Pages

Monday, September 18, 2017

မြန်မာ-ဘင်္ဂလားဒေ့ရှ်နယ်စပ် ခြံစည်းရိုးကာရံခြင်းလုပ်ငန်းများ ချက်ချင်းဆောင်ရွက်နိုင်ရေး ပထမအဆင့် အနေဖြင့် ငွေကျပ် ( ၂၀ ) ဘီလီယံ အစိုးရက လက်ငင်း ဖြည့်ဆည်းမည်


ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်
နိုင်ငံတော်သမ္မတရုံး
သတင်း ထုတ်ပြန်ချက် အမှတ်၊  ၅ / ၂၀၁၇
၁၃၇၉ ခုနှစ်၊ တော်သလင်းလပြည့်ကျော်   ၁၃   ရက်
( ၂၀၁၇ ခုနှစ်၊ စက်တင်ဘာလ   ၁၈  ရက်)

ယခုအချိန်တွင် ပြည်သူအချို့က မြန်မာ-ဘင်္ဂလားဒေ့ရှ်နယ်စပ် ခြံစည်းရိုးနှင့် ပတ်သက်၍ စိုးရိမ်မှုများ ရှိနေသဖြင့် ပြည်သူများ၏ စိုးရိမ်မှုများ ပပျောက်စေရေးအတွက် နယ်စပ်ခြံစည်းရိုး ကာရံခြင်း လုပ်ငန်းများ ဆောင်ရွက်ခဲ့မှု အခြေအနေနှင့် ဆက်လက် ဆောင်ရွက်မည့် အစီအမံများကို သတင်းထုတ်ပြန်ခြင်း ဖြစ်ပါသည်။
နိုင်ငံတော်အစိုးရအနေဖြင့် နိုင်ငံ့တာဝန်များကို လွှဲပြောင်းရယူပြီးနောက် ၂၀၁၆ ခုနှစ်၊ မေလ ၃၀ ရက်နေ့တွင် နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်က ဥက္ကဋ္ဌအဖြစ် တာဝန်ယူသော ရခိုင်ပြည်နယ် တည်ငြိမ်အေးချမ်းမှုနှင့်ဖွံ့ဖြိုးတိုးတက်ရေး အကောင်အထည်ဖော်ရေး ဗဟိုကော်မတီကို ဖွဲ့စည်းခဲ့ပါသည်။

၂၀၁၆ ခုနှစ်နှင့် ၂၀၁၇ ခုနှစ်များအတွင်း ကျင်းပပြုလုပ်ခဲ့သော အဆိုပါ ဗဟိုကော်မတီ၏ ညှိနှိုင်းအစည်းအဝေးများတွင်လည်းကောင်း၊  လုံခြုံရေး၊ တည်ငြိမ်အေးချမ်းရေးနှင့် တရားဥပဒေ စိုးမိုးရေးကော်မတီ အစည်းအဝေးများတွင်လည်းကောင်း နယ်စပ်ခြံစည်းရိုးကာရံရေး ဦးစားပေး ဆောင်ရွက်ရန် ဆုံးဖြတ်ချက်များ ချမှတ်ခဲ့ပြီး အထူးအလေးပေး ဆောင်ရွက်ရန် လမ်းညွှန်မှုများ ပြုခဲ့ပါသည်။ 
၂၀၁၇ ခုနှစ်၊ စက်တင်ဘာလ ၆ ရက်နေ့၌ ရခိုင်ပြည်နယ်အရေးကိစ္စများနှင့် တရားဥပဒေ စိုးမိုးရေးဆိုင်ရာများကို နိုင်ငံတော်သမ္မတအား  ရှင်းလင်းတင်ပြသည့် အခမ်းအနားတွင် နယ်စပ်ခြံစည်းရိုး ပျက်စီးနေသည့်နေရာများအား ပြုပြင်ခြင်း၊ ခြံစည်းရိုးကာရံရန် ကျန်ရှိသည့် နေရာများကို အဆင့်မီ လုံခြုံစွာ အမြန်ဆုံးကာရံခြင်းတို့ကို အချိန်မဆိုင်း ဆောင်ရွက်ရန်နှင့် လိုအပ်သည့်ဘဏ္ဍာငွေကို နိုင်ငံတော်အစိုးရက ဖြည့်ဆည်းပေးမည်ဖြစ်ကြောင်း နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်က ရှင်းလင်း ပြောကြားခဲ့ပြီး ဖြစ်ပါသည်။

