Pages

Tuesday, April 25, 2017

သထုံမြို့တွင် WY စာတန်းပါ စိတ်ကြွမူးယစ်ဆေးပြား ၃၀၀၀ ခန့် ထပ်မံဖမ်းဆီးရမိ


မွန်ပြည်နယ်၊ သထုံမြို့၊ အောက်ကျင်းရပ်ကွက်မှာ ဧပြီ ၂၅ ရက်နေ့၊ မနက် ၅ နာရီခွဲချိန်ခန့်က မူးယစ်ဆေးဝါး ဖြန့်ဖြူးရောင်းချနေသူရဲ့နေအိမ်မှ WY ပန်းရောင်စိတ်ကြွဆေးပြား ၂၀၀၀ ကျော် ထပ်မံဖမ်းဆီးရမိခဲ့တယ်လို့ သထုံမြို့မရဲစခန်းက သိရပါတယ်။
“ခုဖမ်းမိတဲ့ သူက ကွင်းဆက်တရားခံပါ။ ၂၃ ရက်နေ့က ဖမ်းမိတဲ့သူကို စစ်ဆေးပေါ်ပေါက်ချက်အရ သူ့အိမ်ကို မူးယစ်ဆေးဝါးရှာဖွေ ဝရမ်းနဲ့ ဝင်ရောက်ရှာဖွေ စစ်ဆေးရာကနေ WY ဆေးပြားတွေ ထပ်မံဖမ်းဆီးရမိတာပါ။ ဆက်လက်ပြီးတော့ ကွင်းဆက်ရရှိရေး စစ်ဆေးနေပါတယ်” လို့ သထုံခရိုင် မှုခင်းအကူဌာနမှ တာဝန်ရှိသူတဦးက ပြောပါတယ်။
ဖြစ်စဉ်မှာ သထုံခရိုင် မှုခင်းနှိမ်နင်းရေးအကူဌာနမှ တပ်ဖွဲ့ဝင်များဟာ ဧပြီ ၂၃ ရက်နေ့တွင် မူးယစ်ဆေးဝါးမှုဖြင့် ဖမ်းဆီးခံရသူထံမှ စစ်ဆေးပေါ်ပေါက်ချက်အရ အမှတ်(၂၈၅)၊ ဈေးကြီးလမ်း၊ အောက်ကျင်းရပ်ကွက်၊ သထုံမြို့နေသူ ကွင်းဆက်တရားခံ ကျော်ကျော်စံ(၄၂-နှစ်) နေအိမ်ကို သထုံခရိုင် ရဲတပ်ဖွဲ့မှူးရုံး မူးယစ်ဆေးဝါး အိမ်ရှာဖွေခွင့်ဝရမ်းအမှတ် (၇/၂၀၁၇) နဲ့ ဝင်ရောက်ရှာဖွေရာမှာ နေအိမ်ရှေ့ ပစ္စည်းဂိုထောင်အတွင်းရှိ သစ်သားဗီရိုအတွင်း မုန့်ထည့်တဲ့ အဝါရောင်စက္ကူဘူးအတွင်းရှိ ZXET စာတန်းပါ လက်ကိုင်ဖုန်းထည့်တဲ့ အနက်ရောင် ဖုန်းဘူးအတွင်းမှ အပြာရောင်ကပ်ခွာအိတ် ၁၅ အိတ်အတွင်း ပန်းရောင်စိတ်ကြွဆေးပြား ၂၉၀၂ ပြားနဲ့ အစိမ်းရောင် ၂၈ ပြား၊ စုစုပေါင်း ၂၉၃၀ ပြား၊ အလေးချိန် ၂၉၃ ဒသမ ၀ ဂရမ်ခန့်၊ ကာလတန်ဖိုး ၁၁,၇၂၀,၀၀၀ ကျပ်ခန့် ဖမ်းဆီးရမိခဲ့တယ်လို့ ရဲမှတ်တမ်းများအရ သိရပါတယ်။
ဖြစ်စဉ်နဲ့ပတ်သက်ပြီး သထုံမြို့မရဲစခန်းက ကျော်ကျော်စံကို မယ(ပ)၄/၂၀၁၇၊ မူးစိတ်ပြောင်း ၁၅/ ၁၉ (က)/ ၂၁ အရ အမှုဖွင့် အရေးယူဆောင်ရွက်နေတယ်လို့ သိရပါတယ်။
သတင်း – ယူမင်းစိုး