Pages

Thursday, August 31, 2017

ရခိုင်အရေးနှင့်ပတ်သက်၍ ကုလ လုံခြုံရေးကောင်စီတွင် တံခါးပိတ်ဆွေးနွေး၊ တရုတ်က မြန်မာကို အကာအကွယ်ပေး

လတ်တလောဖြစ်ပွားနေသော ရခိုင်ပြည်နယ်အကြမ်းဖက်မှုဖြစ်စဉ်များနှင့်ပတ်သက်၍ ကုလ လုံခြုံရေးကောင်စီတွင် သြဂုတ် ၃၀ ရက်က ဆွေးနွေးသည်။

ရခိုင်ပြည်နယ်တွင်ဖြစ်ပေါ်နေသော အကြမ်းဖက်မှုနှင့် ပဋိပက္ခအခြေအနေများ လျော့ပါးရေးအတွက် လုံခြုံရေးကောင်စီအဖွဲ့ဝင် ၁၅ နိုင်ငံမှ သံတမန်များက တံးခါးပိတ်ဆွေးနွေးကြခြင်းဖြစ်သည်။

ယင်းသို့ဆွေးနွေးရန်အတွက် ဗြိတိန်နိုင်ငံက အဆိုပြုခဲ့ခြင်းဖြစ်ပြီး ရခိုင်ပြည်နယ်အရေးတွင် ကုလ၏၀င်ရောက်စွက်ဖက်လိုမှုနှင့်ပတ်သက်၍ တရုတ်က ကန့်ကွက်ဆန့်ကျင်ကြောင်း
ဆွေးနွေးပွဲတွင်ပါဝင်သည့် သံတမန်များထံမှ သိရသည်။

“အကြမ်းဖက်မှုကို ကျွန်တော်တို့အားလုံးက ရှုတ်ချတယ်။ ဒီဖြစ်စဉ်တွေမှာ ပါဝင်ပတ်သက်သူတွေအားလုံးအနေနဲ့ ပြဿနာ လျော့ပါးပြေလည်အောင် လုပ်ဆောင်ဖို့ တိုက်တွန်းပါတယ်”ဟု ကုလဆိုင်ရာ ဗြိတိန် သံအမတ် Matthew Rycroft က ပြောသည်။

ရခိုင်အရေးနှင့်ပတ်သက်၍ လုံခြုံရေးကောင်စီတွင် ဆက်လက်ဆွေးနွေးရန် ရှိမရှိ အတိအကျ မသိရှိရသေးသော်လည်း စက်တင်ဘာတွင်ကျင်းပမည့် အထွေထွေအစည်းအဝေးတွင် ထည့်သွင်းတင်ပြဖွယ်ရှိကြောင်း သိရသည်။

ထို့ပြင် လုံခြုံရေးကောင်စီအနေဖြင့် ဒေါ်အောင်ဆန်းစုကြည်အား ဆက်လက် အားပေးထောက်ခံမည်ဖြစ်ကြောင်း Matthew Rycroft က ပြောသည်။

“ကျွန်တော်တို့ အများစုက သူမကိုထောက်ခံအားပေးတဲ့ မဟာမိတ်တွေဖြစ်ပြီး သူမရဲ့ တက်လှမ်းမှုတွေကို အဝေးကနေ နှစ်သက်အားကျတဲ့စိတ်နဲ့ စောင့်ကြည့်နေပါတယ်။ မြန်မာပြည်သူအားလုံးရဲ့အကျိုးအတွက် ပဋိပက္ခကိုဖြေရှင်းတဲ့နေရာမှာ သူမအနေနဲ့ မှန်ကန်တဲ့ သဘောလက္ခဏာဆောင်မယ်၊ ပြဿနာလျော့ပါးကျဆင်းရေးအတွက်လိုအပ်တဲ့ အလျော့အတင်းနည်းလမ်းများကို ရှာဖွေမယ်လို့ မျှော်လင့်ပါတယ်”ဟု ၎င်းကပြောသည်။

လတ်တလောဖြစ်ပေါ်နေသော အကြမ်းဖက်တိုက်ခိုက်မှုများမှာ သြဂုတ် ၂၅ ရက်တွင် ARSA အကြမ်းဖက်အဖွဲ့ဝင်များက လုံခြုံရေးကင်းစခန်း ၃၀ အား တချိန်တည်းတပြိုင်နက် ၀င်ရောက်တိုက်ခိုက်ရာမှ စတင်ခဲ့ခြင်းဖြစ်ပြီး တိုက်ခိုက်မှုများကြောင့် သြဂုတ် ၂၉ ရက်နေ့အထိ လုံခြုံရေးဝန်ထမ်း ၁၃ ဦး အရပ်သား ၁၂ ဦး စုစုပေါင်း ၂၅ ဦးသေဆုံးခဲ့ရပြီး ၁၆ ဦး ဒဏ်ရာရရှိခဲ့သည်။

Ref;AFP