မြန်မာ-ဘင်္ဂလားဒေ့ရှ် နယ်စပ်ခြံစည်းရိုးကာရံခြင်းလုပ်ငန်းအတွက် ၂၀၀၉-၂၀၁၀ ခုနှစ်မှ ၂၀၁၇-၂၀၁၈ခုနှစ် အထိ ဘဏ္ဍာရေးနှစ်များအတွင်း နှစ်စဉ်မူလခန့်မှန်းခြေ ငွေစာရင်းနှင့် ဖြည့်စွက် ခွင့်ပြုငွေ စုစုပေါင်း ငွေကျပ်ဘီလီယံ ( ၁၉၀ ) ကျော်ကို ပြည်ထဲရေး ဝန်ကြီးဌာနသို့ ခွင့်ပြုပေးခဲ့ပြီး ပြည်ထဲရေးဝန်ကြီးဌာနမှ ကာကွယ်ရေးဝန်ကြီးဌာန၊ စစ်အင်ဂျင်နီယာညွှန်ကြားရေးမှူးရုံးသို့ လုပ်ငန်း အပ်နှံဆောင်ရွက်ခဲ့ပြီး ဖြစ်ပါသည်။
၂၀၁၇-၂၀၁၈ ဘဏ္ဍာရေးနှစ်တွင် ခြံစည်းရိုးကာရံခြင်းနှင့် ဆက်စပ်လုပ်ငန်းများ အတွက် ငွေကျပ်  (  ၆  )  ဘီလီယံကျော်ကို  ခွင့်ပြုပေးခဲ့ပြီး   ပြည်ထဲရေးဝန်ကြီးဌာနမှ   ငွေအပ်လုပ်ငန်းအဖြစ် ကာကွယ်ရေးဝန်ကြီးဌာနသို့ အပ်နှံဆောင်ရွက်ထားပြီး ဖြစ်ပါသည်။ ထို့အပြင် ဖြည့်စွက်ခွင့်ပြုငွေအဖြစ် ငွေကျပ် ( ၂ ) ဘီလီယံကျော်ကို ထပ်မံသုံးစွဲနိုင်ရေး ဆောင်ရွက်လျက် ရှိပါသည်။

ယခုကာလအတွင်း ခြံစည်းရိုးကာရံခြင်းလုပ်ငန်းများ ချက်ချင်းဆောင်ရွက်နိုင်ရေး အတွက်  ပထမအဆင့် အနေဖြင့် ငွေကျပ် ( ၂၀ ) ဘီလီယံကို နိုင်ငံတော် အစိုးရက လက်ငင်း ဖြည့်ဆည်းပေးသွားမည် ဖြစ်ပါကြောင်းနှင့် နယ်စပ်ခြံစည်းရိုး ကာရံခြင်းလုပ်ငန်းအား ယခင်ဆောင်ရွက်သည့်အတိုင်း ပြည်ထဲရေးဝန်ကြီးဌာနမှ ရန်ပုံငွေ တင်ပြတောင်းခံ၍ ကာကွယ်ရေးဝန်ကြီးဌာနို့ လုပ်ငန်းအပ်နှံ ဆောင်ရွက်သွားစေမည် ဖြစ်ပါသည်။

ထို့အပြင် ရခိုင်ပြည်နယ်အတွင်း အရေးကြီးသော မေယုတောင်တန်းနှင့်အပြိုင် ဖောက်လုပ်မည့် လမ်းမကြီး(၂)လမ်း၊  မေယုတောင်တန်းကို ဖြတ်ကျော်ဖောက်လုပ်မည့် မေယုတောင်ကျော်လမ်းမကြီး (၂)လမ်းပါဝင်သော မေယုတောင်တန်းလမ်း ကွန်ရက် ဖောက်လုပ်ရေး စီမံကိန်းကို  အမြန်ဆုံးဖောက်လုပ်ရန် ဆောက်လုပ်ရေး ဝန်ကြီးဌာနအား  တာဝန်ပေးအပ်ထားပြီးဖြစ်၍ ဆောင်ရွက်နေပြီ ဖြစ်ပါသည်။
နယ်စပ်ခြံစည်းရိုးကာရံခြင်းလုပ်ငန်းနှင့် မေယုတောင်တန်းလမ်းကွန်ရက်စီမံကိန်း လုပ်ငန်းများ အတွက် လိုအပ်သောဘဏ္ဍာငွေကို နိုင်ငံတော်အစိုးရက တာဝန်ယူ၍ ဦးစားပေး အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိရာ ရခိုင်ပြည်နယ်အတွင်း နယ်စပ်လုံခြုံရေးနှင့် မောင်တောဒေသလုံခြုံရေးတို့ကို ပိုမိုထိရောက် ကောင်းမွန်လာစေမည် ဖြစ်ကြောင်း သတင်းထုတ်ပြန်အပ်ပါသည်။

Wednesday, September 13, 2017

ရခိုင်ပြည်နယ်တွင် ဖြစ်ပွားလျက်ရှိသည့် အခြေအနေများနှင့် ပတ်သက်၍ နိုင်ငံခြားရေးဝန်ကြီးဌာန၏ သတင်းထုတ်ပြန်ချက်

ရခိုင်ပြည်နယ်တွင် ဖြစ်ပွားလျက်ရှိသည့် အခြေအနေများနှင့် ပတ်သက်၍ နိုင်ငံခြားရေးဝန်ကြီးဌာန၏ သတင်းထုတ်ပြန်ချက် ( မြန်မာ+အင်္ဂလိပ်) အား ဖော်ပြအပ်ပါသည်​။

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် နိုင်ငံတော်သမ္မတရုံး အမိန့်ကြော်ငြာစာ

