မီဒီယာများ၏ မေးမြန်းမှုများကို ပြန်လည်ဖြေကြားနေသော ကုလသမဂ္ဂ အတွင်းရေးမှူးချုပ် ဘန်ကီမွန်
နိုင်ငံတော်သမ္မတ ဦးသိန်းစိန်က မြန်မာနိုင်ငံတွင်
ဒီမိုကရေစီဖြစ်ထွန်းရေးနှင့် အမျိုးသားပြန်လည်စည်းလုံး
ညီညွတ်ရေးလုပ်ငန်းစဉ်များ အကောင်အထည်ဖော်နေမှုသည်
နောက်ကြောင်းပြန်မည်မဟုတ်သည်ကို ထုတ်ဖော် ပြောကြားထားပါကြောင်း၊ ကုလ သမဂ္ဂ
အတွင်းရေးမှူးချုပ်အနေဖြင့် မြန်မာနိုင်ငံတွင် ဒီမိုကရေစီဖြစ်ထွန်းရေးနှင့်
အမျိုးသား ပြန်လည်စည်းလုံး ညီညွတ်ရေးလုပ်ငန်းစဉ်များ
အကောင်အထည်ဖော်နေမှုတွင် နောက်ကြောင်းပြန်မည့် လက္ခဏာတစ်စုံတစ်ရာများ
တွေ့ရှိမိပါသလားဆိုသည့် Eleven Media Group ၏ မေးခွန်းနှင့် ပတ်သက်၍
ကုလသမဂ္ဂ အတွင်းရေးမှူးချုပ် ဘန်ကီမွန်က ''နိုင်ငံတော်သမ္မတ ဦးသိန်းစိန်နဲ့
ပြီးခဲ့တဲ့ နိုဝင်ဘာလက အင်ဒိုနီးရှားနိုင်ငံ ဘာလီမှာတွေ့တုန်းက
သူပြောတာကတော့ မြန်မာနိုင်ငံမှာ ပြုပြင်ပြောင်းလဲရေးဆီကို သွားတဲ့လမ်းဟာ
အလွန် ကျဉ်းမြောင်းပါကြောင်း၊ ဒါကြောင့် မြန်မာနိုင်ငံအနေနဲ့
နောက်ကြောင်းပြန်ရန် အကြောင်းမရှိပါကြောင်း ပြောကြားခဲ့ပါတယ်။ ဆိုလိုတာက
ဒီလုပ်ငန်းစဉ်ဟာ နောက်ကြောင်းပြန် မလှည့်ရပါဘူး။ နောက်ကြောင်းပြန်လှည့်စရာ
အကြောင်းမရှိပါဘူး။ သင့်အနေနဲ့ အလွန်သတ္တိရှိပြီး အမြော်အမြင်ရှိတဲ့ လမ်းကို
စတင်ခဲ့တာပါပဲ။ နိုင်ငံရေး တည်ငြိမ်မှုကို ထိန်းထားနိုင်ရပါမယ်။
လူမှုစီးပွားရေး တိုးတက်မှုကို ထိန်းထားနိုင်ရပါမယ်။ အရာရာတိုင်းကို
ထိန်းထားနိုင်ရပါမယ်။ ဒါကြောင့်လည်း ကမ္ဘာ့ခေါင်းဆောင်တွေက မြန်မာနိုင်ငံကို
လာရောက် လည်ပတ်နေကြပါတယ်။ အခုအချိန်မှာပဲ အီးယူ၊ ဂျာမန်နဲ့ ကုလသမဂ္ဂက
ကျွန်တော်အပါအ၀င် လာရောက်လည်ပတ်နေပါတယ်။ နောက်ထပ်လည်း ဒီထက်မက လာဦးမှာပါ။
ဒါက လုံးဝ အပြုသဘောဆောင်တာပါပဲ။ ဒါကြောင့် သင့်အနေနဲ့ ဒါကို အပြည့်အဝ
အသုံးချသင့်ပါတယ်။ ကုလသမဂ္ဂက ဘာလုပ်ပေးနိုင်သလဲဆိုတော့ သင့်အနေနဲ့ ကုလသမဂ္ဂ
ဖွံ့ဖြိုးမှု အစီအစဉ်၊ နိုင်ငံတကာ အသိုင်းအ၀ိုင်းက လုပ်ပေးတာကို
မျှော်လင့်ထာထက် ကိုယ်တိုင်လုပ်ဖို့ပါပဲ။ ကျွန်တော်ပြောသလိုပါပဲ။
နိုင်ငံရေးအကျဉ်းသား အားလုံးကို လွှတ်ပေးသင့်ပါတယ်။ ကောင်းမွန်သော
အုပ်ချုပ်ရေးမှာ လုံးဝ ထင်သာမြင်သာရှိဖို့ လိုပါတယ်။ လူ နည်းစု
တိုင်းရင်းသားတွေနဲ့ ပြန်လည် စည်းလုံးညီညွတ်ရေး ဆောင်ရွက်ဖို့ လိုပါတယ်။
ဒီလိုလုပ်ခြင်းအားဖြင့် နိုင်ငံရေးတည်ငြိမ်မှုကို ထိန်းထားနိုင်ပါမယ်။
တကယ်လို့များ အမျိုးသားပြန်လည် စည်းလုံးညီညွတ်ရေး လုပ်ငန်းစဉ်ကို
အားမပေးဘူးဆိုရင်တော့ နိုင်ငံရေးတည်ငြိမ်မှုကို ထိန်းထားနိုင်မှာ
မဟုတ်ပါဘူး။ ဒီလိုဆိုရင် စီးပွားရေးသမားတွေက ရင်းနှီးမြုပ်နှံမှု ပြုလုပ်မှာ
မဟုတ်ပါဘူး။ စီးပွားရေး ဖွံ့ဖြိုးတိုးတက်ဖို့ဆိုရင်လည်း နိုင်ငံခြား
တိုက်ရိုက်ရင်းနှီးမြုပ်နှံမှုမှာ မက်လုံးတွေ ရှိသင့်ပါတယ်" ဟု
ပြန်လည်ဖြေကြားခဲ့သည်။