Pages

Tuesday, January 16, 2018

ဘင်္ဂလာဒေ့ရှ်မှပြန်ဝင်လာမည့် ဘင်္ဂလီများအား ပြန်လည်လက်ခံရန်အတွက် ယာယီလက်ခံရေးစခန်းများသို့ လ၀က အရာရှိများ စတင်ထွက်ခွာ

ဘင်္ဂလားဒေ့ရှ်မှပြန်လာမည့် ဒုက္ခသည်များအား ပြန်လည်လက်ခံရေးအတွက် လဝကအရာရှိများပါဝင်သည့်အဖွဲ့များသည် ဇန်န၀ါရီ ၁၆ ရက် မနက်ပိုင်းတွင် မောင်တောမြို့သို့ ရောက်ရှိလာခဲ့ပြီး ညနေပိုင်းတွင် ကျီးကန်းပြင်ဌာနချုပ်သို့ ထွက်ခွာလျှက်ရှိကြောင်း သိရသည်။

ကျီးကန်းပြင်ဌာနချုပ်မှတဆင့် ငါခူရ ယာယီလက်ခံရေးစခန်းသို့(၃၄)ဦး၊ တောင်ပြိုလက်ဝဲသို့(၃၄)ဦး ဇန်န၀ါရီ ၁၇ ရက်တွင် သွားရောက်ကြမည်ဖြစ်ကြောင်း မောင်တောမြို့ ခရိုင် လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဆိုင်ရာ ခရိုင်ဦးစီမှူး ဦးသန်းရွှေက အတည်ပြုပြောကြားသည်။

"ဟုတ်ပါတယ်။ ကျွန်တော်တို့ အခု ဒီနေ့တော့ လက်ခံရေးစင်တာ(၂)ခုဖြစ်တဲ့ တောင်ပြိုလက်ဝဲနဲ့ ငါးခူရ လက်ခံရေးစင်တာတွေအတွက် လူဝင်မှုကြီးကြပ်ရေးဌာနက ဝန်ထမ်းတွေ ရောက်ရှိပါတယ်။ ဒါပေမယ့် ဒီနေ့ ရောက်ရှိလာတာတော့ တောင်ပြိုလက်ဝဲအတွက် ညွှန်ကြားရေးမှူး ဦးကိုကိုသော်ဦးဆောင်တဲ့အဖွဲ့ (၃၀)ဦး ရောက်ရှိပြီး ငါးခူရစခန်းအတွက်ကတော့ ညွှန်ကြားရေးမှူးဦးဝင်းခိုင်ဦးဆောင်တဲ့အဖွဲ့က(၂၇)ဦး ရောက်ရှိလာပါတယ်။ အားလုံး(၅၇)ယောက် ရောက်ရှိပါတယ်။ လက်ခံရေးပိုင်းကိုတော့ အပေါ်မှ ညွှန်ကြားချက်ရှိတဲ့အချိန်မှ ဆောင်ရွက်မှာ ဖြစ်ပါတယ်။ လူဝင်မှုကြီးကြပ်ရေးဌာနအနေနဲ့ အထက်ညွှန်ကြားချက်နဲ့အညီ အဆင်သင့်ဖြစ်အောင်အတွက် တာဝန်ထမ်းဆောင်တဲ့နေ့ရက်ကို အချိန်မီ တာဝန်ထမ်းဆောင်ရန်အတွက် ရောက်ရှိလာကြခြင်းဖြစ်ပါတယ်။ နောက်ထပ်ရောက်လာမယ့် ၀န်ထမ်းတွေကိုလည်း ဆက်လက်ပို့ဆောင်သွားမှာ ဖြစ်ပါတယ်"ဟု ၎င်းက ပြောသည်။

ရခိုင်ပြည်နယ်မှ နေရပ်စွန့်ခွာသွားသူများအား ပြန်လည်လက်ခံရေးလုပ်ငန်းစဉ်ကို ၂၃-၁-၂၀၁၈ တွင် စတင်ဆောင်ရွက်မည်ဖြစ်သည်။

နေရပ်စွန့်ခွာသွားသူများအား ပြန်လည် လက်ခံရေးလုပ်ငန်းစဉ် အကောင်အထည်ဖော်ဆောင်ရွက်ရာတွင် မြန်မာဘက်၌ ကုန်းလမ်းမှ ပြန်လည် ဝင်ရောက်လာမည့်သူများအတွက် တောင်ပြိုလက်ဝဲ ယာယီလက်ခံရေးစခန်းကိုလည်းကောင်း၊ ရေလမ်းမှ ပြန်လည်ဝင်ရောက်လာမည့်သူများအတွက် ငါးခူရယာယီလက်ခံရေးစခန်းကိုလည်းကောင်း၊ ကြားစခန်းအဖြစ် လှဖိုးခေါင်စခန်းကိုလည်းကောင်း အသုံးပြုဆောင်ရွက်မည်ဖြစ်ကြောင်း သိရသည်။

ပြန်လည်လက်ခံရာတွင် ကနဦးစတင်ဆောင်ရွက်သွားနိုင်ရန် ဟိန္ဒူ (၅၀၈) ဦးနှင့် စိစစ်ပြီး မူဆလင် (၇၅၀) ဦးတို့၏ အချက်အလက်အပြည့်အစုံကိုလည်း မြန်မာဘက်မှ ဘင်္ဂလားဒေ့ရှ် နိုင်ငံခြားရေးအတွင်းဝန်သို့ ဇန်န၀ါရီ ၁၆ ရက်တွင် ပေးအပ်ခဲ့သည်။

မယ်သဇင်ခိုင်
News watch