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်
နိုင်ငံတော်သမ္မတရုံး
အမိန့်ကြော်ငြာစာ
အမှတ်၊   ၇၅ /၂၀၁၇
၁၃၇၉ ခုနှစ်၊ တော်သလင်းလပြည့်ကျော် ၇ ရက်
( ၂၀၁၇ ခုနှစ်၊ စက်တင်ဘာလ   ၁၂  ရက် )

ရခိုင်ပြည်နယ်ဆိုင်ရာအကြံပြုချက်များအပေါ် အကောင်အထည်ဖော်ဆောင်ရွက်ရေးကော်မတီ ဖွဲ့စည်းခြင်း

၁။ မောင်တောဒေသ စုံစမ်းစစ်ဆေးရေးကော်မရှင်၏ အစီရင်ခံစာနှင့် ရခိုင်ပြည်နယ်ဆိုင်ရာ အကြံပေး ကော်မရှင်တို့၏ အပြီးသတ်အစီရင်ခံစာပါ အကြံပြုချက်များကို အကောင်အထည်ဖော် ဆောင်ရွက်နိုင်ရန် အတွက်“ရခိုင်ပြည်နယ်ဆိုင်ရာ အကြံပြုချက်များအပေါ် အကောင်အထည်ဖော် ဆောင်ရွက်ရေးကော်မတီ” ကို အောက်ပါ ပုဂ္ဂိုလ်များဖြင့် ဖွဲ့စည်းလိုက်သည်-
(က) ပြည်ထောင်စုဝန်ကြီး
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေး
ဝန်ကြီးဌာန ဥက္ကဋ္ဌ
( ခ) ဝန်ကြီးချုပ်
ရခိုင်ပြည်နယ်အစိုးရအဖွဲ့  ပူးတွဲဥက္ကဋ္ဌ
( ဂ) ဒုတိယဝန်ကြီး
နိုင်ငံတော်အတိုင်ပင်ခံရုံးဝန်ကြီးဌာန ဒုတိယဥက္ကဋ္ဌ
(ဃ) အမြဲတမ်းအတွင်းဝန်
ပြည်ထဲရေးဝန်ကြီးဌာန အဖွဲ့ဝင်
( င) အမြဲတမ်းအတွင်းဝန်
ပြန်ကြားရေးဝန်ကြီးဌာန အဖွဲ့ဝင်
(စ) အမြဲတမ်းအတွင်းဝန်
သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန အဖွဲ့ဝင်
( ဆ) အမြဲတမ်းအတွင်းဝန်
စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန အဖွဲ့ဝင်
( ဇ) အမြဲတမ်းအတွင်းဝန်
ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာန အဖွဲ့ဝင်
(ဈ) အမြဲတမ်းအတွင်းဝန်
အလုပ်သမား၊လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အား
ဝန်ကြီးဌာန အဖွဲ့ဝင်
(ည) အမြဲတမ်းအတွင်းဝန်
ပညာရေးဝန်ကြီးဌာန အဖွဲ့ဝင်
( ဋ) အမြဲတမ်းအတွင်းဝန်
ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန အဖွဲ့ဝင်
( ဌ) အမြဲတမ်းအတွင်းဝန်
ဆောက်လုပ်ရေးဝန်ကြီးဌာန အဖွဲ့ဝင်
( ဍ) ခေတ္တညွှန်ကြားရေးမှူးချုပ်
စီမံရေးနှင့် ဘဏ္ဍာရေးဌာနကြီး
နိုင်ငံတော်သမ္မတရုံး အဖွဲ့ဝင်
(ဎ) ဒုတိယဝန်ကြီး
နယ်စပ်ရေးရာဝန်ကြီးဌာန အတွင်းရေးမှူး
(ဏ) အမြဲတမ်းအတွင်းဝန်
လူမှုဝန်ထမ်း၊ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေး ဝန်ကြီးဌာန တွဲဖက်အတွင်းရေးမှူး

