Pages

Wednesday, May 2, 2012

ဒေါ်အောင်ဆန်းစုကြည် လွှတ်တော်အတွင်းသို့ ၀င်ရောက်ရန် ဆုံးဖြတ်ခဲ့သည့်အပေါ် ကုလအထွေထွေ အတွင်းရေးမှူးချုပ် ချီးကျူး




Tuesday, 01 May 2012 13:46
ကျမ်းသစ္စာ စာသားပြုပြင်ပေးခြင်း မရှိသော်လည်း လွှတ်တော်တွင်းသို့ ၀င်ရောက်ရန် ဒေါ်အောင်ဆန်းစုကြည် ဆုံးဖြတ်ခဲ့မှုကို ကုလသမဂ္ဂ အထွေထွေ အတွင်းရေးမှူးချုပ် ဘန်ကီမွန်းက လေးစားချီးကျူးမိကြောင်း ၄င်းက ဒေါ်အောင်ဆန်းစုကြည်၏ နေအိမ်တွင် သတင်းထောက်များနှင့် တွေ့ဆုံစဉ် ပြောကြားသွားခဲ့သည်။
“ ကျွန်တော် ဒေါ်အောင်ဆန်းစုကြည်၊ သမ္မတကြီးဦးသိန်းစိန်နဲ့ အခြားနိုင်ငံ့ခေါင်းဆောင်တွေ နဲ့တွေ့ဆုံရာမှာ ပျော့ပြောင်းမှုရှိခြင်းနဲ့ ပူးပေါင်းဆောင်ရွက်မှုရှိခြင်းတွေဟာ ဘယ်လောက်အရေးကြီးတယ် ဆိုတာ အမြဲအလေးအနက်ထား ပြောကြားခဲ့ပါတယ်”  ဟု မစ္စတာ ဘန်ကီမွန်းက ပြောကြားခဲ့သည်။
မစ္စတာ ဘန်ကီမွန်းသည် ကုလသမဂ္ဂ အတွင်းရေးမှူးချုပ် အဖြစ် မြန်မာနိုင်ငံသို့ တတိယအကြိမ်မြောက် လာရောက်ခဲ့ခြင်းဖြစ်ပြီး ယခုအကြိမ်သည် မြန်မာနိုင်ငံ၏ နိုင်ငံရေး ပြုပြင်ပြောင်းလဲမှုများ ကို လေ့လာရန် လာရောက်ခြင်း ဖြစ်သည်ဟု သိရသည်။
၎င်းက မြန်မာနိုင်ငံအနေနှင့် ကုလသမဂ္ဂနှင့် နိုင်ငံတကာ၏ ထောက်ပံ့မှုနှင့် ထိုက်တန်နေပြီ ဖြစ်ကြောင်းလည်း ပြောကြားခဲ့သည်။
မစ္စတာ ဘန်ကီမွန်းက “ မြန်မာနိုင်ငံ၏ နိုင်ငံရေးတိုးတက် ပြောင်းလဲမှုတွေက ခက်ခဲကောင်းခက်ခဲမယ်၊ စိန်ခေါ်မှုတွေ များကောင်းများမှာ ဖြစ်တယ်။ ဒါပေမယ့် နောက် ပြန်လှည့်လို့တော့ မရဘူး။ ဒီတိုးတက်ပြောင်းလဲမှုတွေ ရှေ့ဆက်သွားနေအောင် သူတို့တွေရဲ့ ကြိုးပမ်းမှုတွေကို ထောက်ပံ့ပေးရမှာဖြစ်တယ်” ဟု ဒေါ်အောင်ဆန်းစုကြည်၏ နေအိမ်တွင် ပြောကြားခဲ့သော မိန့်ခွန်းတွင် ထည့်သွင်း ပြောကြားသွားခဲ့သည်။
ဒေါ်အောင်ဆန်းစုကြည် လွှတ်တော်အတွင်းသို့ ၀င်ရောက်မှုကိစ္စ နှင့် ပတ်သတ်၍ နိုင်ငံခြား သတင်းထောက်တစ်ဦး၏ မေးမြန်းချက်ကို “ကျွန်မက နိုင်ငံရေးလုပ်ငန်းစဉ်မှာ အမြဲပဲ ပြောင်းလွယ်ပြင်လွယ် (Flexible) ရှိခဲ့ပါတယ်။ အခုမှမဟုတ်ပါဘူး။ ဒါဟာ ကျွန်မတို့လိုချင်တာကို အကြမ်းဖက်မှုမရှိပဲ အောင်မြင်အောင် လုပ်နိုင်တဲ့ တစ်ခုတည်းသော နည်းလမ်းဖြစ်ပါတယ်။ အခုလွှတ်တော်ထဲဝင်မှ ပြောင်းလွယ်ပြင်လွယ်တယ်လို့ မဟုတ်ပါဘူး။ ဒါဟာပြီး ခဲ့တဲ့ ၂၃ နှစ်လုံးကျွန်မတို့ ကိုင်စွဲခဲ့တဲ့အရာဖြစ်ပါတယ်”  ဟု ဖြေကြားသွားခဲ့သည်။