄) ချက်ထဲမှာ ဒီ ၂၁ ရာစုပင်လုံညီလာခံမှာ တိုင်းရင်းသားတွေရဲ့ သဘောထားကို တင်ပြနိုင်ဖို့၊ ဘုံသဘောထားကို တင်ပြနိုင်ဖို့အတွက် ဒီ နိုင်ငံရေး အခြေခံ မူဘောင်တွေကို ဆွေးနွေးမယ်၊ စောစောက ဗိုလ်မှူးပြောတဲ့ အကြောင်း အရာကို ဆွေးနွေးမယ်လို့ ပြောပါတယ်။ ဒါပေမယ့် ကျနော်တို့ကြားတာက အဲဒီမှာ စာတမ်းတွေ တင်ကြမယ်လို့ ကြားပါတယ်။ တိုင်းရင်းသား အဖွဲ့အစည်း အသီးသီးကနေပြီးတော့ စာတမ်းတွေ တင်ကြမှာလား ခင်ဗျ။ ဘယ်လိုပုံစံ ဆွေးနွေးမှာပါလဲ ဗိုလ်မှူး။
ဗိုလ်မှူး စိုင်းလ။ “ဟုတ်ပါတယ်။ ဒီ တော်လှန်ရေးတလျှောက်လုံးမှာ သူတို့ပြင်ဆင်ထားတဲ့ စဉ်းစားချက်တွေ၊ စာတမ်းတွေ၊ နောက်ပြီးတော့ သူတို့ အစုအဖွဲ့တွေမှာ ရှိနေခဲ့တဲ့ အခြေခံမူတွေကို လာပြီးတော့ စာတမ်းအနေနဲ့ တင်ပြဖို့ ရှိပါတယ်။ တချို့ အဖွဲ့တွေကတော့ ပြင်ဆင်ထားမှု မရှိတော့ ဒီပွဲမှာ သူတို့ပြင်ဆင်ထားတဲ့ ပုံစံနဲ့ သူတို့က ညှိနှိုင်း ဆွေးနွေးသွားမှာပဲ ဖြစ်ပါတယ်။ အဲဒီဟာကတော့ ဖက်ဒရယ်ဆိုင်ရာ အခြေခံမူတွေပေါ့။ ဒီနေ့တော့ ဒီကိစ္စ အဓိကဖြစ်ပါတယ်။”
မေး။ ဟုတ်ကဲ့ ဗိုလ်မှူး၊ အဲဒီတော့ ဗိုလ်မှူးလဲ ကိုယ်တိုင် ကြုံခဲ့ရပြီးသားပဲ၊ ဆွေးနွေးပွဲတွေကို အမျိုးမျိုး၊ အကြိမ်ကြိမ် ပြုလုပ်ခဲ့ကြပြီးပြီဆိုတော့ အခုတကြိမ် ဆွေးနွေးပွဲက အရင်ဆွေးနွေးခဲ့တာတွေနဲ့ ဘာများထူးခြားပါသလဲ ဗိုလ်မှူး။
ဗိုလ်မှူး စိုင်းလ။ “ဒီပွဲမှာတော့ ပထမအကြိမ် UPC (Union Peace Conference) မှာ မပါတဲ့ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းတွေနဲ့ ညီလာခံ ကျင်းပနေတာဖြစ်တော့ သူတို့ဆီက အကြံဉာဏ်တွေ၊ သူတို့ဆီက စဉ်းစားချက်တွေ၊ သူတို့မှာရှိနေတဲ့ သဘောထားတွေ၊ စာတမ်းအနေနဲ့ သူတို့ထပ်မံပြီးတော့ တင်ပြမယ်၊ ညှိနှိုင်းမယ်၊ ဆွေးနွေးမယ်။ အဲဒါကို ကျနော်တို့ ဘုံသဘောတူညီချက် တခုအနေနဲ့ ရရှိဖို့ အဲဒီလိုမျိုး စဉ်းစားထားတာတွေရှိတော့ ဒီနေ့မှာ အပြတ်ဆွေးနွေးနိုင်ပြီးတော့ ဘုံသဘောတူညီချက်တခု ချမှတ်နိုင်ဖို့ ရည်ရွယ်ထားတာ ဖြစ်ပါတယ်။”
မေး။ အခုဒီ မိုင်ဂျာယန် ညီလာခံမှာ UWSA တို့၊ TNLA တို့၊ MNDAA တို့ စတဲ့ ဒီ (၃) ဖွဲ့က ဒီညီလာခံကို တက်မလာဘူးဆိုတော့ တကယ်လို့များ ၂၁ ရာစု ပင်လုံညီလာခံ ကျင်းပတယ်ပဲဖြစ်ဖြစ်၊ တနိုင်ငံလုံး အပစ်အခတ်ရပ်စဲရေးအတွက် ငြိမ်းချမ်းရေး ဆွေးနွေးပွဲတွေ ပြုလုပ်တဲ့အခါမှာပဲဖြစ်ဖြစ်၊ ဒီ (၃) ဖွဲ့က ကျန်နေခဲ့တော့မလား။ ဗိုလ်မှူးတို့ ဒီ အစည်းဝေးတက်လာတဲ့ ကျန်တဲ့ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းတွေကရော ဒီ (၃) ဖွဲ့အပေါ် ဘယ်လို သဘောထားသလဲ။ မတက်ဘူးဆိုရင်လည်း သူတို့ကို ချန်ထားခဲ့တော့မယ်ဆိုတဲ့ သဘောလားခင်ဗျ။ သူတို့က သီးခြားဖြစ်နေတဲ့ သဘောလား။
ဗိုလ်မှူး စိုင်းလ။ “ဒီငြိမ်းချမ်းရေး ဖြစ်စဉ်မှာ ဂုဏ်သိက္ခာရှိရှိတဲ့ ပါဝင်နိုင်တဲ့ ပုံစံမျိုးဖြစ်အောင် ကျနော်တို့ အစိုးရကလည်း ဖန်တီးပေးသလို၊ ကျနော်တို့ တိုင်းရင်းသားလက်နက်ကိုင်တွေဖက်ကလည်း ညှိနှိုင်းနေကြပါတယ်။ ဒီ ကျနော်တို့ မိုင်ဂျာယန် ညီလာခံမှာတော့ ကျန်နေတဲ့ (၃) ဖွဲ့က မတက်ရောက်ပေမယ့်လည်း ဒီလကုန် အတောအတွင်းမှာ အစိုးရနဲ့ သူတို့ သီးသန့်တွေ့ဖို့ ရှိပါတယ်။ ဆိုတော့ သူတို့ပုံစံနဲ့ သူတို့ ဆက်လက်ပြီးတော့ ဖော်ဆောင်နေတာကို တွေ့ရတော့ ဒီ ၂၁ ရာစုပင်လုံ ထပ်မံကျင်းပမယ့် ညီလာခံမှာ ပါဝင်နိုင်ရေးကိုလည်း ကျနော်တို့ မျှော်လင့်ပါတယ်။ တနည်းတဖုံနဲ့တော့ သူတို့ ဖြစ်လာမှာပဲလို့ ကျနော်တို့ အဲဒီလိုတော့ မျှော်မှန်းထားပါတယ်။”
ဗိုလ်မှူး အခုလို ပြောပြပေးတာ ကျေးဇူးအများကြီး တင်ပါတယ်ခင်ဗျား။
ဗိုလ်မှူး စိုင်းလ။ “ဟုတ်ကဲ့ ကျေးဇူးတင်ပါတယ်ခင်ဗျား၊ မင်္ဂလာပါ။”
VOA