၂။ ရခိုင်ပြည်နယ်ဆိုင်ရာ အကြံပြုချက်များအပေါ် အကောင်အထည်ဖော်ဆောင်ရွက်ရေး ကော်မတီ၏ လုပ်ငန်းတာဝန်များမှာ အောက်ပါအတိုင်းဖြစ်ပါသည်-
(က) မောင်တောဒေသ စုံစမ်းစစ်ဆေးရေးကော်မရှင်နှင့် ရခိုင်ပြည်နယ်ဆိုင်ရာ အကြံပေး ကော်မရှင်တို့၏ အကြံပြုချက်များနှင့်စပ်လျဉ်း၍ မြေပြင်အခြေအနေပေါ် မူတည်ပြီး အကျိုးရှိမည့် ကိစ္စရပ်များကို ထိရောက်စွာ အကောင်အထည်ဖော် ဆောင်ရွက်ရမည်။
( ခ) တရားဥပဒေစိုးမိုးရေး၊ တည်ငြိမ်အေးချမ်းရေးနှင့် မတူကွဲပြားသည့် လူမှုအသိုက် အဝန်းများအကြား စိတ်အေးချမ်းသာစွာ အတူတကွ နေထိုင်နိုင်ရေးတို့အတွက် ဦးတည် ကြိုးပမ်း ဆောင်ရွက်ရမည်။ 
( ဂ) ရခိုင်ပြည်နယ်အတွင်း လုံခြုံရေး၊ စီးပွားရေး၊ လူမှုရေးဆိုင်ရာကိစ္စရပ်များ အလျင်အမြန် ဖွံ့ဖြိုးလာစေရေးအတွက် မဟာဗျူဟာ စီမံချက်ရေးဆွဲချမှတ်ပြီး ဆောင်ရွက်ရမည်။
(ဃ) တိုင်းရင်းသားကျေးရွာများ ရေရှည်ရပ်တည်နိုင်ရေးနှင့် IDP စခန်းများ ပိတ်သိမ်းရေးတို့ အတွက် ကြိုးပမ်းဆောင်ရွက်ရမည်။
( င) ဒေသခံပြည်သူများသည် အခြားဒေသများသို့ ရွှေ့ပြောင်းထွက်ခွာသွားခြင်းကို ကာကွယ် တားဆီးနိုင်ရန်အတွက် အခြေခံအဆောက်အအုံများ ပေါ်ထွန်းလာစေရေးနှင့် အလုပ်အကိုင် အခွင့်အလမ်းများ တိုးတက် ရရှိလာစေရေး သင့်လျော်သည့် မူဝါဒများ ချမှတ် ဆောင်ရွက်ရမည်။
( စ) အကြမ်းဖက် တိုက်ခိုက်မှုပပျောက်ရေးနှင့် မူးယစ်ဆေးဝါးကင်းစင်ရေးနယ်မြေ ဖြစ်လာ စေရန် ဦးစားပေး ဆောင်ရွက်ရမည်။
(ဆ) ပြည်တွင်း/ပြည်ပအဖွဲ့အစည်းများမှ ပေးအပ်သည့် လူသားချင်းစာနာ ထောက်ထားမှု ဆိုင်ရာ အကူအညီများ၊ ထောက်ပံ့ပစ္စည်းများကို နိုင်ငံတော်က ချမှတ်ပေးသော မူဝါဒနှင့်အညီ ခွဲဝေပေးရေး ကြီးကြပ်ရမည်။
(ဇ) ၁၉၈၂ ခုနှစ် မြန်မာနိုင်ငံသား ဥပဒေအရ နိုင်ငံသားအဖြစ် အသိအမှတ်ပြုသင့်သူများကို အသိအမှတ်ပြု၍ နိုင်ငံသားအခွင့်အရေး ရရှိစေရေး(National Verification Process) ကို အရှိန်အဟုန်ဖြင့် အမြန်ဆုံး ဆောင်ရွက်ပေးရမည်။
(ဈ) ရခိုင်ပြည်နယ်အတွင်းရှိ လူမှုအဖွဲ့အစည်းများအား ၎င်းတို့၏ ကိုးကွယ်သည့် ဘာသာ၊ လူမျိုးနှင့်နိုင်ငံသား၊ ကျား/မဆိုင်ရာ ဖြစ်တည်မှုတို့အပေါ် အခြေခံ၍ခွဲခြားမှု မပြုဘဲ တူညီသော ပညာသင်ကြားခွင့် ရရှိရေးနှင့် ကျန်းမာရေးစောင့်ရှောက်မှုပေးသည့် လုပ်ငန်းများ တိုးမြှင့်နိုင်ရေးတို့ကို စီမံဆောင်ရွက်ပေးရမည်။
(ည) ကော်မတီ၏ အကောင်အထည်ဖော်မှု အခြေအနေများအပေါ် တိုးတက်မှု အစီရင်ခံစာကို ပြည်သူများသို့ လေးလတစ်ကြိမ် ထုတ်ပြန်တင်ပြရမည်။

၃။ ရခိုင်ပြည်နယ်ဆိုင်ရာ အကြံပြုချက်များအပေါ် အကောင်အထည်ဖော်ဆောင်ရွက်ရေး ကော်မတီရုံး ကို သီးခြားဖွင့်လှစ်ထားရှိရမည်။ ကော်မတီ၏ ကုန်ကျစရိတ်အဝဝကို နိုင်ငံတော်သမ္မတရုံး၏ ရန်ပုံငွေမှ ကျခံသုံးစွဲရမည်။
၎။ ကော်မတီ၏ လုပ်ငန်းတာဝန်များ ထမ်းဆောင်စဉ် လိုအပ်သော လုံခြုံရေးနှင့် အုပ်ချုပ်ရေးဆိုင်ရာ ကိစ္စရပ်များကို နိုင်ငံတော်သမ္မတရုံးနှင့် ရခိုင်ပြည်နယ်အစိုးရအဖွဲ့တို့က ဖြည့်ဆည်း ဆောင်ရွက်ပေးရမည်။
၅။ ရခိုင်ပြည်နယ်ဆိုင်ရာ ကော်မရှင်များ၏ အကြံပြုချက်များနှင့်စပ်လျဉ်း၍ အကောင်အထည်ဖော် ဆောင်ရွက်ရာတွင် မြေပြင်အခြေအနေပေါ် မူတည်၍ အကျိုးရှိစွာ ထိထိရောက်ရောက် ဖော်ဆောင်နိုင်ရေး အတွက် လိုအပ်သည့် အကြံဉာဏ်များ ရယူနိုင်ရန် အကြံပေးအဖွဲ့ကို ပြည်တွင်းပြည်ပမှ ပညာရှင်များ၊ ဘာသာရပ်ဆိုင်ရာ ကျွမ်းကျင်သူများ၊ အတွေ့အကြုံရှိသူများနှင့် ဖွဲ့စည်းသွားမည်ဖြစ်ပြီး ဖွဲ့စည်းသည့် အမိန့်အား သီးခြားထုတ်ပြန်သွားမည်ဖြစ်သည်။

