Pages

Saturday, August 26, 2017

ဘူးသီးတောင် ၊ မောင်တောနှင့် ရသေ့တောင်မြို့နယ်များတွင် အခြေခံပညာ စာသင်ကျောင်းများ ယာယီပိတ်


အကြမ်းဖက်မှုဖြစ်စဉ်များကြောင်း ရခိုင်ပြည်နယ်အတွင်းမှ ဘူးသီးတောင် ၊ မောင်တော၊ ရသေ့တောင်မြို့နယ်များမှ  အခြေခံပညာကျောင်းများကို ယနေ့မှစ၍ ယာယီပိတ်လိုက်ကြောင်း သတင်းရသည်။

ထို့ပြင် ရသေ့တောင်မြို့နယ် နယ်စပ်ဒေသရှိ ကျောင်းပေါင်း ၂၀ ကိုလည်း ယာယီ ပိတ်ထားလိုက်ပြီ ဖြစ်ကြောင်း   ရခိုင်ပြည်နယ် ပညာရေးမှူး ရုံးမှ ပြည်နယ်ပညာရေးမှူး ဦးအောင်ကျော်ထွန်းက ပြောသည်။

“ကျောင်းတွေကို ယာယီ ပိတ်ထားခိုင်းထားပါတယ်။ ဆရာ/မတွေကလည်း သင့်တင့်တဲ့ နေရာတွေကို ရွေ့ပြီးတော့ နေကြပါတယ်”ဟု ဦးအောင်ကျော်ထွန်းက ပြောသည်။

လက်ရှိအချိန်တွင်း မောင်တောမြို့နယ်အတွင်း တိုက်ပွဲများဆက်လက် ဖြစ်ပွားနေသည့်အတွက် ကျေးရွာသားများမှာ  နီးစပ်ရာ တပ်စခန်းများသို့ ဝင်ရောက်ခိုလုံနေကြောင်၊ မောင်တောမြို့နယ်တွင်းလည်း ညမထွက်ရ အမိန့်များကို တိုးမြှင့်ထားသည်။

အစွန်းရောက် ဘင်္ဂါလီအကြမ်းဖက်သမားများသည် မောင်တောဒေသအတွင်းရှိ လုံခြုံရေး ရဲကင်း နှင့် ရဲစခန်းများကို အကြမ်းဖက်တိုက်ခိုက်သည့်အပြင် ဒုက္ခသည်စခန်းများနှင့် ရွာများကိုလည်း မီးရှို့ဖျက်ဆီးခဲ့ကြောင်း  နိုင်ငံတော်အတိုင်ပင်ခံရုံးမှ ထုတ်ပြန်ချက်အရ သိရသည်။

ဖြစ်စဉ်မှာ ရသေ့တောင်မြို့နယ်အတွင်းရှိ ချိန်ခါလီ ဘင်္ဂါလီရွာတွင် နေထိုင်ကြသည့် ဘင်္ဂါလီများသည် ၎င်းတို့၏ နေအိမ်များကို မွန်းလွဲ ၁ နာရီတွင် မီးရှို့ဖျက်ဆီးခဲ့ပြီး မြစ်နားဘင်္ဂါလီကျေးရွာနှင့် မေယုတောင်ကြောဘက်သို့ တက်သွားကြောင်း သိရှိရသည်။

ထို့ပြင် ရသေ့တောင်မြို့နယ်အတွင်းရှိ အိမ်ခြေ ၆၀ ရှိသည့် စေတီပြင်ဘင်္ဂါလီကျေးရွာတွင်နေထိုင်ကြသည့် ဘင်္ဂါလီများသည် ၎င်းတို့၏ နေအိမ်များကို မွန်းလွဲ ၁ နာရီ မိနစ် ၄၀ တွင် မီးရှို့ဖျက်ဆီးခဲ့ပြီး ချင်းရွာဘက်သို့ ပြောင်းရွှေ့သွားကြောင်း သိရသည်။

အကြမ်းဖက်သမားများသည် သြဂုတ် ၂၅ ရက် နံနက် အာရုဏ်တက်တွင် မောင်တောမြို့နယ်၊ ဘူးသီးတောင်မြို့နယ် နှင့် ရသေ့တောင် မြို့နယ်အတွင်းရှိ လုံခြုံရေး ဆောင်ရွက်နေသည့် ရဲကင်းစခန်းများကို တချိန်တည်းတပြိုင်နက်တည်း အလစ်အငိုက်ယူ၍ အကြမ်းဖက်တိုက်ခိုက်ခဲ့ရာ ရဲကင်းစခန်း ၃၀  တိုက်ခိုက်ခံခဲ့ရပြီး  တပ်မတော်သား ၁ ဦးနှင့် ရဲတပ်ဖွဲ့ဝင် ၁၀ ဦး စုစုပေါင်း ၁၁ ဦး ကျဆုံးခဲ့ကြောင်း နိုင်ငံတော် အတိုင်ပင်ခံရုံးမှ ထုတ်ပြန်သည်။

မြတ်ထွန်းဇံ