ကျောက်စိမ်းလုပ်ကွက် ၃၀၀ ကျော် သက်တမ်းထပ်မတိုးဖို့ ၀န်ကြီးဌာနဆုံးဖြတ်


(ဓာတ်ပုံ-မြန်မာနိုင်ငံ ကျောက်မျက်ရတနာ လုပ်ငန်းရှင်များအသင်း)
ပထမ ၅ နှစ် သက်တမ်းပြည့်သွားတဲ့ ကျောက်စိမ်း၊ ကျောက်မျက် လုပ်ကွက်ပေါင်း ၃၀၀ ကျော်ကို နောက်ထပ် သက်တမ်း ထပ်တိုး မပေးတော့ဘူးလို့ သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေး ၀န်ကြီးဌာနက ပြောဆိုပါတယ်။

အစိုးရဘက်က ကျောက်စိမ်း၊ ကျောက်မျက် တူးဖော်မှုကို အတိုင်းအတာ တခုအထိ လျှော့ချဖို့ ဆောင်ရွက်လာတာလို့ ကျောက်မျက်လုပ်ငန်းရှင်တွေက ကြိုဆိုပါတယ်။ တချိန်တည်းမှာလည်း ကျောက်မျက်ရတနာဆိုင်ရာ မူဝါဒတွေ တသမတ်တည်းဖြစ်ဖို့နဲ့ တရားဥပဒေ စိုးမိုးရေးကိုလည်း အာရုံစိုက် လုပ်ဆောင်လို့ လိုအပ်တယ်လို့ ထောက်ပြပါတယ်။ အသေးစိတ်ကို မသိင်္ဂီထိုက် က စုစည်း တင်ပြထားပါတယ်။