(ပုံ) ထင်ကျော်
နိုင်ငံတော်သမ္မတ
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်

Tuesday, September 12, 2017

ရခိုင်ပဋိပက္ခ လူမျိုးတုံးသတ်ဖြတ်မှုကျူးလွန်ဖွယ်ရှိဟု ကုလမဟာမင်းကြီးပြောဆို

မြန်မာနိုင်ငံမှာ ရိုဟင်ဂျာတွေအပေါ် တိုက်ခိုက်နေတာက လူမျိုးတုံးသတ်ဖြတ်မှု အဆင့် ရောက်နေပုံရတယ်လို့ ကုလသမဂ္ဂ လူ့အခွင့်အရေးဆိုင်ရာမင်းကြီးက ပြင်းပြင်းထန်ထန်ပြောလိုက်ပါတယ်။ ကုလသမဂ္ဂ လူ့အခွင့်အရေး ကောင်စီမှာ ဒီနေ့လုပ်တဲ့ နိုင်ငံတကာလူ့အခွင့်အရေးအခြေအနေ ဆွေးနွေးပွဲမှာ မြန်မာနိုင်ငံနဲ့ ပတ်သက်ပြီး လူ့အခွင့်အရေးမဟာမင်းကြီး Zeid Ra’ad al-Hussein က ခုလို ထုတ်ပြောလိုက်တာပါ။ဒီအကြောင်း ကိုဝင်းမင်းက တင်ပြထားပါတယ်။

Geneva မှာလုပ်တဲ့ ဒီဆွေးနွေးပွဲအတွင်း မိန့်ခွန်းပြောရာမှာ လူ့အခွင့်အရေးမဟာမင်းကြီး Zeid Ra’ad al-Hussein က မြန်မာအစိုးရအနေနဲ့ ရက်စက်တဲ့ စစ်ဆင်ရေးလုပ်နေတယ်လို့ စွပ်စွဲလိုက်ပြီး အခုလိုဝေဖန်လိုက်တာပါ။

“မြန်မာအစိုးရအနေနဲ့ လူ့အခွင့်အရေးဆိုင်ရာ စုံစမ်းစစ်ဆေးသူတွေကို ဝင်ခွင့်မပေးခဲ့တဲ့အတွက် လက်ရှိအခြေအနေတွေအပေါ် အပြည့်အဝ လက်လှမ်းမမီတော့ဘဲ အခုဖြစ်လာနေတာတွေက လူမျိုးတုံးသတ်ဖြတ်မှု လုံးဝ ဖြစ်နေတဲ့ပုံ ထွက်နေတယ်လို့ ပြောရတော့မှာပါ။”

ဒီတိုက်ခိုက်မှုတွေကနေ ဘင်္ဂလားဒေ့ရှ်နယ်စပ်ကို ဒီသီတင်းပတ်တွေအတွင်း ထွက်ပြေးရသူပေါင်း ၃ သိန်း ၁ သောင်းကျော်လာပြီး တောတွင်းမှာလည်း ပိတ်မိနေသူတွေလည်း နောက်ထပ်အများအပြားရှိနေတယ်လို့ အစီရင်ခံစာတွေ ထွက်လာချိန်မှာ လူ့အခွင့်အရေးမဟာမင်းကြီး Zeid က ရိုဟင်ဂျာသူပုန်တွေ တိုက်ခိုက်ခဲ့တာထက် မြန်မာအစိုးရ တပ်ဘက်က တုံ့ပြန်တာက မတရားလွန်လွန်းသွားပြီလို့ ဆက်ပြောပါတယ်။ လူ့အခွင့်အရေးမဟာမင်းကြီး Zeid က ဆက်ပြီး-

