Pages

Friday, May 25, 2012

နိုင်ငံတကာ လွတ်ငြိမ်းချမ်းသာခွင့် အဖွဲ့ကြီး Amnesty International က သတင်းစာရှင်းလင်းပွဲဘန်ကောက်မြို့မှာကျင်းပ



နိုင်ငံရေး လုပ်ဆောင်ချက်ကြောင့် အကျဉ်းကျခံနေရသူတွေဟာ တကယ်လို့ အကြမ်းဖက်မှုတွေ ကျူးလွန်သည့်တိုင်အောင် နိုင်ငံရေး အကျဉ်းသားအဖြစ်သာ မိမိတို့ခံယူကြောင်း၊ အဲဒီလို နိုင်ငံရေး အကျဉ်းသားတွေမှာ တရားမျှတတဲ့ တရားစီရင်မှု ရှိရမှာပဲလို့ နိုင်ငံတကာ လွတ်ငြိမ်းချမ်းသာခွင့် အဖွဲ့ကြီး Amnesty International က သတင်းစာရှင်းလင်းပွဲမှာ ပြောခဲ့ပါတယ်။

မနေ့ကဘန်ကောက်မြို့နိုင်ငံခြားသ
တင်းထောက်များအသင်းမှာ အေအိုင်အဖွဲ့ရဲ့ အာရှ ပစ္စဖိတ်ဒေသဆိုင်ရာ ဒုတိယအကြီးအကဲ Donna Guest နဲ့ မြန်မာနိုင်ငံဆိုင်ရာ သုသေသနမှူး Benjamin Zawacki တို့ရဲ့ သတင်းစာရှင်းလင်းပွဲမှာ အဲဒီလို ပြောခဲ့တာပါ။

၂၀၁၀ ခုနှစ်ဧပြီလအတွင်းက ဗုံးဖေါက်ခွဲတယ်ဆိုပြီး စွပ်စွဲခံခဲ့ရတဲ့ ကိုဖြိုးဝေအောင် အမှုဆိုရင် သူ့ထွက်ချက်အားလုံးဟာ ညှင်းပန်းနှိပ်စက်ပြီး ရယူထားတဲ့ ထွက်ချက်တွေသာ ဖြစ်သလို တရားမျှတမှု မရှိတဲ့ အင်းစိန်ထောင်တွင်းတရားစီရင်ရေးက ပြီးခဲ့တဲ့ မေလ၈ရက်နေ့က သေဒဏ် စီရင်ခဲ့တယ်လို့ ပြောထားပါတယ်။

ကိုဖြိုးဝေအောင်ရဲ့ကျမ္မာရေးအခြေအနေဟာအလွန်ဆိုးဝါးနေတာကြောင့်ရယ်သူ့ကိုမတရားတရားစီရင်ထားတာကြောင့်အမြန်ဆုံး ပြန်လွှတ်ပေးသင့်တယ်လို့လည်း အေအိုင်အဖွဲ့က ပြောပါတယ်။

၂၀၁၁ ခုနှစ် မေလကနေ ၂၀၁၂ ခုနှစ် ဇန်န၀ါရီလအတွင်း အစိုးရက လွတ်ငြိမ်းချမ်းသာခွင့် နဲ့ လွှတ်ပေးခဲ့တဲ့ နိုင်ငံရေး အကျဉ်းသား ၆၅၀ ရှိကြောင်း၊ အကျဉ်းထောင်အသီးသီးမှာ ကျန်ရှိနေသေးတဲ့ နိုင်ငံရေး အကျဉ်းသား အရေအတွက်ဟာ ရာဂဏန်းနဲ့ချီရှိမယ်လို့ ယုံကြည်ကြောင်းလည်း အေအိုင်အဖွဲ့က ပြောပါတယ်။

ကျန်နေသေးတဲ့ အကျဉ်းသားအရေအတွက်ဟာ အစိုးရက ထုတ်ပြန်ထားတဲ့ ကိန်းဂဏန်းမရှိတာကြောင့် အတိအကျ ပြောဖို့ ခက်ခဲတယ်လို့လည်း ဆိုပါတယ်။

လက်ရှိအခြေအနေမှာ ဖမ်းဆီးတာ၊ ပြန်လွှတ်တာ နဲ့ ပြန်ဖမ်းတဲ့ အခြေအနေမျိုးတွေ ပြီးဆုံးသွားပြီလို့ အေအိုင် အနေနဲ့ မျှော်လင့်ကြောင်းလည်း ပြောပါတယ်။
နိုင်ငံတကာ လွတ်ငြိမ်းချမ်းသာခွင့်အဖွဲ့ အေအိုင်က ကိုယ်စားလှယ်တွေဟာ ၂ပတ်ကြာ မြန်မာနိုင်ငံကို ရောက်ရှိခဲ့ပြီး အစိုးရကိုယ်စားလှယ်တွေ၊ မြန်မာနိုင်ငံ အမျိုးသားလူ့အခွင့်အရေးအဖွဲ့က ကိုယ်စားလှယ်တွေ နိုင်ငံရေး အကျဉ်းသားဟောင်းတွေ လက်ရှိ အကျဉ်းထောင်တွေထဲမှာ ရှိနေတဲ့ နိုင်ငံရေး အကျဉ်းသားတွေရဲ့ မိသားစုဝင်တွေ အပါအ၀င် နိုင်ငံရေးပါတီက ခေါင်းဆောင်တွေ နဲ့ ၄၉ ကြိမ်တွေ့ဆုံဆွေးနွေးခဲ့ပြီး နိုင်ငံရေးအကျဉ်းသားတွေရဲ့ နောက်ဆုံး အခြေအနေနဲ့ ပတ်သက်ပြီး အစီရင်ခံစာထုတ်ပြန်ခဲ့သလို၊ မနေ့က ဘန်ကောက်မြို့မှာ သတင်းစာရှင်းလင်းပွဲ ကျင်းပခဲ့တာပါ။