အရင် အစိုးရလက်ထက်က ချထားပေးခဲ့တဲ့ ကျောက်စိမ်းနဲ့ ကျောက်မျက် လုပ်ကွက်များစွာထဲက အခု ဇူလိုင်လမှာ ၅ နှစ် သက်တမ်းပြည့်သွားတဲ့ လုပ်ကွက် ၃၁၀ တို့ကို ထပ်မံ သက်တမ်း တိုးမပေးတော့ဘူးလို့ သယံဇာတနဲ့ သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဝန်ကြီးဌာနက ပြောပါတယ်။ သယံဇာတနဲ့ သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေး ၀န်ကြီးဌာနရဲ့ ညွှန်ကြားရေးမှူးချုပ် ဦးဝင်းထိန်က သက်တမ်းပြည့်သွားတဲ့ လုပ်ကွက်တွေကို ထပ်ချ မပေးတော့ဘူးလို့ ဗွီအိုအေကို ပြောပါတယ်။

ကျောက်စိမ်း၊ ကျောက်မျက် လုပ်ကွက်တွေကို သက်တမ်းပြည့် ပိတ်လိုက်တာက အစိုးရသစ်ရဲ့ ဆောင်ရွက်ပုံ ပြောင်းလဲလာတာ ဖြစ်တယ်လို့ မြန်မာနိုင်ငံ ကျောက်မျက်လုပ်ငန်းရှင်အသင်းရဲ့ ဒုတိယ ဥက္ကဌ ဦးမြင့်ဟန်က ပြောပါတယ်။

“လုပ်ငန်းလုပ်ကွက်တကွက်ဟာ ၅ နှစ်ပေးမယ်၊ ၅ နှစ်ပေးပြီးလို့ရှိရင် နောက်ထပ် ၃ နှစ်၊ နောက်ထပ် ၃ နှစ်တခါပေးမယ်။ ၃ နှစ်တခါ ပေးပြီးရင် နောက်ထပ် ၂ နှစ်တခါပေးမယ်။ အဲ့လိုပြည့်သွားလို့ ဒီကျောက်က မပြီးသေးဘူး၊ ဒီကျောက်က ကျောက်ကျောကောင်းနေသေးတယ်၊ ဆက်ပြီးတော့ တူးချင်တယ်ဆိုရင်တော့ သူက လက်ငုပ်လက်ရင်းအနေနဲ့ သူ မရဘူး။ လေလံပြန်ဆွဲရတော့မယ်။ ဒီ့ပြင်လူတွေနဲ့ အပြိုင်ပေါ့နော်။ အခုတော့ ဆက်တိုးမပေးတော့တာပေါ့နော်။ အခုလောလောဆယ် ပိတ်မယ်။ နောက်ပြီးတော့မှ တခုခု လုပ်မှာပေါ့နော်။ ဒါ ဘယ်လိုသဘောတူညီချက်တွေနဲ့ လုပ်ရင် ကောင်းမလဲ။ အခု ဆွေးနွေးနေတဲ့ အကြီးစားတွေ လုပ်မလား၊ အလတ်စားတွေ လုပ်မလား၊ အကြီးစားတွေကို ဘယ်လောက်ပေးမလဲ၊ အလတ်စားတွေကိုရော ဘယ်လောက် ပေးမလဲ ဆိုတဲ့ဟာမျိုး လုပ်မှာပေါ့နော်။”

အခု ဇူလိုင်လမှာ သက်တမ်းကုန်မယ့် လုပ်ကွက်တွေကတော့ လုံးခင်း- ဖားကန့်က လုပ်ကွက် ၉၃ ခု၊ ခန္တီး-ရတနာမြေက ၃၆ ခု၊ မိုးညှင်း-ရတနာမြေက လုပ်ကွက် ၁၅၁ ခု၊ နောက် မိုးကုတ်၊ မိုင်းရှူးနဲ့ နမ့်ယားဆိပ် ရတနာမြေက လုပ်ကွက် ၃၀ တို့ ပါဝင်ပါတယ်။ ကျောက်စိမ်း၊ ကျောက်မျက် တူးဖော်ထုတ်လုပ်မှုကို အတိုင်းအတာ တခုအထိ လျှော့ချဖို့ အစိုးရသစ်ရဲ့ ဆောင်ရွက်ချက်ကို ကျောက်မျက်လုပ်ငန်းရှင် အသင်းကလည်း ကြိုဆိုပါတယ်။