“မြန်မာအစိုးရအနေနဲ့ ရိုဟင်ဂျာတွေက သူတို့အိမ်တွေကို ပြန်မီးရှို့နေတယ်၊ သူတို့ရွာထဲမှာ အပျက်အစီးတွေကို ပစ်ထားခဲ့တယ်လို့ လိမ်ညာပြောနေတာကို ရပ်တန်းကရပ်သင့်ပါပြီ၊ ခုလို လုံးဝ ပိတ်ငြင်းနေတာကြောင့် နိုင်ငံတကာက စေတနာနဲ့ မကြာခင်ကထိ အကျိုးပြုပေးခဲ့တဲ့ မြန်မာနိုင်ငံရဲ့ နိုင်ငံတကာက ရပ်တည်မှုကို ထိခိုက်စေပါတယ်။”

ဒါပေမယ့် မြန်မာအစိုးရဘက်ကတော့ နိုင်ငံတကာမှာဖြစ်နေတဲ့ ဒီသတင်းတချို့ဟာ မှားယွင်းဖော်ပြနေတာဖြစ်တယ်လို့ ငြင်းဆိုထားတာတွေရှိခဲ့ပါတယ်။ တကယ်တော့ ကမ္ဘာ့နိုင်ငံအသီးသီးက လူ့အခွင့်အရေးချိုးဖောက်မှုတွေကို အစီရင်ခံရမှာ ထိပ်ဆုံးကနေသူ အလေးထားဖော်ပြခဲ့တဲ့ မြန်မာပြဿနာနဲ့ ပတ်သက်ပြီး လူ့အခွင့်အရေးမဟာမင်းကြီး Zeid က အခုလို ပြင်းပြင်းထန်ထန်တောင်းဆိုလိုက်ပါတယ်။

“မြန်မာအစိုးရကို တောင်းဆိုချင်ပါတယ်။ လက်ရှိ ရက်စက်တဲ့ စစ်ဆင်ရေးတွေကို ရပ်ပေးပါ၊ ဖြစ်ခဲ့ပြီးသား ချိုးဖောက်မှုတွေအားလုံးအတွက် တာဝန်ယူမှုနဲ့ အတူပေါ့လေ၊ နောက် ရိုဟင်ဂျာတွေအပေါ် ဆိုးဆိုးဝါးဝါး ကျယ်ကျယ်ပြန့်ပြန့်ဖြစ်နေတဲ့ ခွဲခြားဆက်ဆံမှုတွေကို ပြန်ပြင်ပေးပါ။”

ဒါ့အပြင် လူ့အခွင့်အရေးမဟာမင်းကြီး Zeid က သူ့ လူ့အခွင့်အရေးရုံးအနေနဲ့လည်း မြန်မာနိုင်ငံထဲ လွတ်လွတ်လပ်လပ် သွားရောက်စုံစမ်းခွင့်ကို ခွင့်ပြုပေးဖို့ ပြင်းပြင်းထန်ထန် ထပ်တောင်းဆိုလိုက်ပါတယ်။

Monday, September 11, 2017

ပည်သူ့လွှတ်တော် ဒု-ဥက္ကဋ္ဌ ဦးတီခွန်မြတ် ကြံ့ခိုင်ရေးပါတီမှ နုတ်ထွက်


ရန်ကုန်၊ စက်တင်ဘာ ၉

ပြည်သူ့လွှတ်တော် ဒုတိယဥက္ကဋ္ဌအဖြစ် တာဝန်ယူထားသည့် ဦးတီခွန်မြတ်သည် ကြံ့ခိုင်ရေးပါတီမှ နုတ်ထွက်လိုက်ပြီဖြစ်ကြောင်း အဆိုပါပါတီ၏ ပြောရေးဆိုခွင့်ရှိသူ ဦးလှသိန်းက The Voice သို့ ပြောကြားသည်။

ဦးတီခွန်မြတ်သည် ပြီးခဲ့သည့် ဩဂုတ်လအတွင်းက နုတ်ထွက်သွားခဲ့ခြင်းဖြစ်ပြီး ပါတီကလည်း နုတ်ထွက်ခွင့်ပြုလိုက်ပြီဖြစ်ကြောင်း အဆိုပါ ပြောရေးဆိုခွင့် ရှိသူက ပြောကြားသည်။

“ဦးတီခွန်မြတ်က ပါတီရဲ့ တာဝန်တွေအပေါ် စိတ်ဝင်စားမှုမရှိလို့ သူကိုယ်တိုင် ပါတီဌာနချုပ်ကို နုတ်ထွက်စာ တင်ပါတယ်။ ပါတီကနေ သူ၏နုတ်ထွက်စာကို ပါတီ ဗဟိုအလုပ်အမှုဆောင် အစည်းအဝေး ဆုံးဖြတ်ချက်အရ နုတ်ထွတ်ခွင့် ပြုလိုက်ပါတယ်”ဟု ဦးလှသိန်းက ပြောသည်။

ဦးတီခွန်မြတ်သည် ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ ဗဟိုကော်မတီဝင်အဖြစ်မှ ပါတီဝင်အဖြစ်လည်းကောင်း နုတ်ထွက်ခွင့်ပြုရန် ဩဂုတ်လ ၁၈ ရက်နေ့၌ ကြံ့ခိုင်ရေးပါတီရုံးချုပ်ထံ နုတ်ထွက်စာ ပေးပို့ခဲ့ခြင်းဖြစ်သည်။

ဦးတီခွန်မြတ်၏ နုတ်ထွက်စာကို ပါတီ ဗဟိုအလုပ်အမှုဆောင် ကော်မတီ အစည်းအဝေး ပြုလုပ်၍ ဩဂုတ်လ နောက်ဆုံးပတ်၌ နုတ်ထွက်ခွင့်ပြုလိုက်ကြောင်း ယင်းပါတီထိပ်ပိုင်း ခေါင်းဆောင်များထံမှ သိရှိရသည်။

လက်ရှိ ပြည်သူ့လွှတ်တော် ဒု-ဥက္ကဋ္ဌ ဦးတီခွန်မြတ်သည် ကြံ့ခိုင်ရေးပါတီ၏ ဗဟိုကော်မတီဝင် တစ်ဦးအဖြစ် တာဝန်ယူခဲ့သူတစ်ဦးဖြစ်ပြီး ၂၀၁၀၊၂၀၁၅ အထွေထွေ ရွေးကောက်ပွဲများ၌ ရှမ်းပြည်နယ် ကွတ်ခိုင်မြို့နယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်အဖြစ် ဝင်ရောက် ယှဉ်ပြိုင်ခဲ့သူ တစ်ဦးဖြစ်သည်။

ဦးတီခွန်မြတ်သည် ၂၀၁၀ မှ ၂၀၁၅ အထိ ပြည်သူ့လွှတ်တော် ဥပဒေကြမ်း ကော်မတီ ဥက္ကဋ္ဌအဖြစ် တာဝန်ယူခဲ့ပြီး ၂၀၁၅ ခုနှစ် ဇန်နဝါရီလ ၂၈ ရက်၌ ပြည်သူ့လွှတ်တော် ဒု-ဥက္ကဋ္ဌအဖြစ် ရွေးချယ်ခံခဲ့ရသူဖြစ်သည်။
The Voice

မဝတီမြို့တွင်စက်တက်ဘာ ၁၁ ရက် လုံခြုံရေးအထူးစီမံဆောင်ရွက်

စက်တင်ဘာ ၁၁ ရက်တွင် အကြမ်းဖက်လုပ်ရပ်များ ပြုလုပ်မည်ဆိုသော ကောလာဟလများကြောင့်မြဝတီမြို့မ
ှခရိုင်ရဲမှူးကြီး၊အောင်နိုင်ထွန်းမြ
ဝတီရှေ့တန်းမှူးဗိုလ်မှူးသန်းထွန်းအောင်၊နယ်ခြားစောင့်တပ်နယ် ၃ မှဗိုလ်မှူးနိုင်မောင်ဇော်နှင့်ဗိုလ်မှူးခင်မောင်ဝင်းတို့သည် တပ်ဖွဲ့ဝင်များနှင့်အတူရပ်ကွက်အုပ်ချုပ်ရေးမှူးများ၊မြဝတီဂျာမေဗလီဂေါပက ဥက္ကဌနှင့်အဖွဲ့ဝင်များပါဝင်လျက်မြဝတီမြို့လုံးမြို့တွင်းမြို့ပြင် လုံခြံရေးကိစ္စများအားပူးပေါင်းဆောင်ရွက်လျက်ရှိသည်။

လုံခြုံရေးဆောင်ရွက်မှုများကိုနေ့/ညမပြတ်အရှိန်အဟုန်မြှင့်ပြုလုပ်သွား
မည်ဖြစ်ကြောင်းသိရသည်။

သက်ဦးနိုင်(မြ၀တီ)

အဂတိလိုက်စားမှုတိုက်ဖျက်ရေး ဥပဒေဖြင့်တရားစွဲခံရသည့် ကရင်ပြည်နယ်အစိုးအဖွဲ့အတွင်းရေးမှူးအပါအဝင် ငါးဦးကို လေးကြိမ်မြောက်ရုံးထုတ်


အဂတိလိုက်စားမှုတိုက်ဖျက်ရေး ဥပဒေဖြင့်တရားစွဲခံရသူများဖြစ်သည့် ကရင်ပြည်နယ်အစိုးရအဖွဲ့ အတွင်းရေးမှူး တာဝန်ထမ်းဆောင်ခဲ့သူ ဦးပြုံးချိုအပါအဝင် ငါးဦးကို စက်တင်ဘာ ၁၁ ရက်တွင် ရန်ကုန်တိုင်း တရားလွှတ်တော်ရုံး၌ လေးကြိမ်မြောက် ရုံးထုတ်ခဲ့သည်။

လေးကြိမ်မြောက်ရုံးထုတ်တွင် တရားစွဲဆိုခံရသူ ငါးဦးအနက် တဦးဖြစ်သည့် ဦးနေမျိုးထွန်း၏ အာမခံ လျှောက်ထားမှုကို ရန်ကုန်တိုင်းတရားသူကြီးက ပယ်ချခဲ့သည်။