“တချို့တွေဆီမှာကလည်း တကယ်တမ်းပြောရရင်တော့ တအားကို များနေတာတွေရှိတယ်။ တချို့ပိုင်ရှင်တွေဆီမှာပေါ့နော်။ တချို့သိပ်များနေတဲ့သူတွေကလည်း ဒီလောက်ကြီးတော့ အများကြီး မတူးစေချင်တော့ဘူးပေါ့နော်။ အခု အပြင်မှာလည်း တချို့ဆီမှာဆိုရင် လက်ထဲမှာပေါ့နော် ကျောက်တွေက အများကြီးရှိပါတယ်။ သွေးပြီးသားကျောက်တွေပေါ့နော်။ ဒါတွေကို ဒီလိုပဲ ထပ်တူးဦးမယ်ဆိုရင်တော့ ဒီထက်လည်း များမှာပေါ့နော်။ အဲတော့ အကောင်းဆုံးကပေါ့နော် အခိုက်အတန့်ပေါ့နော် လျှော့ချစေချင်တယ်ပေါ့။ လက်ရှိကလည်း သူတို့ရဲ့ လုပ်ငန်းတွေက ရှိသေးတာကိုး။ သူတို့ ရင်းနှီးမြှုပ်နှံထားတဲ့သူတွေ ရှိသေးတယ်။ လောလောဆယ် ရင်းနှီးမြှုပ်နှံထားတဲ့ လူတိုင်းမှာလည်း အားလုံးကတော့ အောင်မြင်နေတဲ့သူတွေတော့ မဟုတ်ဘူး။ နောက်ပြီးတော့ အဲဒီကုမ္ပဏီတွေ၊ အဲဒီလုပ်ငန်းရှင်တွေကိုလည်း မှီခိုစားသောက်နေကြသူတွေ အများကြီးရှိတယ်။ အဲဒီတော့ကာ သင့်တင့်မျှတတာပေါ့နော်၊ အရင်တုန်းကလောက်တော့ မတူးစေချင်တော့ဘူး။ အရင်တုန်းကလောက် ဒီထက်ဒီထက် တူးမယ်ဆိုရင် နည်းနည်းတော့ အရှိန်သတ်စေချင်ပါတယ်။ နည်းနည်း အရှိန်သတ်လိုက်မယ်ဆိုရင်တော့ ပိုပြီးတော့ သင့်တော်မယ်လို့ ထင်တယ်။ လုံးဝကို အပြီး ရပ်လိုက်တာမျိုးလည်း မကောင်းပါဘူး။”

အခု အစိုးရလက်ထက်မှာတော့ ကျောက်စိမ်း၊ ကျောက်မျက် ဖော်ထုတ်လုပ်ကွက်တွေရော၊ သတ်မှတ်လုပ်ကွက်တွေရော လုပ်ကွက်အသစ်တွေကို ပိတ်ထားပါတယ်။ နိုင်ငံတ၀န်း ရတနာမြေတွေမှာ မတူးရသေးတဲ့ ကျောက်မျက်လုပ်ကွက် အသစ်တွေကတော့ ကျန်ရှိနေသေးတယ်လို့လည်း ကျောက်မျက်လုပ်ငန်းရှင်အသင်းရဲ့ ဒုဥက္ကဌ ဦးမြင့်ဟန်က ပြောပါတယ်။

“မိုးကုတ်လည်း အများကြီးကို ကျန်ပါသေးတယ်။ ကျောက်စိမ်းလည်း အများကြီး ကျန်ပါသေးတယ်။ ကျောက်ဆိုတာကတော့ မတူးရသေးတဲ့နေရာ ဆက်တူးကြတာပဲပေါ့နော်။”

ကျောက်စိမ်းနဲ့ ကျောက်မျက် တူးဖော်ထုတ်လုပ်ရေး လျှော့ချဖို့ အစိုးရသစ်ရဲ့ ဆောင်ရွက်ချက်တွေကို ကြိုဆိုပေမဲ့လည်း ကျောက်စိမ်း၊ ကျောက်မျက် လုပ်ငန်းမှာ တိကျတဲ့ မူဝါဒတွေ မရှိသေးသလို ရတနာမြေတွေမှာ တရားမ၀င် တူးဖော်မှုတွေကို ထိထိရောက်ရောက် မကိုင်တွယ်နိုင်သေးဘူးလို့လည်း ကျောက်မျက်လုပ်ငန်းရှင်အသင်းက ပြောပါတယ်။ ကျောက်စိမ်း ရောင်းချမှုမှာလည်း အထူးကုန်စည်ခွန်အဖြစ် တိုးကောက်လိုက်တာကြောင့် ကျောက်မျက်လုပ်ငန်းရှင်တွေကြား အထိနာရတယ်လို့လည်း ကျောက်မျက်လုပ်ငန်းရှင်အသင်းက ပြောပါတယ်။

 မသိင်္ဂီထိုက် / ဗွီအိုအေ (မြန်မာပိုင်း)

မြန်မာနိုင်ငံလုံးဆိုင်ရာ တိုင်းရင်းသားလူငယ်များညီလာခံ စတင်ကျင်းပ





မြန်မာနိုင်ငံလုံးဆိုင်ရာ တိုင်းရင်းသားလူငယ်များညီလာခံကို ရှမ်းပြည်နယ် ပင်လုံမြို့မှာ မူလစီစဉ်ထားတဲ့အတိုင်း ဒီကနေ့မနက် စတင်ကျင်းပနေပါတယ်။
ဇူလိုင် ၂၇ ကနေ ၃၁ ရက်ထိ  ၅ ရက်ကြာညီလာခံမှာ ဖက်ဒရယ်ပြည်ထောင်စုအရေး၊ ငြိမ်းချမ်းရေးနဲ့ ၂၁ ရာစုပင်လုံညီလာခံကိစ္စတွေကို ဆွေးနွေးမယ်လို့ ညီလာခံကျင်းပရေး ကော်မတီ ပြောခွင့်ရသူ မိုင်းမျိုးအောင်က ပြောပါတယ်။
“အဓိကကတော့ ကျနော်တို့ ငြိမ်းချမ်းရေးကိစ္စပါမယ်။ ဖက်ဒရယ်ကိစ္စပါမယ်။ ပြီးရင် လက်ရှိပြည်ထောင်စုပင်လုံကိစ္စတွေ ပါမှာပေါ့။ အခု ၂၁ ရာစုပင်လုံကျင်းပဖို့ရှိရတယ်။ အဲဒီဟာနဲ့ပတ်သက်ပြီးမှ ကျနော်တို့ လူငယ်တွေအနေနဲ့ ဘာသဘောထားရှိလဲ၊ ကျနော်တို့ သဘောထားဘယ်လိုရှိလဲ။ ကျနော်တို့ရဲ့အသံတွေ၊ သဘောထားတွေ ပါဝင်နိုင်အောင် ဘယ်လိုလုပ်ကြမလဲ အဲဒါတွေလည်းပါဝင်ဆွေးနွေးမှာပေါ့။ ”
ဒီညီလာခံမှာ နိုင်ငံတ၀န်းက တိုင်းရင်းသားလူမျိုး ၂၂ မျိုး တက်ရောက်လာပြီး ကိုယ်စားလှယ် ၈၀၀ လောက်တက်ရောက်လာပါတယ်။
ဒီညီလာခံမှာ ဟောပြောဖို့ ဖိတ်ကြားထားတဲ့ ဧည့်သည်တွေကတော့ ဒေါက်တာ အေးမောင်၊ ဦးစိုင်းခမ်းပန်ဖ၊ ဦးခွန်ဥက္ကာ တို့ကို ဖိတ်ကြားထားသလို အဖွဲ့အစည်း ခေါင်းဆောင်တွေလည်း တက်ရောက် ဟောပြောမှာဖြစ်ပါတယ်။
မြန်မာနိုင်ငံလုံးဆိုင်ရာ တိုင်းရင်းသားလူငယ်များညီလာခံကို ဆိုင်းငံ့ထားဖို့ ရှမ်းပြည်နယ် ၀န်ကြီးချုပ်ကိုယ်စား ဗမာတိုင်းရင်းသားလူမျိုးရေးရာဝန်ကြီး ဒေါက်တာ အောင်သန်းမောင်က လက်မှတ်ရေးထိုးထားစာထွက်လာခဲ့ပြီး ညီလာခံကျင်းပရေး မကျင်းပရေး အကျပ်အတည်းတွေ ဖြစ်ပွားခဲ့ပါတယ်။
ရှမ်းပြည်နယ် အန်အယ်လ်ဒီ ဥက္ကဋ္ဌ ဒေါ်ခင်မိုးမိုးက မနေ့က ပြန်လည်ညှိနှိုင်းပြီး ပြေလည်မှု ရရှိသွားတဲ့အတွက် ညီလာခံကို စီစဉ်ထားတဲ့အတိုင်း ဒီကနေ့ ပြန်လည်ကျင်းပ တာပါ။ ညီလာခံကို ပင်လုံမြို့ ပင်လုံကျောက်တိုင်ကွင်းမှာပဲ ကျင်းပနေပါတယ်။
DVB