တရားလိုဘက်မှ အဂတိလိုက်စားမှုတိုက်ဖျက်ရေး ကော်မရှင် ညွှန်ကြားရေးမှူး ဦးစိန်တင်ကို စစ်ဆေးခဲ့ပြီး တရားလိုပြသက်သေ ၂၇ ဦးတင်သွင်းခဲ့ကြောင်း သိရသည်။

ငါးကြိမ်မြောက်ရုံးချိန်ကို စက်တင်ဘာ ၁၈ ရက်၊ နေ့လည် ၁ နာရီတွင် ပြန်လည်ချိန်းဆိုလိုက်သည်။

မင်းထင်

Sunday, September 10, 2017

တောင်တွင်းကြီး ဖြစ်စဉ် ထိထိရောက်ရောက် အရေးယူရန် ဖမ်းဆီးမှု ပြုလုပ်နေ

ယနေ့ည ၇နာရီ ၄၅ ခနု့်တွင် တောင်တွင်းကြီးမြို့  ရွှေအိုး၂ ရပ်ကွက်၊ အုန်းတော၂လမ်း နှင့် မကွေးလမ်းမကြီးတလျောက် ဆိုင်များ ကို တုတ်၊ဓါးလက်နက်များကိုင်ဆောင်သည့် လူအုပ်စုတစုမှ ဖျက်ဆီးမှုများပြုလုပ်သွားကြောင်း ကနဦးသတင်းများအရ သိရပါသည်။

ယင်းဖြစ်စဉ်နှင့်စပ်လျဉ်း၍ ကျူးလွန်သူများကို အမြန်ဆုံးဖမ်းဆီး နိုင်ရေး ရဲတပ်ဖွဲ့တာဝန်ရှိသူများက ဆောင်ရွက်လျက် ရှိပါသည်။ ခရိုင်ရဲမှူးကိုယ်တိုင် ရှာဖွေဖမ်းဆီးရန် ဆောင်ရွက်နေကြောင်း သိရပါသည်။

သွေးထိုးလှုံ့ဆော်မှုများ၊ အဓိကရုဏ်းဖန်တီးသူများအား နိုင်ငံတော်က ထုတ်ပြန်ထားပြီး ဖြစ်သည့်အတိုင်းထိထိရောက်ရောက် အရေးယူသွားမည် ဖြစ်ပါ၍ နိုင်ငံတော်အစိုးရနှင့်အတူ ပူးပေါင်းဆောင်ရွက်ပေးကြပါရန် အသိပေးအပ်ပါသည်။
တောင်တွင်းကြီး သတင်းဆက် (၃)

ဥပဒေနှင့်အညီ လူစုခွဲရာတွင် ရဲတပ်ဖွဲ့ဝင်များက ဒိုင်းများ အသုံးပြုခဲ့ရပြီး ရာဘာကျည်အချို့ အသုံးပြုခဲ့ရကြောင်း၊ တစ်ဦးဖမ်းဆီးထားပြီး ဦးဆောင်သူများကို စိစစ်ဆဲ ဖြစ်ကြောင်း၊ ဝိုင်းအုံသူ လူ ၄၀၀ ခန့် လူစုကွဲသွားပြီ ဖြစ်ကြောင်း၊ အခြား အုပ်စုဖွဲ့ဆောင်ရွက်မှုများ ဆက်လက် မဖြစ်စေရန် လုံခြုံရေး တင်းကျပ်စွာ ဆောင်ရွက်ထားကြောင်း သိရပါသည်။

အသေးစိတ်သတင်း ဆက်လက် ထုတ်ပြန်ပါမည်။

(သတင်းထုတ်ပြန်ရေးကော်မတီ)

လက်ရှိအချိန်တွင် ရဲတပ်ဖွဲ့ဝင်များ ချထားပြီး လုံခြုံရေး တင်းကျပ်စွာ ဆောင်ရွက်ထားကာ တည်ငြိမ်ရေး ဆောင်ရွက်ထားပါသည်။ အခြားမြို့ကြီးများတွင်လည်း ရဲတပ်ဖွဲ့ဝင်များ ချထားလျက် ရှိပါသည်။

တောင်တွင်းကြီးမြို့တွင် လူအုပ် မရှိတော့ဘဲ လူစုကွဲသွားပြီ ဟု သိရှိရပြီး ဦးဆောင်၍ လှုံ့ဆော်သူများကို ဖမ်းဆီးမှု ဆောင်ရွက်လျက် ရှိကြောင်း၊ ဆိုင်ကို လူအုပ်ဖြင့် ခဲနှင့်ပေါက်ခဲ့ကြောင်း သိရပါသည်။

ယခု ဖြစ်စဉ်ကို အစပြုဆောင်ရွက်သူ မည်သူ့ကိုမဆို ထိထိရောက်ရောက် အရေးယူရန် ဆောက်ရွက်လျက် ရှိပါသဖြင့် ပဋိပက္ခ ဖန်တီးလ်ုသူများအား အထူးသတိပြုကြပါရန် အသိပေးအပ်ပါသည်။

https://m.facebook.com/story.php?story_fbid=792781687561606&id=639456206227489
(သတင်းထုတ်ပြန်ရေးကော်မတီ)